အိန္ဒိယက တတိယမြောက် လစူးစမ်း လေ့လာရေးယာဉ်ကို ၂၀၂၃ ခုနှစ်တွင် စေလွှတ်နိုင်

အိန္ဒိယက တတိယမြောက် လစူးစမ်း လေ့လာရေးယာဉ်ကို ၂၀၂၃ ခုနှစ်တွင် စေလွှတ်နိုင်

အိန္ဒိယနိုင်ငံ၏ အာကာသ သုတေသန အဖွဲ့အစည်း(ISRO)က တတိယမြောက် လစူးစမ်းလေ့လာရေး ယာဉ်ဖြစ်သည့် Chandrayaan-3 ကို ၂၀၂၃ ခုနှစ် ဇွန်လတွင် စေလွှတ်နိုင်ကြောင်း သိရသည်။

“Chandrayaan-3 ကတော့ အသင့်ဖြစ်လုနီးပါးဖြစ်နေပါပြီ။ အစိတ်အပိုင်းတွေ နောက်ဆုံးပေါင်းစပ်မှုနဲ့   စမ်းသပ်မှုကလည်း ပြီးသလောက်ရှိနေပါပြီ။ဒါပေမဲ့ တချို့စမ်းသပ်မှုတွေကိုတော့ လုပ်ဖို့စီစဉ်ထားဆဲ ရှိပါသေးတယ်။  ဒါတွေကိုလည်း သိပ်မကြာခင်မှာ လုပ်သွားမှာပါ။ ဒါကြောင့် လာမယ့်နှစ် ဖေဖော်ဝါရီ ဒါမှမဟုတ် ဇွန်လ မှာ  လွှတ်တင်နိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ လွှတ်တင်ဖို့အတွက် ဇွန်လကို ရွေးချယ်လိုပါတယ်”ဟု ISRO ဥက္ကဋ္ဌ ဒေါက်တာဆိုမာနက်ကပြောသည်။

၂၀၁၉ ခုနှစ်  ဇူလိုင်လတွင်  Chandrayaan-2  ကိုလွှတ်တင်ပြီးနောက် Chandrayaan-3  ကို  လွှတ်တင်ရန် လုပ်ဆောင် လာခြင်းဖြစ်သည်။

Chandrayaan-2 သည် လ၏တောင်ဝင်ရိုးစွန်းတွင် ဆင်းသက်ကာ လေ့လာမှုများ လုပ်သွားရန် ရည်မှန်းခဲ့ခြင်းဖြစ်သော်လည်း ၂၀၁၉ ခုနှစ်  စက်တင်ဘာ  ၇  ရက်တွင် လပေါ်ဆင်းယာဉ် Vikram  မှာ ပျက်ကျခြင်းဖြင့်သာ အဆုံးသတ် သွားခဲ့ရသည်။

သို့သော် လပေါ်သွားယာဉ် Pragyaan ကိုမူ  ဘေးမသီရန်မခဘဲ  လိုရာခရီးကို ပို့ဆောင်ပေးလိုက်နိုင်သည့်အတွက်   ထိုအခေါက် ရည်မှန်းချက်က အောင်မြင်သည်ဟု ဆိုနိုင်သည်။

အိန္ဒိယက အောက်တိုဘာ ၂၃ ရက်တွင် ဆက်သွယ်ရေးဂြိုဟ်တု     ၃၆    လုံးကို အကြီးစားဒုံးပျံအသုံးပြုကာ အောင်မြင်စွာ လွှတ်တင်နိုင်သည့် အခမ်းအနား၌ ဒေါက်တာ ဆိုမာနက်က ၎င်းတို့၏ အနာဂတ်အစီအစဉ်ကို ထုတ်ဖော်ပြောခြင်းဖြစ်ကြောင်း သိရသည်။