ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်
အမှတ်စဉ်(၅၀)
ကိုယ်လက်သန့်စင်ပြီး အကောင်းဆုံး စစ်ဝတ်စုံများကို ဝတ်ဆင်ကြသည်။ ဂျပန်ဘုရင် တင်နိုဟေကာ တက်ရောက်မည့် အခမ်းအနားတွင် အတွင်းခံဘောင်းဘီ၊ စွပ်ကျယ်၊ ခြေအိတ်မှအစ လျှော်ပြီးဖွပ်ပြီး အဝတ်များကိုပင် မဝတ်ရ၊ အဝတ်အစားအားလုံး အသစ်စက်စက်ကိုသာ ဝတ်ဆင်ကြမည်ဟု ဂျပန်ဆရာများက သင်ကြားထားပါသည်။ ကျွန်တော်တို့လည်း ကျွန်တော်တို့တိုင်းပြည်၏ အထွတ်အထိပ်၊ တပ်မတော်၏ဖခင်ကြီး တက်ရောက်မည့် အခမ်းအနား၊ ကျောင်းဆင်းပွဲတွင် ဝတ်ဆင်ရန် သီးခြားချန်ထားသော စစ်ဝတ်စုံ အသစ်စက်စက်ကို ဝတ်ဆင်ရုံသာမက ခေါင်းတုံးကိုပင် ပြောင်နေအောင် ရိတ်ထားပြီး ခေါင်းတုံးအသစ်စက်စက်နှင့် တက်ရောက်ကြမည်ဖြစ်ပါသည်။
ခြေသည်း၊ လက်သည်းများလည်း ညှပ်ထားကြသည်။ စစ်ဝတ်စုံဝတ်ဆင်ရာတွင် ဦးထုပ်ဆောင်းသည်မှ ဖိနပ်စီးသည်အထိ စစ်ဝတ်စုံဝတ်ဆင်ခြင်း စည်းကမ်း (Dress Regulation) အတိုင်း တစ်သဝေမတိမ်းဖြစ်အောင် ဝတ်ဆင်ကြရသည်။ ဦးထုပ်ကို နောက်လှန်မဆောင်းရ၊ ရှေ့သို့ငိုက်၍ ဆောင်းရမည်၊ ဖိနပ်စီးရာတွင်နှင့် ပတ်တီးပတ်ရာတွင် ဂရုစိုက်ရသည်။ ဖိနပ်ကြိုးထိုးနည်း မှန်ရသည်။ ကြိုးမလိမ်စေရ၊ ပတ်တီးကို ခြေချင်းဝတ်မှ ဒူးအောက်အထိ၊ သတိအနေအထားတွင် ပတ်တီးစည်းထားသော ခြေသလုံးနှင့် ဒူးအတွင်းပိုင်း စေ့နေရသည်၊ ရှေ့မှကြည့်ကြည့် နောက်မှကြည့်ကြည့် ဟမနေဘဲ တစ်သားတည်း မြင်ရမှ စမတ်ကျသောစစ်သားဟု ခေါ်သည်။ ကျွန်တော်တို့ ဘိရုမာများသည် ခြေခွင်သည်၊ ဒူးချင်းမထိ၊ ခြေသလုံးချင်း မစေ့ကြပါ။
ဒူးချင်းမထိ ခြေသလုံးချင်း မစေ့သော ရဲဘော်များသည် နေ့စဉ်နှင့်အမျှ ပြစ်တင်ရှုတ်ချခြင်းကို ခံကြရသည်။ နံနက် ကျန်းမာရေး လေ့ကျင့်ချိန်တွင် ဒူးကိုအတွင်းသို့ ဝင်အောင်၊ ခွင်နေသည့် ခြေသလုံးကို ဖြောင့်အောင် နှိပ်နယ်ပြုပြင်ပေးရသည်။ လေ့ကျင့်ခန်းများ ပြုလုပ်ကြရသည်။
ထိုလေ့ကျင့်ခန်းများမှာ ကျွန်တော်တို့အတွက် အချည်းနှီးသာဖြစ်ပါသည်။ ခြေသလုံးကို စေ့အောင် ပြုပြင်မှုမှာ မွေးကင်းစကလေး အရွယ်တွင် ဖြစ်နိုင်ပါမည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲဘော်များကတော့ ဗိုလ်ချုပ်ကို အမေမွေးပေးထားသော ခန္ဓာကိုယ်နဲ့ပဲ အလေးပြုကြပါသည်။
နံနက် ရှစ်နာရီတွင် ကျောင်းဆင်းမည့် ကျောင်းသားရဲဘော်များ ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ပြီး “နိရှိရင်းပေဂျော” ခေါ် စစ်ရေးပြကွင်း နောက်ဘက်တွင် တန်းစီကြရပါသည်။
ကျောင်းဆင်း တပ်ခွဲများတန်းစီ၊ အတန်းညှိပြီး သက်သာအနေအထားဖြင့် ဗိုလ်ချုပ်အလာကို စောင့်နေကြရသည်။ ဆယ်နာရီခန့်မှ အခမ်းအနားကို စတင်နိုင်ပါသည်။ ဗိုလ်ချုပ်သည် အချိန်မလေးစား၍မဟုတ်၊ ရဲဘော်များကလည်း ဗိုလ်ချုပ်ကိုစောင့်နေ၍ ပင်ပန်းသည်မထင်ကြပါ၊ ဗိုလ်ချုပ်သည် အလုပ်များနေသည့်ကြားမှ ကျောင်းဆင်းပွဲသို့ တက်ရောက်လာခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ်သည် မြင်းစီး၍ စစ်ရေးပြကွင်းအတွင်းသို့ ဝင်လာပါသည်။ ကျောင်းသားတပ်ခွဲများ ဗိုလ်ချုပ်အား သေနတ်မြှောက် အလေးပြုကြသည်။ ကျောင်းဆင်းပွဲ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသူများမှာ ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်းမဟုတ်ပါ။ ဒုတိယအကြိမ် အဓိပတိ ဒေါက်တာဘမော်အား သေနတ်မြှောက် အလေးပြုကြရသည်။
တတိယအကြိမ် ဂျပန်ဗိုလ်ချုပ် (ရိခုဂွန်ရှိတေရှိခန်း) ကို သေနတ်မြှောက် အလေးပြုကြရသည်။ ၎င်းနောက် အဆိုပါပုဂ္ဂိုလ်သုံးဦးအား ချီတက်အလေးပြု ကြရပြန်ပါသည်။ အောက်တိုဘာလ ၁ ရက်ကမှ ရောက်ရှိလာသော မြန်မာကျောင်းအုပ်အသစ် ဗိုလ်မှူးဇေယျ (ရဲဘော်သုံးကျိပ်ဝင်)လည်း တက်ရောက်ပါသည်။
ထို့နောက် သံရုံကြီး (အူးတင်းတိုက်ဆောဂျော)အတွင်းတွင် တန်းစီကြရသည်။ သံရုံကြီး အတွင်းတွင် မိန့်ခွန်းပြောကြားပြီးနောက် ထူးချွန်ဆု ရရှိသူများကို ဓားဆု၊ လက်ပတ်နာရီဆုများ ချီးမြှင့်ပါသည်။ ဆုပေးပွဲပြီးသောအခါ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကြသည်။ ထိုအချိန်အထိ နံနက်စာမစားကြရသေးသဖြင့် ရဲဘော်ကျောင်းသားများ ဆာလောင် မွတ်သိပ်လျက် ရှိနေကြပါသည်။ တန်းဖြုတ်သောအခါ ထမင်းချက်ရုံသို့ပြေး၍ ထမင်းပုံး၊ ဟင်းပုံးများကို ယူကြသည်။ သို့သော် ခဲလေသမျှ သဲရေကျဖြစ်ကြရပါသည်။ ညကချက်ထားသော ထမင်းဟင်းများသိုးနေ၍ ရဲဘော်များအားလုံး ထမင်းငတ်ကြရပါတော့သည်။ ညနေတွင် အူးတင်းတိုက်ဆောဂျော အတွင်း ကျောင်းဆင်း ညစာစားပွဲ ကျင်းပနေပါသည်။ ထမင်းဟင်းများ အလွန်ကောင်းမွန်၍ အရသာရှိလှပါသည်။
ညတန်းစီချိန်တွင် အကြပ်ဖြင့် သင်တန်းဆင်းပြီး တပ်ရင်းအသီးသီးသို့ သွားရောက်ကြရမည့် ရဲဘော်များ အမည်စာရင်းကို ကြေညာပါသည်။ ကျွန်တော်ကတော့ ဗိုလ်သင်တန်းဆက်၍ တက်ရပါဦးမည်။ ကျွန်တော်အလွန် ဝမ်းသာမိသော်လည်း ဝမ်းလည်း နည်းရပါသည်။ လူ့ကုသိုလ်ကံ ဆိုသည်မှာ ပြိုင်၍မရပါ။ အလွန်ဆန်းကြယ်လှပါသည်။
ဆက်လက်ဖော်ပြပါမည်။