သရက်ခရိုင်အတွင်းကျေးရွာ ၁၄ ရွာ၌ ကုန်ထုတ်လမ်းတံတားဆောင်ရွက်လျက်ရှိ

သရက်၊ ဒေသဖွံ့ဖြိုးရေး   

သရက်ခရိုင်အတွင်းကျေးရွာ ၁၄ ရွာ၌ ကုန်ထုတ်လမ်းတံတားဆောင်ရွက်လျက်ရှိ

ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး သရက်ခရိုင်အတွင်းရှိ ကျေးရွာ ၁၄ ရွာ၌ ကျေးလက် ကုန်ထုတ်လမ်း တံတားလုပ်ငန်းများအား  ဆောင်ရွက်ပေးလျက်ရှိရာ  အောက်တိုဘာ  ၂၆ ရက်တွင် လုပ်ငန်းများ အားလုံး၏ ၅၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

သရက်ခရိုင်အတွင်းရှိ သရက်မြို့နယ်၊ ကံမမြို့နယ်၊ မင်းတုန်းမြို့နယ်နှင့် မင်းလှမြို့နယ်တို့ရှိ ကျေးရွာခုနစ်ရွာတို့၌ ပြည် ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ် ၃၃၇ ဒသမ ၀၆၈ သန်းအသုံးပြုပြီး ကျေးလက်ကုန်ထုတ်လမ်း ခုနစ်လမ်း၊ Slab Culvert ခုနစ်စင်း တည်ဆောက်ခြင်း၊ Pipe Culvert နှစ်စင်းတည်ဆောက်ခြင်းနှင့် ရေကျော်သုံးစင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကိုလည်း ကောင်း၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေကျပ် ၁၈၁ ဒသမ ၅၆၅ သန်းအသုံးပြုပြီး သရက်မြို့နယ်၊ ကံမမြို့နယ်နှင့် မင်းလှမြို့နယ်တို့ရှိ ကျေးရွာငါးရွာတို့၌ ကျေးလက်ကုန်ထုတ်လမ်းသုံးလမ်း၊ Slab Culvert သုံးစင်းတည်ဆောက်ခြင်း၊ ရေကျော်လေးစင်း တည်ဆောက်ခြင်း၊ Pipe Culvert သုံးစင်းတည်ဆောက်ခြင်းနှင့် RC Box Culvert တစ်စင်းတည်ဆောက်ခြင်း တို့ကိုလည်းကောင်း၊ နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေကျပ် ၉၆ ဒသမ ၀၈ သန်းအသုံးပြုပြီး သရက်မြို့နယ်နှင့် ကံမမြို့နယ်တို့ရှိ ကျေးရွာ နှစ်ရွာ၌ ကျေးလက်ကုန်ထုတ် လမ်းနှစ်လမ်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၄ ရွာမှ လူဦးရေ ၉၈၉၉ ဦး၊ စိုက်ပျိုးမြေ ၄၅၃၄ ဧကတို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း သရက်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနဦးစီးမှူး ဦးကျော်ဆန်းဌေးထံမှသိရသည်။

ကိုညို(ကျေးလက်)