၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသူတို့၏ ရင်တွင်းစကားသံများ

၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုရရှိသူတို့၏ ရင်တွင်းစကားသံများ

ပြန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မြန်မာစာပေ အကျိုးကိုထူးချွန်ပြောင်မြောက်စွာ တစ်သက်လုံး အားထုတ်ရေးသားပြုစုခဲ့ကြသော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသောအားဖြင့် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေဆုများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ အမျိုးသားစာပေဆုရရှိသူများအနက်မှ “မြန်မာ့ယဉ်ကျေးမှုနှင့်အနုပညာဆု” တွင် ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ၏ မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာခြင်းခေါင်းစဉ်ဖြင့်ရေးသားသည့် ဆရာမကြီးရွှေကူနန်းနွဲ့နွဲ့၊ “အင်္ဂလိပ်ဘာသာ (ရသ)ဆု” တွင် Through the Window of Sarpay Beikman စာအုပ်ရေးသားသည့် ဆရာကြီးမောင်ဆွေငယ်နှင့် “သုတပဒေသာ(အသုံးချသိပ္ပံ)ဆု” တွင် သိပ္ပံနည်းကျဒေတာလမ်းပြ စားသောက်ကုန်တာရှည်ခံထိန်းဓာတုပစ္စည်းများ စံချိန် စံညွှန်းပြည့်မီစွာ အသုံးပြုနည်းစာအုပ်ရေးသားသည့် ဒေါက်တာသန်းထိုက်တို့အား သွားရောက်တွေ့ဆုံမေးမြန်းပြီး ရင်တွင်း စကားကြားသိခဲ့ရမှုအား စာဖတ်သူများအတွက် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

ဆရာမကြီးရွှေကူနန်းနွဲ့နွဲ့

ကိုဗစ်ဖြစ်တော့လူကြီးတွေ အထူးသတိထားရတာပေါ့နော်၊ လော့ဒေါင်းတွေချလိုက်တော့ ဘယ်မှလည်း ထွက်လို့မရဘူးဆိုတော့ တို့စာရေးဆရာဆိုတာတော့ စာပဲရေးမှာပေါ့ကွာဆိုပြီး ဘာရေးရပါ့၊ ကျွန်မက ယဉ်ကျေးမှုလိုင်းဖြစ်ပါတယ်။ အချစ်ဝတ္ထုတွေ မရေးခဲ့ပါဘူး။ သူတစ်ပါးကိုအကျိုးပြုနိုင်မယ့်၊ အထောက်အကူပြုနိုင်မယ့်စာအုပ်တွေ  မဟာဂီတနဲ့  မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဟာ ဒါတွေကိုပဲရေးတယ်။  ဒီအချိန်မှာ  ငါဘာရေးရင်သင့်မလဲဆိုတော့ ဟိုးတုန်းကပန်းဆိုးတန်းအဟောင်းဈေး  စာအုပ်ဆိုင်လေးမှာ ဝယ်ခဲ့တဲ့ ပြဇာတ်စာအုပ်လေးရှိတယ်။ အဲဒါက ညောင်ရမ်းခေတ်ဝန်ကြီး ပဒေသရာဇာ၏ မဏိကက်ပြဇာတ် အဲဒါလေးကို မဖတ်ဖြစ်ဘူး။ ဟိုနားလှန်လိုက် ဒီနားလှန်လိုက်အဲလိုပဲ ဖတ်ဖြစ်တယ်။ အဲခါမှာဒီတစ်ခါတော့ ငါသေချာကြည့်ရမယ်ဆိုပြီးတော့ အဲဒီစာအုပ်ကို စိတ်နှစ်ပြီးကြည့်လိုက်တဲ့အခါကျတော့ မဏိကက်ပြဇာတ်က တစ်ချိန်ကသင်ခဲ့တယ် ထင်တယ်ဆိုပြီး စိတ်ဝင်စား သွားတယ်။ မဏိကက်ပြဇာတ်ဆိုတာ ကျွန်မတို့ကြားဖူးတယ်။ ဒါပေမဲ့ တစ်ခါမှလည်း မကြည့်ဖူးဘူး။ ဘယ်သူပြောတာမှလည်း ဇာတ်လမ်းလည်းနားမထောင်ဖူးဘူး။ အဲ့တော့မှ အဲ့စာအုပ်ကိုလေ့လာတဲ့အခါ သူကတကယ်လေးလေးနက်နက်ရေးထားတာ၊ ကျွန်မက ဂီတသမားဖြစ်တော့ ဝန်ကြီးပဒေသရာဇာဆိုတာ  ထံတျာတေရှင်ကြိုးကို သူစတင်ရေးခဲ့တာ  ကျွန်မတို့ပန်တျာကျောင်းတို့ ယဉ်ကျေးမှုတက္ကသိုလ်တို့ မဟာဂီတစသင်မယ့်သူတို့ရဲ့ နံပါတ်တစ်သင်ရမယ့်သင်ရိုးပါ၊  ဝန်ကြီးပဒေသရာဇာရဲ့လက်ရာက ကျွန်မတို့ မဟာဂီတစာအုပ်ကြီးတွေထဲမှာရှိတယ်။ အင်မတန်နက်နဲတဲ့ သီချင်းကန်အထိသူရေးခဲ့တယ်။ သူဇာပျို့တို့လည်း သူရေးခဲ့တယ်။ အဲဒါဆိုတော့စိတ်ဝင်စားတာပေါ့၊ ဒီပြဇာတ်ကို ထံတျာတေရှင်ရေးတယ်ဆိုတဲ့ ဝန်ကြီးရဲ့စိတ်ကို ကျွန်မတို့ခန့်မှန်းလို့ရတယ်။ နောင်လာနောက်သားအတွက် သူထားခဲ့မှာပဲဆိုတဲ့စိတ်ရှိတော့ အဲဒီပြဇာတ်ကိုသေချာဖတ်တာ၊ သူကဘာတွေနဲ့ရေးထားလဲဆိုတော့ လင်္ကာတွေနဲ့ရေးထားတာ၊ နဘေတွေနဲ့ရေးထားတာ၊ အဲ့မှာစကားပြေနည်းနည်း တေးသီချင်းအဲလိုတွေပါတယ်။ ဆိုတော့ ဘာပဲ ဖြစ်ဖြစ် ကိုဗစ်ကာလမှာ စိတ်ကိုနှစ်ပြီးဖတ်ကြည့်လိုက်တဲ့အခါကျတော့ ဒီဥစ္စာနောက်လူတွေအတွက် အများကြီး အသုံးဝင်မှာပဲလို့ ဆိုပြီးတော့ ကျွန်မရဲ့အသိမိတ်ဆွေများဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနက ပါမောက္ခကြီးတွေကို လှမ်းမေးတယ်။ သူတို့ကို မေးတဲ့အခါကျတော့   ဒီဟာကစာအုပ်အနေနဲ့ကတော့ ဘယ်သူမှမထုတ်သေးဘူး။ စာတမ်းပြုစုတဲ့ အကျဉ်းပေါ့နော်။ ဒီထဲက တစ်စိတ် တစ်ပိုင်းပေါ့ ဆရာမကြီးရေးမယ်ဆိုရင်တော့ ကျွန်တော်တို့ကအားပေးမှာပေါ့ဗျာတဲ့ ဒီတစ်ခွန်းရလိုက်တယ်ဆိုတော့ တက္ကသိုလ်မှာ အသုံးတည့်မယ့် စာအုပ်တစ်အုပ်လို့ ကျွန်မယူဆတယ်။ အဲ့တော့စလေ့လာကတည်းက ဘေးမှာနုတ်ဘုတ်နဲ့ထားပြီးတော့    တစ်ခါတည်း လေးလေးနက်နက်ပေါ့၊ ကိုယ်ပြုစုမယ့်စာအုပ်ရဲ့ အနေအထားကို သိတဲ့အခါမှာ ပိုပြီးဂရုစိုက်တယ်။  အဲတော့  တစ်နေ့ပြီး တစ်နေ့ဖတ်လိုက်၊ တစ်နေ့ပြီးတစ်နေ့ရေးလိုက်၊ တစ်နေ့ပြီးတစ်နေ့မှတ်လိုက်၊ နောက်တစ်ခါ ကျွန်မမှာရှိတဲ့ ကိုးကားလို့ရမယ့် စာအုပ်တွေ ဆွဲထုတ်လိုက် အဲ့လိုနဲ့ကျွန်မ ကိုဗစ်ဒုတိယလှိုင်းမပြီးခင်မှာ စာအုပ်ကပြီးသွားတယ်။ ဒါပေမဲ့ ဒုတိယလှိုင်းအပြီးမှာ ကျွန်မခင်ပွန်းဆုံးသွားတော့ ဒီစာအုပ်ကို ကျွန်မထုတ်ချင်စိတ် မရှိတော့ဘူး။ စိတ်ဓာတ်တွေကျသွားတယ်။ ဒါပေမဲ့နိုင်ငံတော်က တာဝန်ပေးတာလေးတွေရှိတယ်။ နောက်တစ်ခါ ဆိုကရေးတီး ကိစ္စလေးတွေရှိတယ်။ ယဉ်ကျေးမှုတက္ကသိုလ်က မေတ္တာရပ်ခံပြီးတော့ လာဟောပြောပေးပါ ဒီလိုတွေရှိတဲ့အခါကျတော့ ကိုယ်သိထားတတ်ထားတာကလေးတွေက အလဟဿမဖြစ်အောင် အသက် ၈၀ ကျော်ပြီဖြစ်တဲ့အတွက် သူများအတွက်ထားခဲ့နိုင်အောင် လုပ်တော့လုပ်ရဦးမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြန်အားတင်းပြီးတော့    ဒီမဏိကက်ကိုပြန်ကိုင်ပြီးတော့   စာအုပ်ထွက်တဲ့အထိ အားထုတ်လိုက်တာပါ။ အဲဒီအခါမှာ မိတ်ဆွေတစ်ယောက်က ပြောတယ်။ ဆရာမက ကျောင်းဆရာမဖြစ်တဲ့အတွက် မင်းတပည့်တွေကို နုတ်၊ မှတ်စုပေးသလိုပဲ မင်းရေးထားတယ်တဲ့ ကျောင်းသားတွေ ဖတ်လို့ရှိရင် မှတ်လို့လွယ်အောင်လို့ လုပ်ထားပေးတာပေါ့ဆိုတော့မဟုတ်ဘူး မင်းကိုသိတာက ဂီတသမားလို့သိတယ်တဲ့ ကျွန်မကို မြန်မာ့အသံတို့ ချန်နယ်နိုင်းတို့လွှင့်နေတာတွေရှိတော့ မဟာဂီတသမားလို့ လူတွေသိတယ်။ အဲတော့တေးဂီတရှုထောင့်က လေ့လာခြင်းဆိုရင် ပိုမကောင်းဘူးလားတဲ့ဆိုတော့ အဲဒီမှာကျွန်မတွေဝေသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညောင်ရမ်းခေတ်ကပါတဲ့ တေးဂီတဟာ ဒီအထိကျွန်မတို့  ဘိုးဘွားတွေကသယ်ယူလာတဲ့အခါမှာ သူက ဇာတ် ပို့တီးချက် ၈ ခုပါတယ်။ ဝန်ကြီးရဲ့စာအုပ်ထဲမှာ  ပြဇာတ်ထဲမှာ  ဒီကနေ့ရေကြည့်လိုက်တော့အများကြီးဖြစ်နေပြီလေ၊ ဒါကျွန်မတို့လူတွေ တိုးပွားအောင်လုပ်ခဲ့တဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု တွေပေါ့နော်၊ ဟာဒါပါသင့်တယ်ဆိုပြီး ကျွန်မအဲဒီမှာဖြည့်လိုက်တယ်။ တေးဂီတရှုထောင့်မှလေ့လာခြင်းဆိုတော့ အဲဒီခေါင်းစဉ်ကို ရွေးလိုက်ပြီဆိုကတည်းက တေးဂီတကို ကျွန်မအလေးပေးပြီးတော့ ရေးခဲ့တာဖြစ်ပါတယ်။

ဆရာမကြီးသည် ကချင်ပြည်နယ်၊ ရွှေကူမြို့ဇာတိဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် မြန်မာ့အလှဂီတအမွေ၊ ၂၀၁၁ ခုနှစ်တွင် ပန်းကိန္နရီ ဝတ္ထုတိုများ၊ ၂၀၁၆ ခုနှစ်တွင် ကုန်းဘောင်ပရမေနှင့်သံစဉ်(၇)ပါး၊ ၂၀၁၈ခုနှစ်တွင်    ရသမွှေးထုံစာပန်းရဂုံ ကောက်သင်းစာစု၊ ၂၀၁၉ ခုနှစ်တွင် မဟာဂီတဥယျာဉ်နန်းအဖွင့်(ပ+ဒု)နှစ်အုပ်တွဲ၊ ၂၀၂၁ ခုနှစ်တွင်   မဏိကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှလေ့လာခြင်း စာအုပ်များထုတ်ဝေခဲ့သည်။ ၁၉၆၀ ပြည့်နှစ်တွင်  ဦးသန့်နှင့်ကမ္ဘာ့ငြိမ်းချမ်းရေးခရိုင်အဆင့်စာဆိုတော်နေ့ဆောင်းပါးပြိုင်ပွဲပထမဆု၊ ၁၉၉၀ ပြည့်နှစ်တွင် မြန်မာ့အလှဂီတအမွေယဉ်ကျေးမှုဆိုင်ရာ စာပေဗိမာန်တတိယဆု၊ ၂၀၁၁ ခုနှစ်တွင် တရုတ် မြန်မာချစ်ကြည်ရေး ကဗျာရွတ်ဆိုပွဲ တတိယဆုနှင့် ၂၀၂၂ ခုနှစ်တွင် ဂီတထူးချွန်(ပထမဆင့်)ရရှိခဲ့သည်။

ဆရာကြီးမောင်ဆွေငယ်

ဒီနှစ် ၂၀၂၂ ခုနှစ် သြဂုတ် ၂၆ရက်က တို့စာပေဗိမာန်ရဲ့စိန်ရတုပေါ့၊ အဲဒီစိန်ရတုကိုအမီပေါ့၊ အဲဒါဘာလုပ်ရမလဲဆိုပြီး စဉ်းစားတာ  ကိုယ်ကလည်း စာပေဗိမာန်မှာနှစ်ပေါင်း ၄၀ ကျော်လုပ်လာခဲ့တာ၊ ၄၀ ကျော်ဆိုတာက   စာပေဗိမာန်ကို ၁၉၈၀ ကနေ စရောက်တယ်။ အဲဒီကနေအယ်ဒီတာနဲ့ လုပ်နေလိုက်တာ နောက်ပိုင်း ၂၀၀၀ ပြည့်နှစ်မှာကျတော့ ကိုယ်ကစာတည်း မှူးချုပ်ဖြစ်သွားတယ်။ စာတည်းမှူးချုပ်ဖြစ်ပြီးတော့ ၂၀၀၇ ခုနှစ်မှာ အငြိမ်းစားယူသွားတယ်။ အငြိမ်းစားယူသွားပေမယ့် ဆက်ပြီးတော့အကြံပေး ငါးနှစ်ဆက်လုပ်ရတယ်။ ငါးနှစ်ဆက်လုပ်ပြီးတော့ အဲ့မှာကိုယ်ကနားလိုက်တယ်။ ဒါပေမဲ့စာပေအဖွဲ့အစည်းတွေကတော့   စာပေဗိမာန်ရဲ့ စာပေအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေမှာ အကုန်လုံးပါနေတယ်။ အဲဒီအချိန်ကတည်းကနေပြီး ဆက်တိုက် အခုအချိန် အထိပေါ့၊  နှစ်ပေါင်း ၄၀ စာပေဗိမာန်ကို အလုပ်အကျွေးပြုတာ၊ စာအုပ်ကသိပ်မထုတ်တော့ဘူး။ ဝတ္ထုတွေရေးတယ်။ ကဗျာတွေ ရေးတယ်။ ဆောင်းပါးတွေရေးတယ်။ အရင်တုန်းက အင်္ဂလိပ်သတင်းစာနဲ့ မြန်မာသတင်းစာမှာရေးတယ်။ မောင်လှိုင်နဲ့ရေးတာ၊ အရင်တုန်းကသတင်းစာ ၇ စောင်ရှိတယ်။  အဲဒီသတင်းစာ ၇ စောင်မှာကိုယ်ကမောင်လှိုင်နဲ့ရေးတာ၊ အင်္ဂလိပ်လည်းရေးတယ်။ ဗမာလည်းရေးတယ်။ အခုဒီဘက်ပိုင်းကျတဲ့အခါကျတော့ အင်္ဂလိပ်ကိုပဲမောင်လှိုင်လို့ရေးတယ်။ ကိုယ်ကတစ်ခါတစ်ခါ မောင်ဆွေငယ်နဲ့ရေးတယ်။ အပြင်စာစောင်မှာတော့  မောင်ဆွေငယ်နဲ့ရေးပါတယ်။ ကိုယ်ကစာပေဗိမာန်မှာ ကိုယ်တိုင် လုပ်ခဲ့တယ်။ ကိုယ်ကိုယ်တိုင်လုပ်ခဲ့လို့  ကိုယ်တိုင်သိလို့ အဲဒါကိုရေးခဲ့တာပါ၊ စာပေဗိမာန်အကြောင်း၊ ဆူရန်တိုဗီလာအကြောင်းတွေ၊ နောက် စာပေဗိမာန်မှာ ရှိနေတဲ့ပြည်သူ့ စာကြည့်တိုက်အကြောင်းတွေ၊ တစ်သက်တာ စာပေဆုမွေးဖွားလာတဲ့ အကြောင်းတွေ၊ အရှေ့တောင်အာရှ စာပေဆုအကြောင်းတွေ ဒီအထဲထဲမှာ အကုန်ပါတယ်။ နောက်ဒီစာအုပ်က နှစ်ပိုင်းခွဲထားတယ်။ အေနဲ့ဘီနဲ့  ဘီကဘာလဲဆိုတော့ သူကရသသဘောလည်းပါတယ်။ အဲ့ထဲမှာ တရုတ်စာရေးဆရာအသင်းနဲ့ ကိုယ်တို့စာရေးဆရာ အကြောင်းတွေ၊ ဆင်ဖြူ ကျွန်းအောင်သိန်းတို့ အကြောင်းတွေ အကုန်ပါတယ်။ နောက်တက္ကသိုလ်ရဲ့ နှစ်(၁၀၀)ပြည့်မှာလည်း ကိုယ်နဲ့ တက္ကသိုလ်ရဲ့ အခန်းကဏ္ဍတွေ၊ အဲတော့သူကသုတရော ရသရောနှစ်ပိုင်းပါထားတာ၊ အဲဒါကြောင့်သူတို့က ရသပိုင်းကနေပေးတာ၊  မောင်လှိုင်နဲ့က နှစ်အုပ်ထုတ်တာ၊  ဒါကမောင်ဆွေငယ်နဲ့ထုတ်တာ၊ စာအုပ်အနေနဲ့ဆိုရင်သုံးအုပ်ရှိသွားပြီ၊ ဆုရတာကတော့ မထင်မှတ်ဘူး။ ကိုယ်တို့ ကတော့ အမှန်ပြောရရင် ကိုယ်ကျေးဇူးဆပ်လို့ ကျေးဇူးတုံ့ပြန်လို့ ကိုယ်ဆုရတယ်လို့ပဲ အောက်မေ့ပါတယ်။ ဘာလို့လဲဆိုတော့  ဒီစာအုပ်ကိုထုတ်ပေးတဲ့သူကို ကိုယ်ကျေးဇူးတင်တယ်။ နိုင်ငံ့ဂုဏ်ရည်စာပေတိုက်ကို ကျေးဇူးတင်ပါတယ်။ ဒီဆောင်းပါးတွေ ကိုရေးနိုင်အောင် ကိုယ့်ကိုလက်တွဲခေါ်ပေးခဲ့တဲ့ဆရာကြီးဦးဘကျော်တို့ ဆရာမင်းကျော်မင်းတို့ကို ကျေးဇူးတင်ပါတယ်။ နောက်ငယ် ငယ်တုန်းက  ကိုယ့်ကိုသင်ပေးခဲ့တဲ့ ဝါးခယ်မက ဆရာကြီးဦးအောင်သန်းတို့ အင်္ဂလိပ်စာ ပါမောက္ခဆရာကြီးဦးမျိုးမင်း၊ နောက် ဆရာကြီး ဒေါက်တာမောင်မောင်ကြင်၊ ဆရာကြီးသခင်ဘသောင်း သူတို့ဆီကနေပြီး ကိုယ်ကပညာတွေရခဲ့တာဆိုတော့ အဲ့ဆရာကြီး တွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒေါက်တာသန်းထိုက်

ဒီစာအုပ်အတွက်  လိုအပ်တဲ့အချက်အလက်များကို မိမိတစ်သက်တာထမ်းဆောင်ခဲ့တဲ့တာဝန်မှတ်တမ်းများကို စုဆောင်းခဲ့ရပါတယ်။  ဓာတုပစ္စည်းရောင်းဝယ်တဲ့ကုမ္ပဏီများက လုပ်ငန်းရှင်များအတွက် ပံ့ပိုးပေးရတဲ့ လက်တွေ့အားနည်းချက်တွေ၊ စားသောက်ကုန် လုပ်ငန်းတွေရဲ့ လက်တွေ့အားနည်းချက်တွေ၊ စားသောက်ကုန်လုပ်ငန်းတွေမှာ လက်တွေ့အသုံးပြုနေကြတဲ့ တာရှည်ခံ ထိန်းဓာတု ပစ္စည်းတွေကို နယ်အသီးသီးကခန့်မှန်း၍ အသုံးပြုနေကြရတဲ့အခြေအနေ၊ အမှန်တကယ်လိုအပ်ချက်စသည်များကို ကွင်းဆင်း လေ့လာစုဆောင်းခဲ့ပါတယ်။ မိမိတာဝန်ထမ်းဆောင်ခဲ့တဲ့ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှာ လုပ်သင့်လုပ်ထိုက်တဲ့ ပံ့ပိုးမှုများကို ပညာပေးခြင်း၊ လက်တွေ့ကူညီပေးခြင်းများကိုလည်း ပြန်လည်စဉ်းစားပြီး အချက်အလက်များကို စုဆောင်းခဲ့ပါတယ်။ တက္ကသိုလ်မှာ သင်ကြားပေးရတဲ့ နည်းပညာသိပ္ပံများနဲ့ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့က ရရှိတဲ့အတွေ့အကြုံတွေကို ပူးပေါင်းပြီး ဟောပြောခြင်းများ မှတ်တမ်းများကို ပြန်လည်ရယူခဲ့ပါတယ်။ ကျွန်တော်တာဝန် ထမ်းဆောင်ခဲ့ရတဲ့ဌာနများသည်   နိုင်ငံတော်အတွင်းရှိ လုပ်ကိုင်စားသောက်နေကြသော မြန်မာနိုင်ငံသား မြို့နေကျေးလက်နေလူမျိုး၊ ဘာသာမရွေး လက်တွေ့ လုပ်ကိုင်နေကြသော လုပ်ငန်းများအတွက် အထောက်အကူပြုရန်အလို့ငှာ အသိပညာပေးခြင်း၊ အလွယ်တကူနားလည်လွယ်သည့် စကားရပ်များဖြင့် စာအုပ်ရေးရခြင်းမှာ လှုပ်ရှားရမှုများ အကျဉ်းပင်ဖြစ်ပါတယ်၊ တကယ်တော့ စာရေးသားမှုကျွမ်းကျင်မှု မရှိသေးပါဘူး၊ အထူးသဖြင့်မြန်မာစာနဲ့ ရေးသားမှုမှာ အခက်အခဲရှိခဲ့ပါတယ်၊ ကျွန်တော့်ဇနီး(ယခုကွယ်လွန်)မှ အနီးကပ် ပြင်ဆင်ပေးမှုဖြင့် စာရေးမှုမှာပြီးမြောက်ခဲ့ရတာ ဖြစ်ပါတယ်၊ အချက်အလက်ဒေတာတွေကို အင်တာနက်မှ ရယူထားပြီး အင်တာနက်အသုံးပြုမှုနှင့် အခြားသောနည်းပညာဆိုင်ရာကိစ္စများ အဆင်ပြေရေးအတွက် သမီးဖြစ်သူက ပံ့ပိုးပေးခဲ့တာပါ၊ ရေးသားရမှုမှာ ခက်ခဲပါသည်။ နည်းပညာဆိုင်ရာ အသုံးအနှုန်းများ သီးသန့်သာရေးသားပါက စာဖတ်သူများ အခက်အခဲရှိမည်ကို စိုးရိမ်သဖြင့် ဘာသာပြန်ရာတွင် Dictionary အမျိုးမျိုးဖြင့် ကြည့်ရှုရွေးချယ်ခဲ့ရပါတယ်၊ MCM Co. မှ ဓာတုအင်ဂျင်နီယာများ၊ ရန်ကုန်တက္ကသိုလ်နှင့် အခြားတက္ကသိုလ်များမှ ကုန်ထုတ်ဓာတုဗေဒပါမောက္ခများ၊ ကထိကများမှာ နိုင်ငံခြားမှပါရဂူ ဘွဲ့ရရှိကြပြီး ဖြစ်၍ ကျွန်တော့်စာအုပ်ကို တည်းဖြတ်ပေးခဲ့ကြလို့ ချောမွေ့ခဲ့ရခြင်းဖြစ်ပါတယ်၊ အားလုံး ကိုကျေးဇူးတင်ပါတယ်၊ စာဖတ်သူများ အတွက် အကျိုးရှိစေမှုကိုရရှိစေကြရန် စုဆောင်းပြီးရေးသားဖြန့်ဝေနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မှုရရှိခဲ့ပါတယ်၊ ယခုနိုင်ငံတော်က အမျိုးသားစာပေဆုချီးမြှင့်မှုမှာ လုံးဝမမျှော် လင့်ထားပါဘူး၊ ယခင်ရရှိခဲ့ကြတဲ့ စာရေးဆရာကြီးများအား အားကျမိခဲ့ရပါတယ်၊ ယခုလက်တွေ့ရရှိခဲ့တဲ့အတွက် အတိုင်းထက်အလွန်ပီတိဖြစ်ရပါတယ်၊ ရွေးချယ်ရေးအဖွဲ့နှင့် နိုင်ငံတော် ဌာနများက ဝန်ထမ်းအားလုံး ကို ကျေးဇူးတင်ရှိပါတယ်၊ စာရေးသူထက် ဘာသာရပ်ဗဟုသုကြွယ်ဝကြတဲ့ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ကထိကများ၊ ပင်စင်ယူပြီး ပါကလည်း မိမိတို့၏ အသိပညာများကို ဖြန့်ဝေရေးသားပေးကြပါရန် တိုက်တွန်းလိုပါတယ်၊ ပုံနှိပ် ထုတ်ဝေမှု အခက်အခဲရှိပါက MCM Publishing လှိုင်သာယာစက်မှုမြို့နှင့် ညှိနှိုင်းဆောင်ရွက်နိုင်ကြောင်းနှင့် မိမိအနေဖြင့် ကူညီပေးနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါ တယ်။

ဒေါက်တာသန်းထိုက်သည်  စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ဇာတိဖြစ်ပြီး ၁၉၅၄၊ ချောင်းဦးအထကမှ ၁၀ တန်းအောင်မြင်သည်။ ၁၉၅၄ မှ ၅၈ ခုနှစ်ထိ မန္တလေးတက္ကသိုလ်မှ B.SC (Chem)ဘွဲ့ရရှိပြီး ၁၉၅၉ တွင် သရုပ်ပြဆရာ၊ ဓာတုဗေဒဌာန၊ မန္တလေးတက္ကသိုလ်၊ ကိုလံဘို စီမံကိန်းပညာတော်သင် ဆစ်ဒနီတက္ကသိုလ် သြစတြေးလျ၊ ၁၉၅၉-၆၁ ဓာတုအင်ဂျင်နီယာသင်တန်း B.E (Chem.Eng)(Sydney)၊ ၁၉၆၁-၆၅ ပါရဂူဘွဲ့-သုတေသန ဓာတုအင်ဂျင်နီယာ ဆစ်ဒနီတက္ကသိုလ် Ph.D.(Chem.Eng)(Sydney)၊ ၁၉၅၉ သရုပ်ပြဆရာ ဓာတုဗေဒဌာန မန္တလေးတက္ကသိုလ်၊ ၁၉၅၉-၆၅ ကိုလံဘိုစီမံကိန်း ပညာတော်သင် သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်၊ ၁၉၆၅ သင်တန်းနည်းပြဆရာ ဓာတုအင်ဂျင်နီယာဌာန ရန်ကုန်စက်မှုတက္ကသိုလ်၊ ၁၉၆၇-၈၀ ကထိက ကုန်ထုတ်ဓာတုဗေဒဘာသာရပ် သင်ကြားရေးတာဝန်ခံ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ၁၉၈၀-၂၀၀၁ ညွှန်ကြားရေးမှူးချုပ် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သမဝါယမဝန်ကြီးဌာန၊ ၂၀၀၅-၂၀၁၅ ဒဂုံမြို့နယ်(တောင်ပိုင်း)မြို့နယ်ရှိ အတိုင်ပင်ခံ၊ အော်ရီဂါနိုဆော့စ်စက်ရုံ (KMN) ကုမ္ပဏီ အစုအဖွဲ့ အတိုင်ပင်ခံတာဝန်များ ထမ်းဆောင်ခဲ့သည်။

ဝန်းရံခ