MSME လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ်စက်ရုံများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး အလေးပေးဆောင်ရွက်

MSME လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ်စက်ရုံများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် စဉ်ဆက်မပြတ် ဓာတ်အားပေးနိုင်ရေး အလေးပေးဆောင်ရွက်

နေပြည်တော်  အောက်တိုဘာ ၂၄

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန် အခရာကျသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေး (Micro ၊ Small and Medium Enterprise-MSME) လုပ်ငန်းများဆိုင်ရာ ဒေသကုန်ထုတ်စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ်နိုင်ရန်နှင့် ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်တို့အတွက် တည်ငြိမ်ပြည့်ဝသော လျှပ်စစ်ဓာတ်အားများအား စဉ်ဆက်မပြတ်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်သည့် နိုင်ငံ့လျှပ်စစ် ဝန်ထမ်းကောင်းများ ဖြစ်စေရေး တာဝန်များကို ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်ကြရန် လိုအပ်ကြောင်း   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားခွဲရုံများအား ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက   အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးစွာ နံနက်ပိုင်း၌  တပ်ကုန်းမြို့ ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ   လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သာစည်ပင်မဓာတ်အားခွဲရုံနှင့် ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့မှ ဓာတ်အားကို ၂၃၀ ကေဗွီဓာတ်အားလိုင်းများဖြင့် လက်ခံပြီး နေပြည်တော် (၂) ဓာတ်အားခွဲရုံနှင့် ပျဉ်းမနားဓာတ်အားခွဲရုံတို့မှတစ်ဆင့် နေပြည်တော်နှင့် တောင်ပိုင်းရှိ ဓာတ်အားခွဲရုံများသို့ ပို့လွှတ်မှုအခြေအနေများ၊ ၃၃ ကေဗွီနှင့် ၁၁ ကေဗွီ ဖီဒါများမှတစ်ဆင့်  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များသို့ ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား   ရှင်းလင်းတင်ပြပြီး   ဒုတိယညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းသည်။

တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက  ဓာတ်အားစနစ်အတွင်း ပို့လွှတ်ဖြန့်ဖြူးခြင်းအတွက် အရေးပါသော ၂၃၀ ကေဗွီပင်မဓာတ်အားခွဲရုံဖြစ်သဖြင့်  ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းပြုပြင်မှုလုပ်ငန်းများကို   အလေးထားဆောင်ရွက်ရန်၊ တည်ဆောက်ဆဲ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများပြီးစီးပါက ဓာတ်အား လက်ခံပို့လွှတ်နိုင်ရေးအတွက် Power Flow Analysis  များ ဆောင်ရွက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး အလေးပေးဆောင်ရွက်ရန်၊  လုံခြုံရေးအသိ၊  သတိရှိကြရန်မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ချီးမြှင့်ငွေများပေးအပ်သည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်အတွင်းရှိ  လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း  ၃၃ ကေဗွီ ရေဆင်း GIS (Gas Insulated Substation) လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးခွဲရုံတွင် ကြည့်ရှု စစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် (ဓာတ်/ဖြန့်) ဦးမျိုးဝင်းက  ၎င်းင်းခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေမှု အခြေအနေအားတင်ပြရာ ဒုတိယဝန်ကြီးက  လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ၃၃ ကေဗွီ ပုဗ္ဗသီရိလျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးခွဲရုံသို့ စစ်ဆေးရာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ   ဒုတိယအင်ဂျင်နီယာချုပ် ဦးဇော်မင်းထွန်းက လျှပ်စစ်ဓာတ်အားပြည့်ဝစွာ စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု  အခြေအနေများကိုတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျက ဓာတ်အားပြတ်တောက်မှုနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးအလေးထားဆောင်ရွက်ရန်၊ ခွဲရုံရှိ Transformer  များ၊ Switchgear နှင့် အခြားခွဲရုံသုံးပစ္စည်းများအား စဉ်ဆက်မပြတ်ထိန်းသိမ်းစစ်ဆေးရန်၊ ရေရှည် တည်တံ့ ခိုင်မြဲသည့် ခွဲရုံဖြစ်ရေး အလေးပေးဆောင်ရွက်ရန်၊   အရန်ပစ္စည်းကိရိယာများအား အမြဲအသင့်ရှိနေစေရန်၊ ကိုဗစ်-၁၉ ရောဂါ စည်းကမ်းများအား     လိုက်နာလျက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေး အသိ၊ သတိဖြင့် အစဉ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။