နယ်စပ်ရေးရာ ဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းများ၌ သင်တန်းများ ဖွင့်လှစ်

နယ်စပ်ရေးရာ ဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းများ၌ သင်တန်းများ ဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၂၄ ကျောင်းတို့တွင် နယ်စပ်ဒေသ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးသော  ဒေသများမှ အမျိုးသမီးငယ်များအား အဆင့်မြင့်စက်ချုပ် ပညာရပ်များ သင်ကြားတတ်မြောက်စေခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး မိသားစုအပိုဝင်ငွေ ရရှိနိုင်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အထည်ချုပ်စက်ရုံများတွင်   ဝင်ရောက် လုပ်ကိုင်နိုင်ရေးနှင့် ကိုယ်ပိုင်စက်ချုပ်ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နိုင်စေရေး ရည်ရွယ်၍ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်းတို့အား  ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖွင့်လှစ်ရာ၌    လွိုင်ကော်မြို့ သင်တန်းကျောင်းတွင်  ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊  ဘားအံမြို့ သင်တန်းကျောင်းတွင်  ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ မုဒုံမြို့သင်တန်းကျောင်းတွင်   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပုသိမ်မြို့ သင်တန်းကျောင်းတွင်  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကော့သောင်းမြို့ သင်တန်းကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ကျန်သင်တန်းကျောင်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။ 

ယနေ့ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံလက်ရက်ကန်း သင်တန်းသို့ သင်တန်းသ ူစုစုပေါင်း  ၇၉၀  ဦး တက်ရောက်၍  ၂၅-၁၀-၂၀၂၂ ရက်မှ ၂၄-၃-၂၀၂၃ ရက်နေ့ထိ ရက်သတ္တ ၂၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး  နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။

အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများတွင် ဘဏ္ဍာရေး နှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိရာ   သင်တန်းသူစုစုပေါင်း ၉၄၂၃၂ ဦး  သင်ကြားလေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။