ကိုရီးယားနှစ်နိုင်ငံက အပြန်အလှန် သတိပေး ပစ်ခတ်မှုများ လုပ်ဆောင်
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့က တစ်နိုင်ငံက တစ်နိုင်ငံ၏ ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်သည် ဟု အပြန်အလှန်စွပ်စွဲကာ သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ကြောင်း သိရသည်။
အောက်တိုဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီ ၄၂ မိနစ်တွင် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းက ပင်လယ်ဝါအတွင်းရှိ မြောက်ပိုင်း ကန့်သတ်မျဉ်းကို ကျူးကျော် ဝင်ရောက်လာကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။
ထိုသို့ဝင်ရောက်လာသည့် သင်္ဘောကို ကနဦးတွင် သတိပေးမှုများ လုပ်ဆောင်သော်လည်း သင်္ဘောမှာ လမ်းကြောင်း ပြောင်းလဲခြင်း မရှိသည့်အတွက် စက်သေနတ်ဖြင့် သတိပေး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ တောင်ကိုရီးယား ရေတပ်စစ်သင်္ဘောတစ်စင်းသည် အမျိုးအမည်မသိ ရေယာဉ်တစ်စင်းကို စောင့်ကြည့်ရန်ဟုဆိုကာ ရေပြင်ပိုင်နက်မျဉ်းကို ကျူးကျော်ဝင်ရောက်လာကြောင်း မြောက်ကိုရီးယား တပ်မတော်က ထုတ်ပြန်ထားသည်။
ထို့ကြောင့် ရန်သူ့သင်္ဘောကို မောင်းထုတ်ရန် လက်ဦးမှုယူသည့် အနေဖြင့် ဖြစ်စဉ်ဖြစ်ပွားရာ နယ်မြေအတွင်းသို့ အမြောက် ၁၀ ချက် သတိပေး ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။