ကသာမြို့၌ တန်ဖိုးသင့်အခြေခံစားသောက်ကုန်များရောင်းချပေး

ကသာ၊ လူမှုရေး

ကသာမြို့၌ တန်ဖိုးသင့်အခြေခံစားသောက်ကုန်များရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘ၀ စားသောက်ရေးတွင် အထောက်အကူ ဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို တန်ဖိုးသင့်စွာ ဝယ်ယူနိုင်ရေးအတွက်  ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  စီစဉ် ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ    ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့၌ ရောင်းချပေးသည်။

ထိုသို့ရောင်းချရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် အဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့်  ခရိုင်/မြို့နယ်အဆင့်  ဌာနဆိုင်ရာများ၊   ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဒေသခံပြည်သူများအား ဆန်၊ ကြက်ဥ၊ ဆီတို့ကို ရောင်းချပေးသည်။

အဆိုပါ အခြေခံစားသောက်ကုန်များရောင်းချရာတွင်  ဆန်တစ်ပြည်၊  ကြက်ဥ လေးလုံး၊ ဆီ ၂၀ ကျပ်သား ပစ္စည်းသုံးမျိုးကို  ငွေကျပ် ၃၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၃၀၀ စုအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးကြောင်း သိရသည်။

ကျော်စွာ(ကသာ)