သူဌေးရေအား လျှပ်စစ်စီမံကိန်းမှ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်၍ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်

သူဌေးရေအား လျှပ်စစ်စီမံကိန်းမှ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်၍ ရခိုင်ပြည်နယ် အတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့် ဖြန့်ဖြူးပေးနိုင်

နေပြည်တော်  အောက်တိုဘာ  ၂၉

   လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး  ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး  ရဲမှူးကြီးသက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲမြို့အရှေ့မြောက်ဘက်ရှိ   သူဌေးရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးသည်။

    ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရန် စွမ်းအင်အရင်းအမြစ် မျိုးစုံမှ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း ထုတ်လုပ်မှုစရိတ် သက်သာစေရန်နှင့် နိုင်ငံတော်မှ  စိုက်ထုတ်သုံးစွဲရမှု သက်သာစေရန်  ရည်ရွယ် တွက်ချက်ဆောင်ရွက် ထုတ်လုပ်ရကြောင်း၊  မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသော ရေအားအရင်း အမြစ်များစွာရှိသဖြင့် ရေအားလျှပ်စစ်စီမံ ကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန်  ဆက်လက်စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်နစ်နာမှုနည်း နိုင်သမျှနည်းအောင် ဆောင်ရွက်လျက်ရှိကြောင်း။

    စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလ အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန် လိုကြောင်း၊  လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေး၊  စက်ပစ္စည်းများ စနစ်တကျတပ်ဆင် အသုံးပြုရေးနှင့် လေလွင့် ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွား ကြရန် လိုကြောင်း၊ စီမံကိန်း ပြီးစီးပါက ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း များစွာ ရရှိမည့်အပြင်  ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့်  ဒေသအခြေခံခရီး သွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တမံရှုရပ်မှနေ၍ စီမံကိန်းဧရိယာ အတွင်း ပင်မတမံတည်ဆောက်ပြီးစီးမှု၊  ရေယူအဆောက်အဦ ဆောက်လုပ်နေမှု၊ ဓာတ် အားပေးစက်ရုံ တည်ဆောက်တပ်ဆင်နေမှု၊ သိုလှောင်ရုံဝင်းအတွင်း စီမံကိန်းတွင်တပ်ဆင် အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ စီမံကိန်းပင်မတမံရေဝပ် ဧရိယာအတွင်း ကျရောက်သော ပုရစ်ကျေးရွာနှင့် ရေကောက်ကျေးရွာများ၏ ရွှေ့ပြောင်း  ပြန်လည်နေရာချထားမှု တို့ကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

    အဆိုပါသူဌေးရေအား လျှပ်စစ်စီမံကိန်းကို သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးမှ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိပြီး ပင်မရေလှောင်တမံမှာ ဇုန်အမျိုး အစား(ကျောက်ဖြည့်တမံ)ဖြစ်ကြောင်း၊ ကန်ရေပြည့်ရေ သိုလှောင်ပမာဏမှာ ၆ ဒသမ ၉၆ သိန်းဧကပေ သိုလှောင်နိုင် ကြောင်း၊ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေး စက်သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိကာ တစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းထုတ် လုပ်၍ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၃ဒသမ၂၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း နှင့် ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်ကုန်လျှင် ၇၆ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း၊  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးနိုင်မည်ဖြစ်၍ ရခိုင်ပြည်နယ်၏ ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။