ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ပြန်လည် ရွေးကောက်ခံရ

ရှီကျင့်ဖျင်က တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ပြန်လည် ရွေးကောက်ခံရ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အောက်တိုဘာ ၂၃ ရက်တွင်  တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း Xinhua သတင်းဌာနကဖော်ပြထားသည်။

ပါတီ၏ အထွေထွေအတွင်းရေးမှူး ရာထူးအတွက် မဲပေးရွေးချယ်မှုကို တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ်(၂၀)မြောက် ဗဟိုကော်မတီ ပထမဆုံး  မျက်နှာစုံညီ အစည်းအဝေး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရှီကျင့်ဖျင်သည် ပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ပြန်လည်ရွေးကောက် ခံရသောကြောင့် နိုင်ငံတော် အကြီးအကဲ ရာထူးနှင့် တရုတ်ဗဟိုစစ်ကော်မရှင် ရာထူးတို့ကို  ဆက်လက်ထိန်းသိမ်း သွားနိုင်မည်ဖြစ်သည်။

ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီသည် အဖွဲ့ဝင် ၂၄ ဦးကို ရွေးချယ်ကာ ပေါ်လစ်ဗျူရိုအသစ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါပေါ်လစ်ဗျူရို၏  အမြဲတမ်းကော်မတီတွင် ရှီကျင့်ဖျင်၊ လီကျန်း၊ ကျောင်းလယ်ဂျီ၊ ဝမ်ဟူနင်း၊  လီရှီ၊  ကိုင်ကျီနှင့် တိန့်ရွှေရှန်းတို့က    အဖွဲ့ဝင်များဖြစ်လာသည်။

တရုတ်ကွန်မြူနစ်ပါတီ၏ အကြိမ်(၂၀) ပြည့် အမျိုးသား ကွန်ဂရက်ကို အောက်တိုဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပကာ ကိုယ်စားလှယ်၂၃၀၀ နီးပါး တက်ရောက်သည်။

ထိုကိုယ်စားလှယ်များ အနေဖြင့် ပြီးခဲ့သည့်ငါးနှစ်အတွင်း ရရှိခဲ့သည့်ရလဒ်များကို ဆွေးနွေးကာ နောက်ထပ်လာမည့် ငါးနှစ်အတွက် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် ဦးတည်ချက်များကို အတည်ပြုချမှတ်ခဲ့ကြောင်း သိရသည်။