မိုးဖရဲသီးလက်ကျန်များကို တရုတ်နိုင်ငံသို့ အနည်းငယ်တင်ပို့ပြီး ပြည်တွင်း၌ အဓိကထားရောင်းချနေ
ယခုလအတွင်း မိုးဖရဲသီးလက်ကျန်များကို တရုတ်နိုင်ငံသို့ အနည်းငယ်တင်ပို့ပြီး ပြည်တွင်း၌ အဓိကထားရောင်းချနေကြောင်း မန္တလေးတိုင်းဒေသကြီး သာစည် မြို့နယ်မှ ဖရဲသီးစိုက်ပျိုးရောင်းချသူများ၏ ပြောပြချက်အရ သိရသည်။
တရုတ်နိုင်ငံ၌ ဖရဲသီးထွက်ရှိသည့် ရာသီမှာ ယခုလကုန်မှသာ ကုန်ဆုံးမည် ဖြစ်ရာ လက်ရှိတွင် ပြည်တွင်းမှ မိုးဖရဲသီး များတင်ပို့ရာတွင် ဈေးနှုန်းရရှိမှုနည်းပါး သည့်အတွက် အနည်းငယ်သာတင်ပို့နေ ပြီး ပြည်တွင်း၌ လက်လီတစ်လုံးလျှင် ငွေ ကျပ် ၂၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းရရှိ နေသည်။
အခု မိုးဖရဲသီးလက်ကျန်တွေကို ပြည်တွင်းဈေးကွက်ကိုပဲ တင်ပို့နေတာများ ပါတယ်။ တရုတ်နိုင်ငံကိုတော့ ဒီလကုန် ထွက်ရှိတဲ့အသီးတွေကို အဓိကတင်ပို့မှာပါ။ ကျွန်တော်တို့က တိုက်ရိုက်တင်ပို့တာတော့ မဟုတ်ဘူး။ နှစ်တိုင်း ပွဲစားတွေကတစ်ဆင့် တင်ပို့ပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက် အခြေအနေက ကောင်းပါတယ်။ ဒါပြီးရင် ဆောင်းဖရဲလည်း ဆက်စိုက်မှာပါ ဟု သာစည်မြို့နယ်မှ ဖရဲစိုက်ပျိုးသူ ဦးလွင်ကို ကပြောသည်။
မြန်မာနိုင်ငံ၌ ဖရဲကို မိုးဖရဲနှင့်ဆောင်း ဖရဲဟူ၍ စိုက်ပျိုးလေ့ရှိပြီး အဓိကအားဖြင့် မိုးဖရဲကို ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း စိုက်ပျိုးလေ့ရှိကာ စတင်ထွက်ရှိသည့်အသီး များကို ပြည်တွင်းဈေးကွက်သို့ အားထား ရောင်းချလေ့ရှိသည်။
ဆောင်းဖရဲကို အောက်တိုဘာလအတွင်း စတင်စိုက်ပျိုးကာ တရုတ်နိုင်ငံသို့ ဒီဇင်ဘာ လမှ မေလအထိ တင်ပို့လေ့ရှိကာ ဖရဲ စတင်စိုက်ပျိုးပြီး ရက်ပေါင်း ၄၀ ခန့်တွင် အသီးစတင်ယူနိုင်ပြီး ယခုနှစ် မိုးဖရဲစိုက်ပျိုး ရာသီတွင် မိုးကောင်းစွာရရှိသောကြောင့် တစ်ဧကလျှင် ခေါင်သီးအလုံးရေ ၂၅၀၀ အပါအဝင် အလုံးရေ ၄၀၀၀ မှ ၄၅၀၀ အထိ အသီးရရှိသည်။
ပြည်တွင်းမှထွက်ရှိသည့် ဖရဲသီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် နှစ်စဉ် အောက်တိုဘာလမှ မေလအထိ တင်ပို့ လေ့ရှိကာ တရုတ်နိုင်ငံ၌ ဇွန်လမှ အောက်တိုဘာလအထိ ဖရဲသီးထွက်ရှိလေ့ရှိသောကြောင့် ယင်းကာလအတွင်း အနည်းငယ် သာတင်ပို့ကြောင်း၊ မြန်မာ့ဖရဲသီးများကို ပြည်တွင်းစားသုံးမှုအပြင် ဒူဘိုင်း၊ တရုတ်၊ စင်ကာပူ စသည့်နိုင်ငံများသို့လည်း တင်ပို့ လေ့ရှိကြောင်း သိရသည်။
နဒီ