ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၄၉)

လက်ယာဘက်တွင် စစ်ကိုင်းတံတားကြီးရှိသည်။ စစ်ကိုင်းတံတားကြီး၏ စစ်ကိုင်းဘက်မှ တတိယခုံးကြီးသည် ဧရာဝတီမြစ် အတွင်းသို့ ကျိုးကျငုပ်လျှိုးနေသည်။ စစ်ကိုင်းတံတားကြီးအောက်မှ မျှော်ကြည့်လိုက်သော် ထုံးဖွေးဖွေး စေတီကလေးများ ကိန်းဝပ် စံပယ်လျက်ရှိသော ကျက်သရေရှိလှသည့် စစ်ကိုင်းတောင်ရိုးကို ကြည်နူးဖွယ်မြင်တွေ့ရသည်။ တောင်ရိုးတစ်ခုလုံး ထုံးဖွေးဖွေးစေတီ ဘုရားများ အပြည့်ရှိနေသဖြင့် “စစ်ကိုင်းတောင် ဗျိုင်းကောင်နှင့်တူတယ်လေ” ဟု စာဆိုရှိခဲ့သည်။ စစ်ကိုင်းတောင်ရိုးသည် ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ပြေးများခိုလှုံရာ အေးရိပ်သာကြီးဖြစ်ပါသည်။

ရည်မှန်းချက်ဖြစ်သော စစ်ကိုင်းမြို့သို့ နံနက်ခုနစ်နာရီခန့်တွင် ရောက်ရှိကြပါသည်။ ကျွန်တော့်မိဘများနှင့် အိမ်သားများ စစ်ကိုင်းမြို့ ပေါ်တွင် မရှိပါ။ တကောင်းရပ်ရှိ ကျွန်တော်ချက်မြှုပ်ခဲ့သော အိမ်ကြီးမှာဂျပန်က ဗုံးကြဲလိုက်၊ အင်္ဂလိပ်က ဗုံးကြဲလိုက်နှင့် ပြာပုံဘဝသို့   ရောက်ခဲ့ပါပြီ။ အဖေ၊ အမေနှင့်မိသားစု စစ်ကိုင်းတောင်ရိုး မိဂဒါဝုန်ချောင်တွင် ခိုလှုံနေရဆဲဖြစ်ပါသည်။

ကျွန်တော်မိဂဒါဝုန်ချောင်သို့ အပြေးကလေးသွားသည်။ ဘုန်းကြီးကျောင်းတွင်းဖြစ်သော်လည်း ဖိနပ်ချွတ်ရန် သတိမရ၊ အဖေ၊  အမေတို့နေရသည့် ဆွမ်းစားကျောင်းရှေ့ရောက်သွားပါသည်။ ကျွန်တော့်ကိုမြင်သောအခါ နှမအငယ်ဆုံးက “ရဲဘော်တစ်ယောက် လာနေတယ်” ဟု အိမ်သားများကို အသိပေးလိုက်သည်။ ကျွန်တော့်ကို မမှတ်မိ။ ကျွန်တော်ကလည်း အဖေနှင့်အမေကို   အရင်တွေ့ လိုသည်။ အဖေနှင့်အမေဝမ်းသာပြီးမှ ကျန်တဲ့လူတွေဝမ်းသာစေချင်သည်။ ကျွန်တော်က  သူ့ကိုပို၍မမှတ်မိအောင် ဦးထုပ်ကိုရှေ့သို့ ငိုက်ငိုက်ပြင်ဆောင်းလိုက်သည်။ နှမငယ်ရိပ်မိသွားသည်ထင်သည်။ “ကိုကိုသောင်းထင်တယ်၊ အမေရေ...ကိုကိုသောင်းထင်တယ်” ဟု အော်ပါလေတော့သည်။ 

အမေထွက်လာသည်။ လက်ထဲတွင် ယောက်မတစ်ချောင်းကိုင်ထားသည်။ ချက်ပြုတ်နေရာမှထွက်လာပုံရသည်။ အမေ့နောက်က ဖေဖေ၊ ဖေဖေက ဆေးပြင်းလိပ်ခဲထားပြီး ခါးထောက်ရပ်နေသည်။ ကျွန်တော် အမေ့ကိုပြေးဖက်လိုက်သည်။    အမေ့လက်တစ်ဖက် က ယောက်မကြီးကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကျွန်တော့်ပခုံးကို ကိုင်လိုက်သည်။ ကျွန်တော့်မျက်နှာကိုကြည့်ပြီး ရှိုက်၍ ရှိုက်၍ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာသည်။ ကျွန်တော်သည် အမေအတန်တန်တားသည်ကိုနားမထောင်ဘဲ အိမ်မှထွက်ပြေးပြီး တပ်မတော်ထဲသို့ ဝင်ရောက်ခဲ့သူဖြစ်ပါသည်။ အမေနှင့် မတွေ့ရသည်မှာ တစ်နှစ်နီးပါးရှိပါပြီ။ ကျွန်တော်က အဖေ၊ အမေကို   သံယောဇဉ် ဖြတ်လိုက်သည်ဟု ဆုံးဖြတ်ခဲ့သလို အမေကလည်း ကျွန်တော့်ကိုတိုင်းပြည်သို့ အပြီးအပိုင်လှူလိုက်ပြီဟု သဘောထား ကာ စွန့်လွှတ်လိုက်ပြီဖြစ်ပါသည်။ အမေကကျွန်တော့်ကိုပြန်တွေ့ရသောအခါ အဆုံးထားပြီးသော ပစ္စည်းလေးတစ်ခုပြန်တွေ့ရသလို ခံစားရပေလိမ့်မည်။

ကျွန်တော့်အိမ်တွင် ကြာကြာမနေနိုင်ကြောင်း၊ ဒီလ ၂၇ ရက်တွင် ဗိုလ်သင်တန်းကျောင်းသို့ ပြန်လည်သတင်းပို့ရမည်ဖြစ်၍ မနက်ဖြန် သို့မဟုတ် သန်ဘက်ခါတွင် ပြန်ရမည်ဖြစ်ကြောင်း အဖေနှင့်အမေတို့ကို ပြောပြလိုက်သည်။ တစ်အိမ်သားလုံး စိတ်မကောင်းကြပါ။ အိမ်တွင်နေရသော အချိန်ကလေးအတွင်း အမေကကျွန်တော့်ကို ထမင်းဟင်းတွေ စုံနေအောင်ကျွေးသည်။ အုန်းထမင်းနှင့် ကြက်သားဟင်းလည်းပါသည်။ ရှားရှားပါးပါး ဆနွင်းမကင်းတောင် ဖုတ်ကျွေးလိုက်သေးသည်။ နောက်တစ်နေ့တွင် ကျွန်တော် စစ်ကိုင်းမှ ပြန်ထွက်လိုသည်။ အလာတုန်းကလို ရန်ကုန်သို့အပြန် ခုနစ်ရက်ကြာနေလျှင် သတင်းပို့ရမည့်ရက်မမီ၍ ဗိုလ်သင်တန်း တက်ခွင့်မရလျှင် ဘဝတစ်ခုလုံးတွင် ရတောင့်ရခဲလှသည့် တစ်ခုတည်းသော အခွင့်အရေး ဆုံးရှုံးသွားမည်ကို စိုးရိမ်မိသည်။ သို့သော် ကျွန်တော်တို့ ပြန်ချင်သောရက်တွင် မပြန်ရပါ။ အောက်တိုဘာ ၂၃ ရက်တွင် စစ်ကိုင်းမြို့ အာရှလူငယ်အစည်းအရုံးက  ကျွန်တော်တို့ အား  ဂုဏ်ပြုပွဲပြုလုပ်ရန် စီစဉ်ထားပြီးဖြစ်၍ ဂုဏ်ပြုပွဲပြီး နောက်တစ်နေ့တွင်မှသာ ပြန်နိုင်တော့မည်ဖြစ်ပါသည်။

အောက်တိုဘာလ   ၂၄   ရက်တွင် ကျွန်တော်သည် မျက်ရည်စက်လက်နှင့် ကျန်ရစ်ခဲ့သော မိခင်ကြီးနှင့်နှမငယ်များကို ကျောခိုင်းကာ စိတ်မကောင်းစွာထွက်ခွာခဲ့ပါသည်။ တပ်အပြန်ခရီးတွင် အိမ်အပြန်ခရီးလောက် အခက်အခဲမရှိလှပါ။ အမေပေးလိုက်သော ပိုက်ဆံ ပါသဖြင့်လမ်းတွင် ထမင်းကို တောင်းရမ်းစားသောက်ရန် မလိုတော့ပါ။

ကျွန်တော်တို့ အောက်တိုဘာလ ၂၇ရက် နံနက် ရန်ကုန်ရောက်ပါသည်။ ညနေပိုင်းတွင် မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်းသို့ အချိန်မီ သတင်းပို့နိုင်ခဲ့ပါသည်။ မိဘနှစ်ပါး၏ မေတ္တာကြောင့်တပ်သို့ အဝင်လမ်းချောမော ပြေပြစ်ဖြောင့်ဖြူးခဲ့ပါသည်။ ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်ဂျပန်ခေတ်၊ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း၊ ဒုတိယပတ်တပ်ကြပ် သင်တန်းပြီးဆုံးပြီဖြစ်၍ ၁၉၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်တွင် ကျောင်းဆင်းပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။

ကျောင်းဆင်းပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းတက်ရောက်မည်ဟု ကျွန်တော်တို့သိထားကြသည်။ သို့ဖြစ်၍ ကျောင်းသားများ တက်ကြွ နေပြီး ဝီရိယပိုနေကြသည်။ နံနက် ၄ နာရီ မထိုးခင်ကပင် အိပ်ရာမှထကြသည်။ 

ဆက်လက်ဖော်ပြပါမည်။