ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၄၄)

ထိုအချိန်က   ယင်းရဲဘော်များသည် စိတ်တူကိုယ်တူ တိုင်းပြည်ချစ်စိတ်လည်း တူကြသည်။ တစ်ဦးနှင့်တစ်ဦးလည်း ညီအစ်ကိုရင်းချာထက်မက ချစ်ခဲ့ကြသည်။

သို့သော် နှစ်ပေါင်း ၅၀ နီးပါးခန့်ကြာလာသောအခါ ယင်းရဲဘော်များ တစ်နေရာတည်းတွင် မစုစည်းနိုင်ကြတော့ပါ။ အတွေးအခေါ် အယူအဆများလည်း မတူနိုင်ကြတော့သဖြင့် နိုင်ငံတော်အတွက် တည့်တည့်လျှောက်ကြသူများရှိသလို ဘေးထွက်သွားသူများလည်း ရှိကြသည်။ ဘဝ၏ ကုသိုလ်ကံ အကျိုးပေးများလည်း မတူညီကြသဖြင့် မြင့်သူကမြင့်၍ နိမ့်သူကနိမ့်ကြသည်။ သင်္ခါရတရားကို မလွန်ဆန်နိုင်ကြောင်း သံဝေဂရမိပါသည်။

အရိပ်ကိုမြင်၍ အတိတ်ကိုသတိရခြင်း

၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ခင်း မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်တွင် ဆိုဗီယက်ရုပ်ရှင်ကား BALLAD OF A SOLDIER ဖြစ်သဖြင့် အထင်သေးမိသောကြောင့် မကြည့်တော့ဟု စိတ်ကူးမိသော်လည်း စစ်ကားဖြစ်သဖြင့် ကြည့်လိုက်မိပါသည်။

စစ်မြေပြင်မှ ခွင့်လေးရက်ရ၍ အမေ့အိမ်သို့ပြန်လာသော   စစ်သားကလေး တစ်ယောက်အကြောင်း ဖြစ်ပါသည်။ ဇာတ်သိမ်းခန်းအထိ ကိုယ်တိုင်ခံစားရသလို မျောပါသွားပါသည်။ ဇာတ်သိမ်းခန်းတွင် နှလုံးသားအားနည်းသူဖြစ်သဖြင့် မျက်ရည်များ အလိုလိုယိုစီးကျလာသည်။ ရင်တွင်းကျပ်တည်းလာကာ ငိုရှိုက်မိသည်အထိ ခံစားမိပါသည်။

ဇာတ်လမ်းမှာ ပထမကမ္ဘာစစ်အတွင်းက ရုရှားစစ်သားကလေး တစ်ယောက် ရန်သူတင့်ကားကြီးနှစ်စီးကို    သက်စွန့်ကြိုးပမ်း ပစ်ခတ်ဖြိုခွင်းပစ်နိုင်သည့် အတွက် သူရဲကောင်းအဖြစ် အသိအမှတ်ပြုကာ အမေ့အိမ်သို့ပြန်ရန် ခွင့်လေးရက်ပေးလိုက်သည်။ စစ်သားကလေးသည် အမေ့အိမ်သို့ရောက်ရန် အခက်အခဲပေါင်းများစွာကို ကျော်လွှားခဲ့ရရှာသည်။

လိုရာခရီးသို့ရောက်ရန်အတွက် မီးရထားတစ်တန်၊ မော်တော်ကားတစ်တန်၊ ခြေကျင်တစ်မျိုး သွားခဲ့ရသည်။ မီးရထားစီးရသော ခရီးမှာ မလွယ်ကူလှ။ စစ်ပစ္စည်းများ ပို့သော ရထားကို အစောင့်တပ်သားအား ရှေ့တန်းတွင် မစားရက်မသောက်ရက် အငတ်ခံပြီး အမေ့အတွက်ယူလာသော ရိက္ခာဘူးများ လာဘ်ထိုးကာ ခိုးစီးရသည်။ ကျပ်သိပ်နေသော လူစီးစစ်ရထားကို  တိုးဝှေ့ဝင်ရောက်စီးရသည်။ ရေငတ်၍ ရေဆင်းအခပ် ရထားထွက်သွား၍

ကျန်ရစ်ခဲ့သည်လည်း ရှိသည်။ လမ်းတွင်တွေ့သော ကားများကိုတား၍ စီးရသည်။

အချို့ကားများ ရပ်မပေး၊ တပ်မတော်သား ဘဝကို နားလည်သူတစ်ဦးက သူ့ကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခဲ့သည့် အပြင် အပြန်ခရီးကိုပင် စောင့်၍ခေါ်ဆောင် ပေးခဲ့သဖြင့် အချိန်မီ ရှေ့တန်းစခန်းသို့ပြန်နိုင်ခဲ့သည်။

စစ်သားကလေးသည် ရဲဘော်စိတ်ရှိသူ ဖြစ်သည်။ရှေ့တန်းစစ်မြေပြင်တွင် မိမိနှင့်အတူ တိုက်ပွဲဝင်နေကြသော ရဲဘော်များက မိမိတို့ဇနီး၊ မိဘများသို့ လူကြုံပါးလိုက်သည့် အဖိုးတန်ရှားပါးလှသော ဆပ်ပြာခဲကလေးများကို အိမ်တိုင်ရာရောက် ဝင်ရောက်ပေးခဲ့ရာတွင် ကြေကွဲရင်နင့်ဖွယ်ရာ အဖြစ်အပျက်များ တွေ့မြင်ခဲ့ရသည်။ နောက်ပိုင်းတွင် ကျန်ရစ်ခဲ့ကြသော မိသားစုများ ငတ်ငတ်ပြတ်ပြတ် ဆင်းဆင်းရဲရဲနေကြရပုံ၊ ခန္ဓာကိုယ်နှင့် ရင်းနှီး၍ ပိုက်ဆံရှာနေကြရသော ရှေ့တန်းရဲဘော်များ၏ ဇနီးများ စသည့် အနိဋ္ဌာရုံမြင်ကွင်းများမှာ ကမ္ဘာပေါ်ရှိ စစ်တပ်များတွင် ယနေ့အထိ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်သော်လည်း တပ်မတော်နှင့် သက်ဆိုင်သူများ အနေဖြင့် ရုပ်ရှင်တွင်ကြည့်မြင်သောအခါပိုမို၍ စိတ်ထိခိုက်ခံစားရပါသည်။

စစ်သားကလေးသည် တောရွာရှိ မိမိနေအိမ်သို့ ရောက်ရှိသွားပါသည်။ အမေကိုချက်ချင်းမတွေ့ပါ။ အမေသည် လယ်ယာအလုပ်သမားဖြစ်၍ လယ်ထဲတွင်အလုပ်လုပ်နေစဉ် သားကလေးရောက်ကြောင်း ကြားသိရသဖြင့် အိမ်သို့အပြေးအလွှား ပြန်လာခဲ့သည်။ အမေပြေးနေသည်ကို ကြည့်ရသည်မှာ ကျွန်တော့်အမေ ကျွန်တော့်ထံပြေးလာနေသည်ဟု ကျွန်တော်မြင်သည်။ ကျွန်တော်မောလာသည်။ စစ်သားတစ်ယောက်၏ အမေကိုမြင်ရလျှင် ကျွန်တော့်အမေလိုပဲ ချစ်သည်။ ကြည်နူးသည်။

ကျွန်တော့်မျက်လုံးမှ မျက်ရည်များ ကျလာသည်။ သားအမိ နှစ်ယောက်တွေ့ကြပါပြီ။

ပြေးဖက်ကြသည်။ ကျွန်တော်ရှိုက်မိသည်။

သားအမိနှစ်ယောက် အိမ်ထဲသို့ဝင်ရန် အချိန်မရ။ လမ်းမပေါ်မှာပဲ စကားပြောကြရသည်။ စစ်သားလေးက အမေနှင့်တွေ့ရုံသာတွေ့ပြီး စစ်မြေပြင်သို့ ခွင့်ရက်မကုန်မီ အချိန်မီရောက်အောင် ပြန်သွားရမည်။

သူ့ကိုလိုက်ပို့သော ကုန်ကားကြီးနှင့် ပြန်လိုက်သွားမှ အချိန်မီမည်။ သားအမိနှစ်ယောက ကြာကြာအလွမ်း မသယ်နိုင်ကြပါ။ ခွဲခွာသွားတော့မည့် သားကလေးကို တင်းကျပ်စွာဖက်ပြီး နှုတ်ဆက်လိုက်သော အမေ၏ အမူအရာမှာ အဓိပ္ပာယ်ပါလွန်းသည်။ ထိုမြင်ကွင်းကလေးက ကျွန်တော့်အသည်းကို ခိုက်စေပါသည်။ ကျွန်တော်ရင်တွင်း ကျပ်တည်းလာကာ မျက်ရည်များ ယိုစီးကျလာပြီး ငိုရှိုက်မိသည်အထိ ခံစားရပါသည်။ လူတစ်ဦးနှင့်တစ်ဦး ခံစားရမှုချင်း တူချင်မှတူပေလိမ့်မည်။ ကျွန်တော်သည် ကျွန်တော့်ဘဝ တစ်ခုလုံးကို တပ်မတော်အတွင်းသို့ မြှုပ်နှံခဲ့သည့်အတွက် တပ်မတော်နှင့် ပတ်သက်သော ဝတ္ထု၊ ဆောင်းပါး၊ ရုပ်ရှင်စသည်တို့တွင် မိမိတို့တွေ့ကြုံခဲ့ရသော အဖြစ်အပျက်များနှင့် ထပ်တူထပ်မျှသော အဖြစ်အပျက်များကို တွေ့ရှိလာသည့်အခါ ဝမ်းသာကြည်နူးမိသည်လည်း ရှိသည်။

ဆက်လက်ဖော်ပြပါမည်။