ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းဆင်း
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်း ဒုတိယအကြိမ် သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၃ ရက် နံနက် ၁၀ နာရီတွင် အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းဦးက သင်တန်းဆင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းထွန်းဦးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးထွန်းဦးကြည်က သင်ထောက်ကူပစ္စည်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြပြီး စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါ သင်တန်းသို့ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ သင်တန်းသူစုစုပေါင်း ၁၂ ဦးတက်ရောက်ပြီး သင်တန်းတွင် အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ဘက်စုံသုံး ဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ လက်သန့်ဆေးရည်၊ ခေါင်းလျှော်ရည်၊ ဖယောင်းတိုင်နှင့် ပရုတ်ဆီ ထုတ်လုပ်ခြင်းနည်းပညာများကို အောက်တိုဘာ ၁၉ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ ငါးရက်ကြာ အခမဲ့စာတွေ့လက်တွေ့ သင်ကြားပို့ချပေးကြောင်း သိရသည်။
နိုင်ထွန်း