စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အချိန်ယူကာ စီစဉ်ဆောင်ရွက်ကြစေလို

စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်များကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အချိန်ယူကာ စီစဉ်ဆောင်ရွက်ကြစေလို

နေပြည်တော် အောက်တိုဘာ  ၂၆

    ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁  နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးတင်ဦးလွင်၊ ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇင်မင်းထက်၊ ဦးအောင်ကျော်ထွန်း၊   ဦးဇော်ဝင်း၊ ဒေါက်တာအေးထွန်း၊ ဦးမျိုးလှိုင်၊ ဦးဝင်းဖေ၊ ဦးဇော်အေးမောင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊  အမြဲတမ်း အတွင်းဝန်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်  ဝန်ကြီးချုပ်များက  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ဂုဏ်ပြုအခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက    (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် အရေးကြီး သည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်က မြန်မာနိုင်ငံတွင် ကျင်းပသည့် အခမ်းအနားများအနက်  အခမ်းနားဆုံး၊ အမြင့်မားဆုံး နိုင်ငံတော်အဆင့် အခမ်းအနား တစ်ခုအဖြစ် ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း။

 စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားမကျင်းပမီ အခြားသောဂုဏ်ပြု အစီအစဉ် များကိုလည်း    စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားတွင် ဂုဏ်ပြုယာဉ်များကို ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက အချိန်ယူကာ စီစဉ်ဆောင်ရွက်ကြစေလိုကြောင်း၊    စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပပြီးဖြစ်၍ အတွေ့အကြုံရှိပြီး ဖြစ်ကြောင်း၊  ယင်းအတွေ့အကြုံကို အခြေခံ၍ ပိုမိုခမ်းနား ထည်ဝါစွာ ကျင်းပနိုင်ရန် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော် ကောင်စီဝင် ဦးတင်ဦးလွင်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   လုပ်ငန်းတာဝန် (၆)ရပ် ချမှတ်ဆောင်ရွက်ထားပြီး ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ လက်ရှိဆောင်ရွက်နေမှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ကဏ္ဍအလိုက် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ပေါင်းစပ်ပါဝင် သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

ယင်းနောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရဲတင့်က စိန်ရတုလွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီအောက်ရှိ   လုပ်ငန်း ကော်မတီများ ဖွဲ့စည်းထားရှိမှု ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြု ဂုဏ်ပြုယာဉ်များ၊   ပြခန်းများ ပြင်ဆင်ဆောင်ရွက် သွားမည့် အခြေအနေ များကို  ဆွေးနွေး တင်ပြကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက  စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် လုံခြုံရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊  ကျောင်းသား၊ကျောင်းသူများ စာလုံးသရုပ်ဖော်မှု၊ ဂုဏ်ပြု ယာဉ်များတွင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဗိုလ်ရှုခံရင်ပြင်တွင်     အသံပိုင်းဆိုင်ရာ စက်ပစ္စည်း တပ်ဆင်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဂုဏ်ပြုအခမ်းအနားကျင်းပရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အစည်းအဝေး ဆုံးဖြတ်ချက်များကို ဖတ်ကြားအတည်ပြုသည်။

ယင်းနောက် ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။