ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါး ဆိုသည်မှာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည်။ ထိုစကားရပ်ကိုအနှစ်ချုပ်ကြည့်လိုက်လျှင် စည်းလုံးညီညွတ် ခိုင်မာခြင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ စည်းလုံးညီညွတ်မှ ခိုင်မာမှုရှိပေမည်။ ခိုင်မာမှုရှိနေလျှင် မည်သည့်ဘေးပယောဂကြောင့်မှပျက်စီးလိမ့်မည်မဟုတ်ပါ။ ညီညွတ်ခိုင်မာနေသမျှ ကာလပတ်လုံး လူသားတို့ စိတ်ချမ်းသာမှုကို ဖြစ်စေပါသည်။ အင်အားငယ်သောသူများပင် ဖြစ်လင့်ကစား အင်အားကြီးသော သူများကို အောင်မြင်နိုင်ပေသည်။
ဟိတောပဒေသကျမ်းတွင် မုဆိုးထောင်ထားသည့် ပိုက်ကွင်း၌မိနေကြသော ခိုအပေါင်းတို့သည် စိတြဂီဝါခိုမင်း၏ စကားကိုနာယူကာ တညီတညွတ်တည်း ပျံသန်းကြသဖြင့် ရန်သူ၏လက်တွင်းမှ လွတ်ကင်းခဲ့သည်။
ပျက်စီးမည့်ဘေးမှ ဝေးကွာခဲ့ကြသည်။ ညီညွတ်ခြင်းကြောင့် ချမ်းသာမှုရရှိခဲ့သည်။ သမန်းမြက်သည် တစ်ပင်တည်း ရှိသောအခါ အားမရှိသော်လည်း သမန်းမြက်ပေါင်းများစွာကို စုပေါင်းကာ ကြိုးအဖြစ်သို့ ရောက်အောင်ကျစ်၍ထားပါမူ အားမာန်ကြီးသော ဆင်ပြောင်ကြီးကိုပင် ဖမ်းဆီး ချည်နှောင်နိုင်ပေသည်။ အများသိပြီးဖြစ်သော ထင်းစည်းကို ဥပမာပြုမည် ဆိုပါက ထင်းတစ်ချောင်းတည်းကို ချိုးဖျက်လွယ်သော်လည်း ထင်းချောင်းပေါင်းများစွာကို စုစည်းထားသောအခါ ချိုးဖျက်ရန် မလွယ်ကူတော့သည်မှာ စည်းလုံးခြင်း၏ ပြယုဂ်များဖြစ်ပေသည်။
မြတ်စွာဘုရားရှင်သက်တော်ထင်ရှားရှိစဉ်အခါက ဝေသာလီပြည်ကြီးသည် အလွန်တရာစည်ကားလှသည်။ အကြင်သူသည် တာဝတိံသာနတ်ပြည်သို့ မရောက်ဖူးသည်ဖြစ်အံ့၊ တာဝတိံသာနတ်တို့ကို မမြင်ဖူးငြားအံ့၊ ထိုသူသည် ဝေသာလီပြည်ကိုသာ ကြည့်ရမြင်ရသဖြင့် တာဝတိံသာနတ်ပြည်သို့ ရောက်ရသည်နှင့်မခြား ဖြစ်ပေလိမ့်မည်။ ထို့အတူ အကြင်သူတို့သည် တာဝတိံသာနတ်တို့ကို မြင်လိုကြလျှင် ဝေသာလီပြည် ဝေသာလီမင်းတို့ကိုသာကြည့်ပါက တာဝတိံသာနတ် တို့ကို မြင်ရသကဲ့သို့ ဖြစ်ပေလိမ့်မည် စသည်ဖြင့် လူအများ၏ ချီးမွမ်းနှစ်သက်ခြင်းကို ခံရသော ကြီးကျယ်လှသော တိုင်းပြည်ကြီး ဖြစ်သည်ဟု ဟံသာဝတီဦးဘရင်၏ ရှေးထုံးစဉ်လာစာအုပ်တွင် ဖော်ပြပါရှိသည်။
အဘယ်ကြောင့် ဝေသာလီပြည်ကြီး တိုးတက်စည်ကား များပြားလှပနေရပါသနည်း။ အဖြေရှာကြည့်သောအခါ ဝေသာလီပြည်ကြီး၌ ဝေသာလီမင်းတို့သည် စည်းစိမ်ချမ်းသာမှ မဆုတ်ယုတ်ဘဲ တိုးတက်ပွားများကြောင်း တရားများကို ကျင့်သုံးနေသောကြောင့်ဖြစ်ပေသည်။ ယင်းတို့မှာ ညီညွတ်စွာ မပြတ်စည်းဝေးတိုင်ပင်ခြင်း၊ ပြုဖွယ်ကိစ္စကို အညီအညွတ် ပြုကြခြင်း၊ ရှေးထုံးစဉ်လာဥပဒေ ပညတ်ချက်အတိုင်း လိုက်နာခြင်းနှင့် အသစ်မပညတ်ခြင်း၊ အသက်အရွယ်ကြီးသူတို့ကို ရိုသေခြင်းနှင့် ယင်းတို့စကားကိုနာယူခြင်း၊ အမျိုးသမီးများကို နိုင်ထက်ကလူမပြုမူခြင်း၊ ရှေးထုံးနည်းအတိုင်း နတ်ကွန်းတို့၌ ဗလိနတ်စာကျွေးခြင်း၊ ရဟန္တာတို့၏ ဆိုဆုံးမသော တရားတော်အတိုင်း လိုက်နာစောင့်ရှောက်ခြင်းတို့ ဖြစ်ပေသည်။
ထိုအချက်ခုနစ်ချက်ကို အပရိဟာနိယ တရားခုနစ်ပါးဟု ခေါ်ပါသည်။ ထိုအပရိဟာနိယတရားတို့ကို ကျင့်သုံးလျက်ရှိသော ဝေသာလီပြည်ကို အခြားသော မည်သည့်နိုင်ငံကမျှ ချီတက်လုပ်ကြံအောင်မြင်ခြင်း မပြုနိုင်ကြပါ။ ဝေသာလီကိုအုပ်ချုပ်သော မင်းအစဉ်အဆက်တို့သည်လည်း တစ်ဦးနှင့်တစ်ဦး အလွန်တရာမှပင် ချစ်ခင်ကြသည်။ ရှေးကသတ်မှတ်ထားသော ထုံးတမ်းစဉ်လာဥပဒေ ပညတ်ချက်အတိုင်း နောက်လူများက လုပ်ဆောင်ကြသည်။ ညီညွတ်စွာမပြတ် စည်းဝေးတိုင်ပင်ခြင်း ကြောင့်လည်း အချင်းချင်း သဘောထားကွဲလွဲမှု ကြီးကြီးမားမားမရှိဘဲ တစ်ဦးထိလျှင် တစ်ဦးကမခံ၊ လက်သည်းဆိတ် ကလက်ထိပ်နာဆိုစကားအတိုင်း ဖြစ်သည်။ ပြည်ထောင်စု ပြိုကွဲခြင်းမရှိ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိသည်။ ထို့ကြောင့် အချုပ်အခြာအာဏာ တည်တံ့ရှည်ကြာခိုင်မြဲလေသည်။ ပေါ်ပေါက်လာသမျှသော ရန်သူတို့ကို စည်းလုံးညီညွတ်စွာ ခုခံတိုက်ခိုက်တွန်းလှန်သောကြောင့် ဝေသာလီပြည်ကြီးမှာ စည်းလုံးညီညာ၍ အလွန်ပင် စည်ကားသာယာလှသည်မှာ တာဝတိံသာနတ်ရွာပမာဖြစ်ခဲ့ပေသည်။ ထိုနည်းတူ မြန်မာနိုင်ငံတော်ကိုလည်း စည်းလုံးခြင်း၊ ညီညွတ်ခြင်းတို့ဖြင့် တည်ဆောက်မည် ဆိုပါက တာဝတိံသာနတ်ပြည်လောဟူ၍ ထင်မှားဖွယ် ရှိပေလိမ့်မည်မှာ အမှန်ပင် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။