ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၄၆)

စစ်ကိုင်းသားတွေ တစ်ပြုံကြီးတွေ့ရ၍ ဝမ်းသာသည်။ တစ်အားတက်မိသည်။

သို့သော် လူ့ဘဝတွင် မိမိရည်မှန်းချက်သို့ရောက်အောင် လှုပ်ရှားရာတွင် မိမိသာလျှင် အဓိကဖြစ်ပြီး အပေါင်းအသင်း အသိုင်း အဝိုင်းများမှာ သာမညအပိုင်းမှပါဝင်နေကြောင်း သတိပြုမိပါသည်။

မှောင်စပြုမှ ရထားထွက်သည်။ တစ်တွဲလုံး ကျွန်တော်တို့ရဲဘော်တွေချည်းပါပဲ။ အားလုံး အချုပ်အနှောင်အဖွဲ့အစည်း တင်းကျပ်သော စည်းကမ်းများအတွင်းမှ ခေတ္တခဏလွတ်မြောက်လာသူများ ဖြစ်ကြသည်။ ပျော်ကြသည်။ လဆန်းရက်ဖြစ်၍ လမင်းကြီးက ထိန်ထိန် သာနေသည်။

ရထားတွင်မီးမပါ၍ လမင်းကြီး၏ အလင်းရောင်ကို အရသာရှိရှိခံစားရသည်။ ပေါင်း၍သီချင်းများ အော်ဆိုကြသည်။ ကကြသည်။ သီချင်းဆိုကြရင်း၊ ကကြရင်းနှင့် ပဲခူးသို့ညဆယ်နာရီခန့်တွင် ရောက်ရှိသွားသည်။

ပဲခူးရောက်သည်နှင့် ရဲဘော်များ ရထားပေါ်မှ ပြေးဆင်းသွားကြသဖြင့် လူစုကွဲသွားပါသည်။

ကျွန်တော်တို့ စစ်ကိုင်းသားဆယ်ယောက် တစုတဝေးတည်း တစ်ညတာတည်းခိုရန်အတွက် အာရှလူငယ်အစည်းအရုံးကို ရှာကြ သည်။ အာရှလူငယ်အစည်းအရုံးကို လိပ်ပြာကန်အနီးတွင် တွေ့ရ၍ ခွင့်တောင်းပြီး တည်းခိုကြသည်။ တည်းခိုရာနေရာရ၍ ရေမိုးချိုးကြပြီးသော်လည်း ရဲဘော်များအနားမယူနိုင်ကြသေးပါ။ ယနေ့သည် ကျွန်တော်တို့အတွက် ပထမဆုံးတန်းမစီရသောနေ့၊ သစ္စာမဆိုရသောနေ့ ဖြစ်ပါသည်။ သို့သော် အကျင့်ပါနေသော ကျွန်တော်တို့ရဲဘော်များ အိပ်ရာဝင်ခါနီးတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် သစ္စာဆိုပြီးမှအိပ်ပျော်ကြသည်။ ဂျပန်ဆရာ၏ ပါးရိုက်အနှိပ်စက်ခံ လွတ်သောနေ့ဖြစ်သည်။

လွတ်လပ်နေသည်။ မြို့တွင်းသို့ တစ်ပတ်လျှောက်လိုက်ကြသေးသည်။ အိပ်ရာဝင်ရာတွင် အိပ်ရာပစ္စည်း ခေါင်းအုံး၊ ခြင်ထောင်၊ စောင်ဟူ၍ ဘာမှမရှိပါ။ ကျွန်တော်တို့တွင် အဝတ်တစ်ထည်ကိုယ်တစ်ခုမှလွဲ၍ ဘာပစ္စည်းမှပါမလာကြပါ။ အာရှလူငယ် အစည်းအရုံး ကဖော်ရွေစွာ ကြိုဆိုဧည့်ခံပြီး ခင်းပေးသောဖျာပေါ်တွင်သာ အိပ်ကြရသည်။

အောက်တိုဘာလ ၁၅ ရက် တစ်ရက်လုံး ကျွန်တော်တို့ ပဲခူးမှာပဲနေရဦးမည်။ ညနေမန္တလေးသို့ သွားသော ရထားရှိလျှင် ကျွန်တော်တို့ အတွက် ကံကောင်းမည်။ ကိုခင်မောင်ညို ဘူတာရုံသို့ သွားရောက်စုံစမ်းရာ ရထားရှိသည်ဟုသိရ၍ နံနက်ပိုင်းတွင် စိတ်ချလက်ချ   ပဲခူးမြို့တွင်း လည်ပတ်ကြသည်။ ရွှေမော်ဓောဘုရားပေါ်တွင် စစ်ကိုင်းအစိုးရ အထက်တန်းကျောင်း အဝါရောင် ဘောလုံးအသင်း (YELLOW HOUSE) မှ ဘောလုံးကစားဖက် တင်ထွန်းနှင့်တွေ့သည်။ တင်ထွန်းက ဆရာမ တီချယ်ချဲနီးယားအိမ်သို့ခေါ်သွားသည်။ တီချယ်ချဲနီးယားသည် စစ်ကိုင်းအစိုးရ အထက်တန်းကျောင်း စပယ်ရှယ်ကလပ် ၄ တန်း အတန်းပြဆရာမဖြစ်သည်။

ဖင်ကိုကြိမ်လုံးနှင့်   အရိုက်သန်လွန်း၍ ကျွန်တော်တို့ ဆရာမကို သိပ်ကြောက်ရပါသည်။ ဆရာမသည် ကိုယ်လုံးကိုယ်ပေါက်ပြေပြစ်၍ မျက်နှာကလေးက အလွန်ချောမောလှပပါသည်။ ငယ်ကြောက်ဖြစ်၍ ဆရာမကိုမြင်သောအခါ ကျွန်တော်တို့ စစ်သားကြီးများ ထိုင်ရမလိုထရမလို ဖြစ်နေကြသည်။ ချစ်ကြောက်ရိုသေလေးစားသူဖြစ်သဖြင့် ရဲဘော်အားလုံး ဒူးတုပ်ကာကန်တော့ လိုက်ကြပါ တော့သည်။ ဆရာမအပျိုကြီးသည် ဝမ်းသာလွန်း၍ မျက်ရည်များပင်ကျလာပါသည်။ အထက်တန်းပြဆရာ ဦးစိုးမြင့်အိမ်သို့လည်း သွားရောက် ကန်တော့ကြသည်။ ပဲခူးဈေးထဲတွင် မုန့်စားကြသည်။ ဝဇီရာရုံတွင် ကပြနေသော ဖိုးစိန်ကြီးနှင့် ကက်နက်စိန်ဇာတ်ပွဲကို လည်းနေ့ခင်းကြောင်တောင် ပူပူအိုက်အိုက်၊ ချွေးတလုံးလုံးနှင့် ဝင်ကြည့်လိုက်ကြသေးသည်။ ညနေ လေးနာရီတွင် ပဲခူးမြို့အာရှ လူငယ် အစည်းအရုံးက ကျွန်တော်တို့အား ဂုဏ်ပြုဧည့်ခံပွဲပြုလုပ်ရာတွင် ခေါက်ဆွဲ၊ လက်ဖက်ရည်တို့ ကျွေးမွေးကြသဖြင့် ကျွန်တော်တို့ ဗိုက်ကားအောင်စားကြရသည်။

ညနေ ကိုးနာရီတွင် မန္တလေးရထားဆိုက်လာပါသည်။ တွဲတိုင်းတွင်လူပြည့်ကျပ်နေသည်။ ကျွန်တော်တို့တက်ရန်နေရာပင်မရှိပါ။ ရထားများ တစ်နေ့တွင် တစ်စီးမှန်အောင် မထွက်နိုင်ပါ။ ဒီရထားဖြင့်မလိုက်လျှင် ကျွန်တော်တို့ ခွင့်ရက်တစ်ရက် နစ်နာသွားလိမ့်မည်။ ကျွန်တော်တို့အိမ်ကို မြန်မြန်ရောက်ချင်သည်။ ဒီလိုအခြေအနေမျိုးတွင် သဘောထားကြီးပြီး အနစ်နာခံနေ၍ မဖြစ်ပါ။ ရထားပေါ် ရှိလူများကို အားနာနာနှင့်ပင် ရှေ့မျက်နှာနောက်ထားကာ အတင်းတိုးတက်ကြရပါတော့သည်။ ရထားပေါ်တွင် မတ်တတ်ရပ်ရန် နေရာပင်မရှိပါ။ ခြေထောက်တစ်ဖက်ရပ်ရန် နေရာရှိ၍ ခြေတစ်ဖက်ကို ကွေးထားရသည်။

ရထားလှုပ်၍ အနည်းငယ်ချောင်သွားသလိုရှိသော်လည်း ခြေထောက်များ ညပ်နေ၍လှုပ်၍မရပါ။ နံနက်လေးနာရီခန့်ကျမှ မှီစရာ နေရာကလေးရပါသည်။ နံနက်မိုးလင်း၍ အုတ်တွင်းဘူတာသို့ ရောက်သောအခါ ရထားနေခိုရန်ရပ်နားလိုက်ပါသည်။ ရထားပေါ်မှ လူအားလုံးဆင်းကြရသည်။

ဘူတာရုံပတ်ဝန်းကျင်နှင့် သစ်ပင်ရိပ်များတွင် နားနားနေနေ နေသူကနေကြပြီး မြို့တွင်းဟိုဟိုဒီဒီ အညောင်းပြေလျှောက်သူက လျှောက်ကြသည်။ အချို့ရဲဘော်များ ကားကြုံရ၍ လိုက်သွားသည်ကိုလည်း တွေ့ရပါသည်။ ကျွန်တော်နှင့်ရဲဘော်အချို့ကတော့ မီးရထားစီးရသည်ကို ပို၍စိတ်ချရသည်ဟု ထင်မိသဖြင့် ရထားထွက်ချိန်ကို စောင့်၍စီးကြသည်။

ဆက်လက်ဖော်ပြပါမည်။