ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၄၈)

ထမင်းထုပ်အတွက် စိတ်အေးရသောအခါ ကျွန်တော်တို့ရွာအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ကျွန်တော့်မျက်လုံးများက ဆယ်ကျော် သက်ရွယ်ကလေးမများကိုသာ ကြည့်နေမိသည်။ ချောတဲ့သူကချောကြသည်။ ဒီဒေသက မိန်းကလေးတွေချောကြ၊ လှကြမှာပေါ့။ ဒီရွာ၏မြောက်ဘက် သိပ်မဝေးသော ပြည်ဝင်ရွာကြီးတွင် နောက်ဆယ်နှစ်ခန့်ကြာသောအခါ နိုင်ငံကျော် ရုပ်ရှင် မင်းသမီးချော အကယ်ဒမီခင်သန်းနုကို မွေးဖွားခဲ့သည်မဟုတ်ပါလား။

ဒီညလည်း ရထားမထွက်နိုင်သေးပါ။ ထမင်းဆိုင်များ တွက်ခြေကိုက်ကြသည်။

ကျွန်တော်တို့လို ဘိုင်ကျသော စစ်သားများချည်းသာပါလာလျှင် သူတို့လည်းစားသာမည်မဟုတ်ပါ။ ကုလားရုံပိုင်နှင့် ကုလားဂါတ် ဗိုလ်တို့အတွက် အကြံအဖန်လုပ်ရန် အကွက်များရနေကြသည်။ ရထားပေါ်ပါလာသော ကုန်ပစ္စည်းများအတွက် ပိုက်ဆံတောင်း သည်။ မပေးလျှင်ဆွဲချသည်။ ကျွန်တော်တို့စီးသောတွဲမှ   ကြံသကာသေတ္တာများကို ဆွဲချသောအခါ ကိုခင်မောင်ညိုနှင့် ရင်ဆိုင်မိ၍ ကုလားရုံပိုင် နောက်ဆုတ်သွားပါသည်။ ကုလားရုံပိုင်သည် ကျွန်တော်တို့ကို အခဲမကျေပါ။ ညလသာသာတွင် ကျွန်တော်တို့ စစ်သီချင်းများ ဆိုနေစဉ် ကုလားရုံပိုင်အရက်မူးလာပြီး ကျွန်တော်တို့ကို အနှောင့်အယှက်ပြုရာ ခရီးသည်များက ဆဲလွှတ်၍ ပြန်ပြေး ရလေသည်။

အောက်တိုဘာလ ၁၉ ရက်တွင် မီးရထားထွက်နိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ နံနက်ဈေးတန်းသို့ လမ်းလျှောက်သော် ခရီးသည် တစ်ဦးက ထမင်းစားရန်ခေါ်ရာ အားနာသဖြင့် ထွက်ပြေးခဲ့ရသည်။ နံနက်စာကို ကိုခင်မောင်ညိုက ရွာသစ်ရွာဘက်သွားရင်း ထမင်းထုပ်များရခဲ့၍ စားရပါသည်။ ကျွန်တော်နှင့် ကိုသိုးထိန်းတို့ မီးရထားလမ်းအတိုင်း မြောက်ဘက်သို့လျှောက်ခဲ့ကြရာ ချောင်းတစ်ခုသို့ ရောက်သွားသည်။  ဆင်သေချောင်းဟု ထင်ပါသည်။ ချောင်းအတိုင်း အရှေ့ဘက်သို့လာခဲ့ကြရာ တစ်နေရာတွင် ချောင်းအတွင်း ရေချိုးနေသော မိန်းကလေးတစ်သိုက် ကျွန်တော်တို့ကိုလန့်ပြီး မိန်းကလေးအချို့ကမ်းပေါ်တွင် ချွတ်ထားသော ထဘီများပင် ကျန်ရစ်ခဲ့ကြသည်။

ကျွန်တော်တို့ရှေ့ဆက်မသွားတော့ဘဲ ချောင်းဘေးရှိကြံခင်းများအတွင်းသို့ဝင်ရောက်ကာ ကြံပင်များကိုချိုးပြီး စုပ်ကြသည်။ ကျွန်တော်တို့တွင် လှံစွပ်များပါလာ၍ ကြံပင်ကို ခုတ်ဖြတ်နိုင်သော်လည်း ကြံများမှာ ကြံသကာချက်ရန် အမျိုးအစားဖြစ်၍ မာလွန်း သည်။ စုပ်လို့မကောင်းပါ။ ကျွန်တော်နှင့်ကိုသိုးထိန်းတို့ မောမောပန်းပန်းနှင့် အရိပ်ကောင်းကောင်းတွင်  တစ်ရေးတစ်မော အိပ်ပျော် သွားကြသည်။ ပုရွက်ဆိတ်ကိုက်၍ အိပ်ရာမှနိုးလာသောအခါ ခေါင်းများကိုက်ခဲနေပါသည်။

ကျွန်တော်နှင့်ကိုသိုးထိန်းတို့ ဧလာဘူတာသို့ ပြန်ရောက်လာသောအခါ ယနေ့ညရထား ထွက်မည်ဖြစ်၍ ခရီးသည်အားလုံး   ရထားပေါ်သို့ ရောက်နေကြပါပြီ။ ကျွန်တော်နှင့် ကိုသိုးထိန်းတို့   ထိုင်စရာနေရာမရတော့သဖြင့် အိမ်သာထဲဝင်နေကြရသည်။

ကျွန်တော်တို့ အိမ်သာတွင်း နေရာယူထားသဖြင့် ခရီးသည်များ အိမ်သာဝင်ခွင့်မရတော့ပါ။ ကျွန်တော်တို့အတွက်တော့ အဆင်ပြေ သည်။ နံရံကိုမှီပြီး အိပ်နိုင်သည်။

ကျွန်တော်တစ်ညလုံးအိပ်မရ၊ အိပ်မပျော်နိုင်သော်လည်း ကိုသိုးထိန်းကတော့ သိုးနေအောင်အိပ်သည်။ ပျဉ်းမနားဘူတာတွင် ဂျပန် စစ်တပ်ကပေးသော ထမင်းကိုစားရသည်။ တစ်ညလုံးရထားသည် ဖြည်းဖြည်းပဲမောင်းနေသည်။ တစ်ခါတစ်ရံ ခပ်ကြာကြာလေး ရပ်နေသေးသည်။ နံနက်ခုနစ်နာရီခန့် ရမည်းသင်းသို့ရောက်သည်။ အိမ်သာထဲမှထွက်မရ၍ မျက်နှာမသစ်ရပါ။ ရထားသည် ရမည်းသင်းမှ ဆက်ထွက်ပြီး ရွှေဒါးတွင် နေခိုရန် ရပ်နားလိုက်သည်။ ရွှေဒါးဘူတာအနီးအနား နေအိမ်များတွင် လူမရှိကြပါ။ ဗုံးကြောက်၍ ပြေးနေကြသည်။ ကျွန်တော်နှင့် ကိုစိုးမင်းတို့ စည်တွင်ရွာသို့ သွားကြသည်။ စည်တွင်ရွာသူကြီးဦးစံလင်းက ကျွန်တော်တို့ ရဲဘော်အားလုံးကို ထမင်းကျွေးပါသည်။ ညနေပိုင်းရထားဆက်ထွက်ရာ ညနေခြောက်နာရီခန့် သာစည်သို့ ရောက်ရှိပါသည်။ သာစည်မှအောက်တိုဘာလ ၂၁ ရက် နံနက်သုံးနာရီတွင် ပလိပ်သို့ရောက်ရှိသွားပါသည်။

ကျွန်တော်တို့စစ်ကိုင်းသွားမည့်ရဲဘော်များ ပလိပ်မှငှက်(သမ္ဗန်)စီးပြီး သွားကြမလား၊ မန္တလေးထိမီးရထားဖြင့်ပဲ သွားကြမလား ဆွေးနွေးကြသည်။ ကိုခင်မောင်ညို မန္တလေးထိသွားမည်ဟု ပြောသည်။ကျွန်တော်ကတော့ ရန်ကုန်မှခုနစ်ရက်လုံးလုံး စီးခဲ့ရသော  မီးရထားကြီးကို ကျေးဇူးတင်ပါသည်။ သို့သော် ပလိပ်မှမိုင် ၂၀ ခန့်သာဝေးတော့သော မန္တလေးသို့ ယနေ့အရောက်သွားနိုင်လိမ့်မည်ဟု ယုံကြည်ရန်မဖြစ်ပါ။ သို့ဖြစ်၍ ပလိပ်မှ ငှက်(သမ္ဗန်)စီးသွားရန် ဆုံးဖြတ်လိုက်ပါသည်။

ကျွန်တော်၊ ကိုသိုးထိန်းနှင့်ကိုစိုးမင်းတို့ နှစ်မိုင်ခန့်ဝေးသော ငှက်ဆိပ်သို့ခြေကျင်လျှောက်ခဲ့ကြသည်။ ငှက်ခပေးရန် ကျွန်တော့်တွင် ပိုက်ဆံမရှိသော်လည်း ပလိပ်ဘူတာတွင်တွေ့ရသော ရဲဘော်များက ကျွန်တော်တို့အတွက် ငှက်တစ်စင်းကိုပိုက်ဆံစု၍ ငှားပေးလိုက် ကြသည်။ ထိုရဲဘော်များနှင့် ကျွန်တော်တို့မရင်းနှီးပါ။ အခက်အခဲတွေ့နေသော ရဲဘော်အချင်းချင်း ကူညီကြခြင်းဖြစ်ပါသည်။

ကျွန်တော်တို့စီးလာသော ငှက်ကလေးသည် မြစ်ငယ်မြစ်အတွင်းမှထွက်၍ ဧရာဝတီမြစ်အတွင်းသို့ ဝင်ရောက်လာသောအခါ မိုးစင် စင်လင်းပါပြီ။ အနောက်ဘက်ကမ်းတွင် စစ်ကိုင်းမြို့ကြီးကို မြင်ရသည်။

ဆက်လက်ဖော်ပြပါမည်။