ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၅၁)

ကျွန်တော်ဗိုလ်သင်တန်းတက်ရလျှင် ကျွန်တော့်လိုပဲ ဗိုလ်သင်တန်းတက်ရောက်သင့်သော ရဲဘော်အများအပြားမှာ မတက်ရဘဲ ကျန်ရစ်ခဲ့ကြသည်ကိုတွေ့ရပါသည်။ ကျွန်တော်ချစ်သော ရဲဘော်အများအပြား ဗိုလ်သင်တန်းတက်ရန် အရွေးချယ်မခံကြရပါ။   ထိုအထဲတွင် အခန်း(၃)မှ ရဲဘော်အချို့ကို ဖော်ပြရလျှင် မတော်လိုက်ရသော နှမပေးယောက်ဖ ညွန့်ဝင်းမောင်၊ ကျွန်တော့်ကို အမြဲစောင့်ရှောက်ကြည့်ရှုခဲ့သော ရဲဘော်ကိုသူရ၊ ကျွန်တော့်ကို ကလေးလေးလိုပုံပြော၍ အိပ်ပျော်အောင် သိပ်တတ်သော ရဲဘော်ကိုဝင်းမောင်ကြီး၊ ကျွန်တော်နှင့် သတ်ဖော်သတ်ဖက်ရဲဘော်ကို စိန်ဉာဏ်စသည့်ရဲဘော်များ ဖြစ်ကြပါသည်။ သူတို့နှင့် ခွဲရတော့မည်ဖြစ်၍ စိတ်မကောင်းဖြစ်မိပါသည်။

ဗိုလ်သင်တန်းတက်ရန် ရွေးချယ်ရာတွင် ရဲဘော်တစ်ယောက်၏ ဘဝတက်လမ်းအတွက် အဆုံးအဖြတ်တစ်ခုဖြစ်သဖြင့် မှန်ကန်သော ရွေးချယ်မှုဖြစ်ရန် အရေးကြီးပါသည်။ ထိုအချိန်က ရွေးချယ်မှုမှန်၊ မမှန်ဆိုသည့်ပြဿနာသည် ကျွန်တော့်ဘဝ၀င်ပေါက်အစတွင် တွေ့ကြုံကြရဦးမည့် လောကဓံတရားကို ခံနိုင်ရည်ရှိစေရန် အစပျိုးခြင်းသာ ဖြစ်ပေလိမ့်မည်။

မျက်နှာချင်းဆိုင် အိပ်ရာခြေရင်းတွင် ခပ်မှိုင်မှိုင်ကလေးထိုင်နေသော ညွန့်ဝင်းမောင်ကိုမြင်ရသောအခါ ကျွန်တော်မျက်ရည်များ ကျမိပါသည်။ ထိုညက တပ်ရင်းသို့သွားရမည့် ကျောင်းဆင်းရဲဘော်များ၏ အိပ်ရာများကို သိမ်းသွားသဖြင့် ကျောင်းဆင်းမည့် ရဲဘော်များ အိပ်ရန် အိပ်ရာမရှိကြပါ။ ညွန့်ဝင်းမောင်ကို ကျွန်တော့်အိပ်ရာတွင် ခေါ်ပြီး နှစ်ယောက်အတူအိပ်ကြပါသည်။ ကျွန်တော်က သူ့ကိုနှစ်သိမ့်စကားများ ပြောသည်။ သူက ကျွန်တော့်ကိုစိတ်မချ၊ မှာစရာကြားစရာစကားတွေ အများကြီးပြောသည်။ အိပ်မပျော်ကြပါ။

ဗိုလ်သင်တန်း    မတက်ရောက်ရ၍ ဝမ်းနည်းသူများရှိသလို၊ ပင်ပန်းဆင်းရဲစွာစစ်ပညာသင်ခဲ့ရသော ဤကျောင်းကြီးကို ခွဲခွာသွားရ၍ လွတ်ပြီကျွတ်ပြီဟု သဘောထားကြသော ရဲဘော်များရှိသလို၊ တိုင်းပြည်တာဝန်ကို ချက်ချင်းလက်ငင်း ထမ်းဆောင်ရမည်ဖြစ်၍ ပျော်ရွှင်မြူးထူးကာ သီချင်းများအော်ဆိုနေသော ရဲဘော်များလည်း ရှိကြပါသည်။ ခွဲခွာသွားရမည့်ရဲဘော်များသည် တစ်ခန်းပြီး တစ်ခန်းကူးကာ လိုက်လံနှုတ်ဆက်နေကြသည်မှာ အိပ်ချိန်၊ မီးပိတ်ချိန်ခရာမှုတ်သည်အထိပင် ဖြစ်ပါတော့သည်။ နောက်တစ်နေ့ နံနက် တပ်ရင်းအသီးသီးသို့ တာဝန်ထမ်းဆောင်ကြရန် ကျောင်းဆင်းရဲဘော်များတန်းစီပြီး ကျောင်းအတွင်းမှ ထွက်ခွာသွားကြသော မြင်ကွင်းမှာ လွမ်းစရာ ဆွေးစရာကောင်းလှပါသည်။

ကျောင်းအတွင်း လူနည်းသွားပြီဖြစ်၍ ကျန်ရစ်သူများ ပျင်းခြောက်ခြောက်ကြီး ဖြစ်သွားပါတော့သည်။ ဗိုလ်သင်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို  ၁၉၄၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင်ပြုလုပ်မည်ဖြစ်၍ တက်ရောက်ကြရမည့် ဗိုလ်လောင်းကျောင်းသားများ အချိန်မီ သတင်းပို့ကြရန် ညွှန်ကြားပြီး ခွင့်ရက်တိုးပေးလိုက်ပါသည်။ ကျွန်တော်တို့ စစ်ကိုင်းသားများ စစ်ကိုင်းသို့ပြန်ကြသည်။ (အရိပ်ကိုမြင်၍ အတိတ်ကိုသတိရခြင်း) အခြားဗိုလ်လောင်းကျောင်းသားများလည်း ကိုယ့်ရပ်ဌာနေသို့ပြန်ကြသည်။ နိုဝင်ဘာလ ၁ရက်တွင် ပျက်ကွက်မှုမရှိဘဲ ကျောင်းဖွင့်ပွဲသို့တက်ရောက်နိုင်ကြပါသည်။ ကျောင်းဖွင့်ပွဲတွင် ဂျပန်ကျောင်းအုပ်ကြီးနှင့် မြန်မာ ကျောင်းအုပ်ကြီး ဗိုလ်မှူးဇေယျ (ရဲဘော်သုံးကျိပ်ဝင်)တို့က မိန့်ခွန်းပြောကြားပြီး ဖွင့်လှစ်ပေးလိုက်ပါသည်။

ဗိုလ်သင်တန်းတက်ရမည့် ဗိုလ်လောင်းကျောင်းသားများကို တိုက်တစ်လုံးတွင် သီးခြားထားရှိပါသည်။ ထိုတိုက်သည် ကျောင်း၏ အရှေ့ဘက် ရန်ကုန်-မန္တလေးကားလမ်းနှင့် ကပ်လျက်ရှိသော တိုက်ဖြစ်ပါသည်။ ကျွန်တော်သည် တိုက်အပေါ်ထပ်ရှိ အခန်း(၄)တွင် အခြားဗိုလ်လောင်းကျောင်းသား ၄၀ ခန့်နှင့်အတူ နေရာချထားခြင်းခံရပါသည်။ တိုက်အပေါ်ထပ်တွင် နေရသူများမှာ ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်သို့ စေလွှတ်ရန် ပဏာမရွေးချယ်ထားသူများ ဖြစ်ကြပါသည်။ ရွေးချယ်ထားသူများထဲတွင် စစ်ကိုင်းသားများ ဖြစ်ကြသော ကိုသောင်းဒန်(အငြိမ်းစားဗိုလ်မှူးချုပ်)၊ ကိုအောင်မြတ်(သူရဘွဲ့ရ-ကျဆုံး)၊ ကိုသန့်ဇင်(ဗိုလ်မှူး-ကွယ်လွန်)၊ ကိုခင်မောင်ထွန်း (မြဝတီ)၊ ကိုခင်မောင်ညို(ဗိုလ်မှူး-အငြိမ်းစား)၊ ခင်မောင်ညို(မန်း)၊ ကိုနေထွန်း(ဗိုလ်မှူးကြီး-အငြိမ်းစား)၊ ကိုလှဆွေ(ဗိုလ်မှူးကြီး-အငြိမ်းစား၊ သံအမတ်ကြီး)၊ ကိုသိုးထိန်း(ဒုတိယဗိုလ်မှူးကြီး-အငြိမ်းစား)၊ ကိုစိုးမင်း(ဗိုလ်ကြီးကျဆုံး)၊ ကိုရဲလှ (ဗိုလ်ကြီး-ကွယ်လွန်)၊ ကိုလှမော်(ဗကပ-ကျဆုံး)တို့   ပါရှိကြပါသည်။ ကိုဘထွေး(ဒုတိယဗိုလ်မှူးကြီး-အငြိမ်းစား)တစ်ယောက်သာ တိုက်အောက်ထပ်တွင်ရှိနေပါသည်။ နှစ်လခန့်ကြာသောအခါ ကိုဘထွေးလည်း အပေါ်ထပ်သို့ တက်လာရပါသည်။ ၁၉၄၄ ခုနှစ် မတ်လ ၁၅ ရက်ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်သို့ မထွက်ခွာမီအချိန်အထိ ရွေးချယ်ထားသူများ အပြောင်းအလဲ အနည်းငယ် ရှိခဲ့ကြပါသည်။

ထိုအချိန်က ဂျပန်ပြည်သို့လိုက်ရန်၊ မလိုက်ရန်ဆုံးဖြတ်ချက်မှာ အရွေးချယ်ခံထားရသော ကျောင်းသားများအတွင်း သေရေးရှင်ရေး တမျှ အရေးကြီးသောပြဿနာတစ်ရပ်ဖြစ်ခဲ့ရပါသည်။ ဗမာ့တပ်မတော်က ဖက်ဆစ်ဂျပန်တို့အား တော်လှန်တိုက်မည့် အစီအစဉ် ရှိနေသည်ကို ကျောင်းသားရဲဘော်များ သိနေကြသည်။ တော်လှန်ရေးဘယ်တော့လုပ်မည်ကို မသိကြသော်လည်း တပ်မတော် ခေါင်းဆောင်ပိုင်းတွင် လျှို့ဝှက်စီစဉ်လျက်ရှိကြောင်း ရဲဘော်များအတွင်း တီးတိုးပြောဆိုလျက်ရှိနေကြပါသည်။

ဆက်လက်ဖော်ပြပါမည်။