ချောက်/လမ်းရွာ ရေနံမြေရှိ တွင်းအမှတ် CDT-15 မှ  တစ်ရက်လျှင် ရေနံစိမ်း ၁၁ စည်ခန့်  သဘာဝဓာတ်ငွေ့ သုည ဒသမ ၅ သန်းခန့် ထုတ်လုပ်လျက်ရှိ

ချောက်/လမ်းရွာ ရေနံမြေရှိ တွင်းအမှတ် CDT-15 မှ  တစ်ရက်လျှင် ရေနံစိမ်း ၁၁ စည်ခန့်  သဘာဝဓာတ်ငွေ့ သုည ဒသမ ၅ သန်းခန့် ထုတ်လုပ်လျက်ရှိ

ချောက်  အောက်တိုဘာ ၂၄

    စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည်  ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ  ဌာန/လုပ်ငန်းများမှ တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး  ချောက်/လမ်းရွာ ရေနံမြေရှိ တွင်းအမှတ် CDT-15 အောင်မြင်စွာ တူးဖော်ထုတ်လုပ်နေမှု  အခြေအနေကို သွားရောက်စစ်ဆေးသည်။

ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးသည် ချောက်ရေနံမြေ လုပ်သားရိပ်သာ၌ စိုက်ပျိုးထားသော တစ်သျှူး ငှက်ပျောပျိုးခင်းအား ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စွမ်းအင်ဝန်ကြီးဌာန  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းလ က်အောက်ရှိ ချောက်/လမ်းရွာရေနံမြေ ဖိုကုန်းဒေသတွင် ZJ 70 L SR 1 တွင်းတူးစက်ဖြင့် အောင်မြင်စွာ တူးဖော်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်လုပ်လျက် ရှိသော တွင်းအမှတ် CDT-15 အား သွားရောက်စစ်ဆေးခဲ့ရာ    ရေနံမြေယာယီ ရှင်းလင်းဆောင်၌    ချောက်/လမ်းရွာ ရေနံမြေအထွေထွေ မန်နေဂျာနှင့်တာဝန်ရှိသူများက ချောက်/လမ်းရွာ ရေနံမြေတွင်  ရေနံနှင့်  သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်နေမှု အခြေအနေများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ တွင်းအမှတ် CDT-15 တူးဖော်ရာ၌ ကြုံတွေ့ခဲ့ရသည့် မြေအောက်အခက်အခဲများကို ကျော်လွှားဆောင်ရွက်ခဲ့ပြီး အောင်မြင်အောင် တူးဖော်နိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။   

ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူးက   ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တွင်းအမှတ် CDT-15 ကို အောင်မြင်စွာ တူးဖော်ထုတ်လုပ်နိုင်ခဲ့သည့်အတွက်  သက်ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများအား    ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ ချောက်ရေနံမြေတွင် ဆက်လက် တူးဖော်သွားမည့်  ထုတ်လုပ်ရေးတွင်းများအတွက် အလားအလာများအား ဆွေးနွေးခဲ့သည်။

ထို့နောက် နောင်တူးဖော်မည့် တွင်းများကိုလည်း ယခုလို မြေအောက် အခက်အခဲများကို အောင်မြင်အောင်ကြိုးစား ဆောင်ရွက်သွားကြစေလိုကြောင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့များ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ခြင်းသည် နိုင်ငံတော်အတွက်  အကျိုးကျေးဇူးများစွာ ရရှိကြောင်း၊  ထုတ်လုပ်ရရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ များကိုလည်း အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျစီမံ ဆောင်ရွက်ကြရန် လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး တွင်းအမှတ် CDT-15 မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များအား မီးရှို့စမ်းသပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တွင်းအမှတ် CDT-15 ကို အောင်မြင်အောင် တူးဖော်ရာ၌ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသော ကာယ၊ ဉာဏလုပ်သားကြီးများအား အမှတ်တရ သစ်သီးခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။

အဆိုပါ   တွင်းအမှတ် CDT-15 ကို  ၃၀-၆-၂၀၂၂ ရက်က စတင်တူးဖော်ခဲ့ရာ ရည်မှန်းအနက်ပေ ၇၉၂၀ သို့ ၁၉-၉-၂၀၂၂ ရက်တွင် ရောက်ရှိခဲ့ပြီး တစ်ရက်လျှင် ရေနံစိမ်း  ၁၁ စည်ခန့် သဘာဝဓာတ်ငွေ့ သုည ဒသမ၅ သန်းခန့် ထုတ်လုပ်လျက်ရှိရာ ထုတ်လုပ်ရရှိသော  သဘာဝဓာတ်ငွေ့များကို ချောက်-ဆားခါး-ပုလိပ်-ကျောက်ဆည်ပိုက်လိုင်း အတွင်းသို့   အားဖြည့်ပို့လွှတ် သွားမည်ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာန    မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည်    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာရေနံမြေတွင်   တွင်းအမှတ် CDT-13၊  CDT-14၊ CDT-15 တို့အား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ တူးဖော်နိုင်ခဲ့သလို အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍လည်း တွင်းပေါင်း ၁၄ တွင်းတူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၁၁ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈၇၁၂ သန်းခန့်  တိုးတက် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။