ပုသိမ်၊ ခရီးသွားလာရေး
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေသုံးခုကို ကိုးလအတွင်း ပြည်ပခရီးသွားဧည့်သည် ၄၀၀၀ ခန့်ဝင်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေသုံးခုသို့ ယခုနှစ် ကိုးလအတွင်း ပြည်ပခရီးသွား ဧည့်သည် ၃၉၄၈ ဦး ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှသိရသည်။
“ကမ်းခြေတွေကို လာတဲ့ဧည့်သည်များ လုံခြုံစေဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးထားပါတယ်။ လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေအန္တရာယ်မဖြစ်စေဖို့နဲ့ ကမ်းခြေတွေသန့်ရှင်း သပ်ရပ်သာယာလှပစေဖို့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံဟိုတယ်လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်နေပါတယ်။ ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်တွေနဲ့ဆက်စပ်ပြီး လည်ပတ်နိုင်ဖို့ သစ်တောဦးစီးဌာနက ဆင်စခန်းတွေနဲ့ မြွေကျွန်းစတဲ့ စိတ်ဝင်စား စရာနေရာတွေကိုလည်း စီစဉ်ထားတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူဦးကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေများဖြစ်သည့် ချောင်းသာ၊ ငွေဆောင်နှင့်ရွှေသောင်ယံ စသည့် ကမ်းခြေများကို ပြည်တွင်း ပြည်ပဧည့်သည်များ ဝင်ရောက်မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ခရီးသည်လေးသိန်းနှင့် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်အထိ ခရီးသည် ၅၃၀၄၇၂ ဦးဝင်ရောက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ပြည်ပခရီးသွား ဧည့်သည်ဦးရေ ၃၉၄၈ ဦး ပါရှိကြောင်း သိရသည်။
သုတကျော်