ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၄၅)

၀မ်းနည်းသည်လည်းရှိသည်၊ စိတ်ထိခိုက်စွာခံစားမိသည်လည်းရှိသည်။ ဇာတ်ကားကိုကြည့်ရသောအခါ လွန်ခဲ့သည့် ၄၇ နှစ်ခန့်၊ ၁၉၄၃ ခုနှစ်က အတိတ်ဘဝသို့ ရောက်ရှိသွားခဲ့ပါသည်။ ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ် သင်တန်းတက်စဉ်က ဖြစ်ပါသည်။ ကျွန်တော်တို့အပြင် ထွက်ခွင့်ရသည့်အခါ   မင်္ဂလာဒုံမှရန်ကုန်မြို့တွင်းသို့ ခြေကျင်သွားကြရသည်။ ဂျပန်ခေတ်တွင် အရပ်ကားများမရှိပါ။ စစ်ကားများကို တား၍စီးရသည်။ ကားအသွားအလာနည်းပါးလှသည်။ တားစီးရန်ကားတစ်စီးတလေမှ မတွေ့သည့်အခါများလည်း ရှိသည်။

တစ်စီးတလေတွေ့ရသောကားများက ရပ်မပေး၍ မစီးရသည်လည်းရှိသည်။

ကြုံကြုံကြိုက်ကြိုက်ဗိုလ်ချုပ်အောင်ဆန်းကားကို စီးဖူးကြသည့်ရဲဘော်များ ရှိကြသည်။ ဗိုလ်ချုပ်သည် လမ်းတွင်ရဲဘော်များတွေ့လျှင်  သူ့ကားဖြင့်တင်ဆောင်သွားပြီး သွားလိုရာနေရာသို့ ပို့ပေးလေ့ရှိသည်။ ဗိုလ်ချုပ်သည် သူ့လုံခြုံရေးကို သိပ်ဂရုမစိုက်၊ သူ့ကိုပြည်သူတွေချစ်သည်ကို ယုံကြည်သည်။ ဗိုလ်ချုပ်တွင် အစောင့်ကားမပါ၍ ရဲဘော်များ ဗိုလ်ချုပ်ကားကိုစီးနိုင်ကြခြင်း ဖြစ်ပါသည်။ ရုပ်ရှင်ထဲတွင် ရုရှားရဲဘော်ကလေး ကားတားစီးသည်ကို မြင်ရ၍ ဂျပန်ခေတ်က ကျွန်တော်တို့ရဲဘော်များ၏ လုပ်ပုံနှင့်တူနေ၍ သတိရခြင်းဖြစ်ပါသည်။ သူ ဗိုလ်ချုပ်ကားကိုမစီးရ၊ ကျွန်တော်တို့က ဗိုလ်ချုပ်ကားကို စီးရတာပဲ ကွာပါသည်။

တပ်ကြပ်သင်တန်းပြီးဆုံး၍ ကျွန်တော်တို့ အမေ့အိမ်သို့ပြန်ကြရာတွင် အခက်အခဲ အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကိုလည်း ပြန်ပြောင်းသတိရမိပါသည်။

၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် မင်္ဂလာဒုံ၊ ခန်းဘုဂေါဟောဆေ့တိုက် (အရာရှိအတတ်သင်ကျောင်း) ကျောင်းဆင်းပွဲပြုလုပ်ရာ အဓိပတိဒေါက်တာဘမော်နှင့်ဗိုလ်ချုပ်အောင်ဆန်းတို့ တက်ရောက်အလေးပြုခံသည်။ မိန့်ခွန်းပြောသည်။ဆုရသူများကို ဓားဆု၊ လက်ပတ်နာရီဆုများပေးသည်။

ကံမကောင်းသူများ တပ်ကြပ်အဆင့်ဖြင့် ကျောင်းဆင်းပြီး တာဝန်ကျရာတပ်ရင်းများသို့ ထွက်ခွာသွားကြရမည်။ ကျွန်တော်ဗိုလ်သင်တန်းသို့ဆက်တက်ရမည်ဖြစ်၍ ခွင့် ၁၀ ရက်ရမည်။   သတ်မှတ်ရက်တွင် ပြန်လည်သတင်းပို့ရမည်။ ဂျပန်ခေတ် လမ်းပန်းဆက်သွယ်ရေး အခြေအနေက မကောင်း၊ မီးရထားများ ညအချိန်တွင်သာ မောင်းပြီး နေ့ခင်းတွင်မမောင်းရဲ၊ မီးရထားများကို လိုက်လံပစ်ခတ်တိုက်ခိုက်နေသည့် ကျွဲညီနောင်(ခေါ်) အင်္ဂလိပ်တိုက်လေယာဉ်များရှိနေသည်။ သို့ဖြစ်၍ နေ့အချိန်တွင် ဘူတာတစ်ခုခု၌ နေခို ရသည်။ လောင်စာထင်းရှားပါး၍ မီးပေါင်ကျပြီး ရထားမထွက်နိုင်သည်ကလည်းရှိသည်။ စစ်ကိုင်းသို့ အသွားအပြန်လမ်းခရီး၌ပင် ခွင့်တစ်ရက်ကုန်သွားဖွယ်ရှိသည်။

အောက်တိုဘာလ ၁၄ ရက်နံနက်ပိုင်းတွင် ကျွန်တော်တို့ကို ကျောင်းမှထွက်ခွင့်မပြုသေး၊ ကျောင်းပတ်ဝန်းကျင်နှင့် အိမ်သာများ သန့်ရှင်းရေးလုပ်ရခြင်း၊ စက်သေနတ်ကြီးများ တိုက်ချွတ်ရခြင်း စသည့်စိတ်ဝင်စားဖွယ်မကောင်းသော အလုပ်များကို လုပ်နေကြရသည်။ နေ့လယ်စာစားပြီးမှ ကျောင်းမှထွက်ခွာခွင့်ရပါသည်။

ခြောက်လကျော်ကာလ တင်းကျပ်သော စည်းကမ်းဘောင်အတွင်း ပင်ပန်းဆင်းရဲစွာ စစ်ပညာသင်ကြားခဲ့ရသော ကျွန်တော်တို့သည် ဇောင်းမှလွှတ်လိုက်သောမြင်းများပမာ ကျောင်းအတွင်းမှ မြူးထူးခုန်ပေါက်ကာ ထွက်ခဲ့ကြသည်။

ကျွန်တော်သည် စစ်ကိုင်းသားများ ဖြစ်ကြသော ကိုသိုးထိန်း(ဒုတိယဗိုလ်မှူးကြီးအငြိမ်းစား)၊ ကိုလှဆွေ(ဗိုလ်မှူးကြီး) တို့နှင့်အတူ အပြေးထွက်ခဲ့သည်။ မီးရထားမီရန်စိတ်ကစောနေ၍ အပြေးချီတက်ကြခြင်း ဖြစ်ပါသည်။ အင်းစိန်မှကမာရွတ်အထိ မြင်းလှည်းစီးခဲ့ကြသည်။ ကမာရွတ်မှ စမ်းချောင်းအထိ မြင်းလှည်းဖြင့်ပင် နောက်တစ်ဆင့်သွားကြရပြန်သည်။ စမ်းချောင်းတွင် တပ်ပို့ဆောင်ရေးဌာနသို့ သတင်းပို့သောအခါ ဂျပန်တပ်ကြပ်တစ်ယောက်က ယနေ့မန္တလေးသို့သွားမည့် မီးရထားမရှိ ဟု ပြောလိုက်သောအခါ အပြေးအလွှားလာခဲ့ကြသော ကျွန်တော်တို့မောသွားရပါတော့သည်။ ဘာပဲဖြစ်ဖြစ် ဘူတာရုံသို့ သွားကြည့်မှ အခြေအနေမှန်ကိုသိရမည်ဖြစ်၍ ကျွန်တော်တို့ စမ်းချောင်းမှမြင်းလှည်းစီးကာ သိမ်ကြီးဈေးသို့သွားကြသည်။

သိမ်ကြီးဈေးမှဘတ်စကားစီးပြီး ကွမ်းခြံဘူတာသို့သွားကြပြန်သည်။ ကျွန်တော်တို့သည် ဆူးလေဘုရားကို မြင်သောအခါ ဘူတာရုံနားရောက်ပြီအထင်နှင့် ဘတ်စကားပေါ်က ဆင်းလိုက်ကြသည်။ ဘူတာရုံဘယ်မှာလဲ ဟုမေးပြီး လက်ညှိုးညွှန်ရာဘက်သို့လျှောက်ခဲ့ကြရာ အတော်ဝေးဝေးလျှောက်မှ ဘူတာရုံကြီးသို့ ရောက်ကြ ပါသည်။

ကျွန်တော်တို့ လက်မှတ်ဝယ်ကြသည်။

လက်မှတ်ရောင်းသူက    မန္တလေးသို့ လက်မှတ်မရောင်းဟုပြောသည်။ ရှည်ရှည်ဝေးဝေးမပြောပါ။ အတန်တန်မေးကြည့်မှ မန္တလေးရထားထွက်သွားပြီ ဟုပြောသည်။

ဘာရထားရှိသေးသလဲ ဟုမေးသောအခါ မော်လမြိုင်ဘက်သို့ ထွက်မည့်ရထားရှိကြောင်း သိရသည်။

ညနေ ငါးနာရီထွက်မည့်မော်လမြိုင်ရထားပေါ်သို့ ကျွန်တော်တို့ တက်ကြသည်။

ရထားပေါ်တွင် ကျွန်တော်တို့ထက်လျင်သောရဲဘော်အချို့ရောက်နှင့်နေကြသည်ကို တွေ့ရသည်။ စစ်ကိုင်းသား များ ဖြစ်ကြသော ကိုခင်မောင်ထွန်း(မြဝတီ)၊ ကိုသောင်းဒန်(အငြိမ်းစားဗိုလ်မှူးချုပ်)၊ ကိုခင်မောင်ညို (ခင်မောင်ညို-မန်း)၊ ကိုဘထွေး(အငြိမ်းစားဒုတိယဗိုလ်မှူးကြီး)၊ ကိုအောင်မြတ်(သူရအောင်မြတ်-ကျဆုံး)၊ ကိုနေထွန်း(အငြိမ်းစားဗိုလ်မှူးကြီး)၊   ကိုစိုးမင်း(ဗိုလ်ကြီး-ကျဆုံး)တို့ကိုလည်း   တွေ့ရသည်။         

ဆက်လက်ဖော်ပြပါမည်။