တပ်မတော်အင်အား တောင့်တင်းပြီး စီးပွားရေး အင်အားခိုင်မာမှသာ ငြိမ်းချမ်းရေး ရရှိမည်ဟု မိုဒီပြော

တပ်မတော်အင်အား တောင့်တင်းပြီး စီးပွားရေး အင်အားခိုင်မာမှသာ ငြိမ်းချမ်းရေး ရရှိမည်ဟု မိုဒီပြော

တပ်မတော်အင်အား တောင့်တင်းပြီး စီးပွားရေးအင်အား ခိုင်မာမှသာ ငြိမ်းချမ်းရေးရရှိမည် ဖြစ်ကြောင်းနှင့် အိန္ဒိယအနေဖြင့် စစ်ပွဲဖြစ်ပွားခြင်းကို နောက်ဆုံးရွေးချယ်မှု အဖြစ်သာ သတ်မှတ်ထားကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောသည်။                

“အိန္ဒိယနိုင်ငံက  စစ်ပွဲဖြစ်ပွားမှုကို အမြဲတမ်းဆန့်ကျင်ပြီး  စစ်ပွဲဆိုတာကို နောက်ဆုံးရွေးချယ်မှုအဖြစ်သာ သတ်မှတ် ထားပေမယ့်လည်း အင်အားတောင့်တင်း ခိုင်မာမှုမရှိရင် ငြိမ်းချမ်းရေးဆိုတာ မဖြစ်လာနိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံဟာ နယ်စပ်လုံခြုံစိတ်ချရမှုရှိပြီး စီးပွားရေးခိုင်မာမှသာ ဘေးကင်းလုံခြုံမှု ရှိပါမယ်။ ဒီမှာရှိနေတဲ့ တပ်မတော်သားများက နိုင်ငံနယ်စပ်ရှိ တံတိုင်းများဖြစ်ပါတယ်”ဟု မိုဒီက ပြောသည်။

မိုဒီအနေဖြင့် အောက်တိုဘာ ၂၄ ရက်တွင် ကျရောက်သော ဒီပါဝလီနေ့တွင် တပ်မတော်သားများနှင့်အတူ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲစဉ် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ မိုဒီသည် နှစ်စဉ်ဒီပါဝလီနေ့ရောက်တိုင်း တပ်မတော်သားများနှင့် အတူ ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲလေ့ရှိသည်။

အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံအနေဖြင့် ကမ္ဘာ့အဆင့်(၅)ရှိ စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ်သို့ မည်ကဲ့သို့ရောက်ရှိခဲ့သည်နှင့် ပတ်သက်၍ မိန့်ခွန်းတွင်အဓိကထား ထည့်ပြောခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဒုံးကျည်ကာကွယ်ရေးစနစ်နှင့်  ဒရုန်းနည်းပညာ တိုးတက်အောင် မည်ကဲ့သို့ဆောင်ရွက်ခဲ့ပုံ၊ နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို မည်ကဲ့သို့ လုပ်ဆောင်ခဲ့ပုံတို့နှင့် ပတ်သက်၍လည်း အကျယ်တဝင့် ပြောခဲ့သည်။

မိုဒီသည် ပါကစ္စတန်နှင့် ပဋိပက္ခဖြစ်ပွားရာ စစ်နယ်ဝန်းအတွင်းရှိ ကာဂေမြို့မှနယ်မြေခံ တပ်မတော်သားများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ပြောခြင်း ဖြစ်ကြောင်း သိရသည်။