အင်ဒိုနီးရှားအစိုးရက ကလေးများ သေဆုံးမှုနှင့် ဆက်စပ်သည့် ဆေးဝါးကုမ္ပဏီများကို တရားစွဲဖွယ်ရှိ

အင်ဒိုနီးရှားအစိုးရက ကလေးများ သေဆုံးမှုနှင့် ဆက်စပ်သည့် ဆေးဝါးကုမ္ပဏီများကို တရားစွဲဖွယ်ရှိ

အင်ဒိုနီးရှားအစိုးရသည် နိုင်ငံအတွင်း ပြင်းထန်ကျောက်ကပ်ရောဂါဖြင့် ကလေးငယ်များ သေဆုံးမှုမြင့်တက်လာသည့် အတွက် ဆေးဝါးကုမ္ပဏီများကို  တရားစွဲဖွယ်ရှိကြောင်း အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု အေဂျင်စီက  အောက်တိုဘာ  ၂၄ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ်အများစုသည် ကလေးသောက် ဆေးရည်များ သောက်သုံးပြီးနောက် ပြင်းထန် ကျောက်ကပ်ရောဂါဖြစ်ပွားကာ သေဆုံးရခြင်း ဖြစ်ပြီး ယခုအခါ သေဆုံးသူ ကလေးငယ် ၁၄၁ ဦးအထိ ရှိလာပြီဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေး တာဝန်ရှိသူများက နိုင်ငံအတွင်း ကလေးသောက်ဆေးရည်များ ရောင်းချမှုကို ယာယီတားမြစ် ပိတ်ပင်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရာ   ထိုဆေးရည်များတွင်  ပါဝင်သည့် အီသိုင်လင်းဂလိုင်ကောနှင့် ဒိုင်အီသိုင် လင်းဂလိုင်ကောတို့က ကလေးငယ်များကို သေဆုံးစေသည့် အဓိက အကြောင်းရင်းများ ဖြစ်သည်ကို တွေ့ရှိထားသည်။

ယင်းအတွက်  အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု အေဂျင်စီက ထိုအရာများ ပါဝင်သောဆေးများကို ထုတ်လုပ်သည့် ဆေးဝါးကုမ္ပဏီနှစ်ခုကို တရားစွဲဆိုနိုင်ရေး အတွက် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းကာ  စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အေဂျင်စီဥက္ကဋ္ဌ ဒေါက်တာပန်နီကပြောသည်။ သို့သော် ဆေးဝါးကုမ္ပဏီနှစ်ခု၏ အမည်ကို ထုတ်ဖော်ပြောထားခြင်း မရှိပေ။

”သူတို့ရဲ့ ထုတ်ကုန်တွေထဲမှာ အီသိုင်လင်းဂလိုင်ကောနဲ့ ဒိုင်အီသိုင်လင်းဂလိုင်ကောတို့ ပါဝင်မှုက လိုအပ်တာထက် များပြားပြီး အဆိပ်အတောက် ဖြစ်စေတဲ့အတွက် ကလေးတွေမှာ ပြင်းထန်ကျောက်ကပ် ရောဂါဖြစ်ရတာလို့ ယူဆပါတယ်”ဟု ၎င်းကပြောသည်။

ဂမ်ဘီယာနိုင်ငံတွင်လည်း အလားတူဖြစ်စဉ်မျိုးဖြစ်ပွားဖူးပြီး ကလေးငယ်အယောက် ၇၀ ခန့်သေဆုံးခဲ့ကြောင်းနှင့် အင်ဒိုနီးရှား တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့်  ပူးပေါင်း လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။