ငယ်ဘဝ

ယမန်နေ့မှအဆက်

လေးနှစ်လုံးသူ ကူညီရလျှင် ပင်ပန်းမှာစိုး၍ စတိုင်ပင် ရပါစေဟု ဆုတောင်းမိသည်။

တက္ကသိုလ်တက် ရတော့မည်ဆိုမှ အမေကြီးအတွက် စိတ်မကောင်း ဖြစ်ရပြန်သည်။ မောင်ငြိမ်းချမ်းတက္ကသိုလ် ပညာသင်ကြားနေစဉ် လေးနှစ်ကြာမည်။ ထိုလေးနှစ်အတွင်း အမေကြီးကို ဘာမျှထောက်ပံ့နိုင်မည်မဟုတ်။

အမေကြီး ဆင်းရဲရှာလိမ့်မည်ဟု စိတ်မကောင်း ဖြစ်မိသည်။ ဤလေးနှစ် အတွင်းမှာသာ အမေကြီး ကွယ်လွန်သွားလျှင် မောင်ငြိမ်းချမ်း တစ်သက်လုံး စိတ်မကောင်းဖြစ်ရတော့မည်။ မောင်ငြိမ်းချမ်း တိုးတက်အောင်မြင်ချင်စိတ်နှင့် ပညာလည်း ဆက်သင်ချင်သည်။

အမေကြီး...ဒီလေးနှစ်အတွင်း မသေပါနဲ့ဦးနော်

ဘွဲ့ရပြီးလျှင် အမေကြီးကိုပို၍ကောင်းစွာလုပ်ကျွေးနိုင်ရန် တောင်းပန်သည်။

အမေကြီးက...ငါ့မြေးရယ်...အမေကြီးအသက်အရွယ်က နေဖို့နဲ့စာရင် သေဖို့ဘက်ပိုနီးသွားပါပြီ။ အမေကြီးအတွက် မစဉ်းစားပါနဲ့..ငါ့မြေးတို့ဘဝတိုးတက်အောင်သာလုပ်ပါ...ဟုပြောပါသည်။

အမေကြီးအသက် ၇၀ ရှိပါပြီ။

အမေကြီး အသက်ရှည်ပါစေ..ဟု မောင်ငြိမ်းချမ်း ဆုတောင်းပါသည်။

တက္ကသိုလ်မှာ ပညာသင်ရပြီ

မောင်ငြိမ်းချမ်း အလွန်ရောက်ဖူးချင်သော တက္ကသိုလ်၊ အလွန်ပညာသင်ချင်သော တက္ကသိုလ်ကို မောင်ငြိမ်းချမ်း ရောက်ရပြီ ပညာသင်ရပြီ။ သူငယ်ချင်းတက်ထွန်းကို ကျေးဇူးတင်မိပါသည်။ သူ့ကြောင့် တက္ကသိုလ်နယ်မြေသို့ ဝံ့ဝံ့စားစား သွားနိုင်ခဲ့ခြင်းဖြစ်သည်။

တက္ကသိုလ်သွားသောအခါ အားနာ၍ ငွေမတောင်းခဲ့။

ကိုယ့်မှာရှိသော ငွေကလေးနှင့်သာ ထွက်လာခဲ့သည်။

သို့သော် သူကမနေ။ မန္တလေးတက္ကသိုလ်သို့ ဆိုင်ကယ်ဖြင့် လိုက်လာသည်။

မောင်ငြိမ်းချမ်းကို တွေ့သည်နှင့် သူ့ထုံးစံအတိုင်း ပြောပုံက ကြမ်းသည်။

ဟေ့ကောင်...သောက်သုံးမကျတဲ့ကောင်...

ကျောင်းသွားတာပိုက်ဆံလည်းမယူဘူး။ ဘာနဲ့စားမှာလဲ မင်းကဘယ်လောက်ချမ်းသာလို့လဲ

ငွေတစ်ရာထုတ်ပေးသွားသည်။ တစ်လစာပြည့်စုံ သွားပါပြီ။ သူငယ်ချင်း၏ကျေးဇူးကြောင့်  မပူမပင် ပညာသင်ရသည်။

ကျောင်းဖွင့်သည်နှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ ဘာသာရပ်အလိုက် ကြိုဆိုမိတ်ဆက်ပွဲများ တက်ရသည်။

ဖြူနီညိုပြာ ရောင်စုံဖြာသော အလှပန်းတို့ပွင့်လန်းရာ တက္ကသိုလ်မှာ မြင်မြင်သမျှ  အကုန်လှနေသည်။

မိန်းကလေးယောက်ျားလေး အားလုံးမှာ သွားကြလာကြ လှုပ်ရှားကြ။ ပျော်ရွှင်လန်းဆန်းနေကြသည်။

တက္ကသိုလ်ကျောင်းသူ နုပျိုစိုလန်းသော ရောင်စုံပန်းများကိုကြည့်ပြီး မပန်ရသော်လည်း အလှသည် မြိုင်ယံက၊ ခိုင်ညှာတံငုံအဖူးတွေနဲ့ ကြည်နူးကာနေပါရစေလို့၊ မွေးမေကို ချွန်ချွေသမီးပေါ့ ကြူတာမောင်ပွ၏ ကဗျာကို မောင်ငြိမ်းချမ်း သတိရမိသည်။

ခမ်းနားထည်ဝါသော တိုင်လုံးကြီးများနှင့် အဓိပတိအဆောက်အအုံကြီးမှာ ငေးမောအံ့သြစရာ၊ ထိုအဆောက်အအုံကြီး ပေါ်သို့ လှေကားကျယ်ကြီးများမှ တက်သွားကြသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများမှာ ဝင်ပေါက်တံခါးကြီး အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြသည်။

ကိုယ်အဓိကယူသော မြန်မာစာဌာနသည် ရောဇတ်ခန်းမ အပေါ်ထပ်မှာရှိ၏။ ပျူ၊ မွန်၊ မြန်မာ၊ ပါဠိဘာသာ လေးမျိုးပါသော မြစေတီကျောက်စာတိုင်နှင့်တကွ ရှေးဟောင်းပစ္စည်းများစွာ လှပစွာပြထားသော ပြတိုက်ကြီးရှိသည်။ ခမ်းခမ်းနားနား ရှိလှသော  ကိုယ့်ဌာနကိုယ် သဘောကျမိသည်။

စာသင်ချိန်တွင်ဘာသာရပ် အလိုက်တစ်တန်းပြီး တစ်တန်း အပြေးအလွှားပြောင်းကြရသည်က ပျော်စရာ။ ပညာသင်ရသည် ကလည်း စိတ်ဝင်စားစရာ။

မောင်ငြိမ်းချမ်းအသက်ကြီးမှ ကျောင်းပြန်တက်ရခြင်း ဖြစ်သည်။ ကျောင်းပျက်မခံနိုင်။ နေ့စဉ်ကျောင်းမှန်မှန်တက်သည်။ ကျောင်းမှန်မှန်တက် စာမခက်ဆိုသည်မှာတက္ကသိုလ်အထိ မှန်ပါသည်။

ကျောင်းတက်စဉ် ဆရာ၊ ဆရာမများ ရှင်းလင်းသင်ကြားသည်ကို နားထောင်ရသည်မှာ စိတ်ဝင်စားစရာ ကောင်းသည်။ မှတ်စုလိုက်၍ ရေးမှတ်ခြင်းဖြင့် နားလည်ရုံမက မှတ်မိရသည်။ ညမှာတစ်ခေါက်ပြန်ကြည့်သည် လိုအပ်သည်ထင်လျှင် အချောမှတ်စုပြန်ရေးသည်။

တစ်နေ့စာတစ်နေ့ပြီးသည်။ ဘာမျှကြာသည်မဟုတ် ခဏသာဖြစ်သည်။

တစ်လခန့်ကြာသောအခါ သူငယ်ချင်းအပေါင်းအသင်းတွေရလာသည်။ အဓိကမြန်မာစာဘာသာအလိုက် ဘော်လီဘောပြိုင်ပွဲများ ကျင်းပသောအခါ မြန်မာစာအသင်းမှ မောင်ငြိမ်းချမ်းပါရသည်။ မြန်မာစာအဓိက အမျိုးသားအသင်း ပထမဒိုင်းဆုရ၍ အမျိုးသမီးအသင်း ဒုတိယဆုရသည်။ မောင်ငြိမ်းချမ်းတက္ကသိုလ် ဘော်လီဘောလက်ရွေးစင် အရွေးခံရသည်။

နောက်တစ်လတွင် ဘာသာရပ်အလိုက် ဘောလုံးပြိုင်ပွဲကျင်းပပြန်သည်။ မြန်မာစာအသင်း ဒုတိယဆုရပြန်သည်။ မောင်ငြိမ်းချမ်းတက္ကသိုလ်ဘောလုံးအသင်း ဒုတိယလက်ရွေးစင် အရွေးခံရပြန်သည်။

သိမ်ငယ်စိတ်အားငယ်စိတ်များနှင့် တလွမ်းလွမ်း ဆွေးဆွေးငေးငေးငိုင်ငိုင် ရှိနေခဲ့သော မောင်ငြိမ်းချမ်းဘ၀ နေ့ချင်းညချင်း ပြောင်းလဲ သွားခဲ့ရလေပြီ။ တက္ကသိုလ်ကျောင်းသား ဘဝရောက်သည်နှင့် အဖုံးအကွယ်၊ အနှောင်အဖွဲ့တို့ ဖွင့်ပေးခံရသလို ပွင့်လင်းလာခဲ့သည်။

အောင်မြင်တင့်တယ်ဖြစ်လာခဲ့ရသည်။

ပညာရေးစနစ်သစ်အရ  တစ်နှစ်မှာ  စာမေးပွဲ လေးခါဖြေရမည်။ ကောင်းပါသည်။ တစ်နှစ်သင်သော စာများကို  တစ်ခါတည်းပေါင်း၍ဖြေရခြင်းမဟုတ်။

အပိုင်းလိုက်ပြီးသမျှ ဖြေသွားရမည်ဖြစ်သည်။ စိတ်လေနေစရာအကြောင်းမရှိ။

သင်သောဆရာများကလည်း နာမည်ကြီးပုဂ္ဂိုလ်များဖြစ်၏။  မြန်မာစာပါမောက္ခဆရာကြီး ဦးချမ်းမြ(မြကေတု) ဆရာကြီးဦးဆန်းထွန်း(ဆန်းထွန်းမန်းတက္ကသိုလ်)၊ ဆရာမကြီးဒေါ်သန်းဆွေ၊ ဆရာမကြီးဒေါ်ခင်စော၊ ဦးတင်မောင်ဌေး၊ ဒေါ်စီစီဝင်း၊ ဦးဘိုသင်း၊ဆရာမကြီး ဒေါ်မိမိလေး၊ ဒေါ်လှမြတ်၊ ဆရာဦးထွန်းတင့်တို့ ဖြစ်သည်။ ပါဠိဘာသာကို ဆရာမကြီး ဒေါ်အုန်း(အမ်အေမအုန်း)ကိုယ်တိုင်သင်သည်။   ဆရာကြီးဦးမြင့်ဆွေ(အမ်အေလန်ဒန်)၊ ဆရာကြီးဦးကို၊ ဆရာမ ဒေါ်ခင်ဝင်းကြည်တို့ သင်ကြသည်။

နေ့ခင်းမှာ အတန်းပြောင်းလိုက်၊ ကျောင်းတက်လိုက်၊ ညနေခင်းမှာ ဘော်လီဘောရိုက်လိုက် ဘောလုံးကန်လိုက်။ ညပိုင်းမှာ စာကြည့်လိုက်၊ အပေါင်းအသင်းမိတ်ဆွေများနှင့်  တွေ့ဆုံလိုက်၊  စကားပြောလိုက်၊ မောင်ငြိမ်းချမ်း၏ တက္ကသိုလ်ကျောင်းသားဘဝမှာ ကြည်နူးစရာ၊ ပျော်စရာ။

နမူနာစံပြအချစ်အိမ်

သူငယ်ချင်းတက်ထွန်း၏ ကျေးဇူးကြောင့် တက္ကသိုလ်ပညာသင်ခွင့် ရသကဲ့သို့ အစ်မနှင့်ယောက်ဖဖြစ်သူ၊ မမသိန်း၊ ကိုခင်မောင်ထူးတို့၏ ကျေးဇူးကြောင့်လည်း တက္ကသိုလ်နယ်မြေမှာ အခြေတကျ အေးချမ်းစွာ နေခွင့်ရပါသည်။

ကိုခင်မောင်ထူးကို မောင်ငြိမ်းချမ်းက ချစ်ခင်လေးစားစွာ ကိုထူးဟု ခေါ်သည်။ ကိုထူးနှင့်မမသိန်းတို့ကလည်း အရပ် ၆ ပေရှိသော မောင်ငြိမ်းချမ်းကို ချစ်ခင်စွာ လူလေးဟုခေါ်ကြသည်။ အသက်အရွယ်ကလည်း လေးနှစ်ငါးနှစ်သာ ကွာပါသည်။

သူတို့အိမ်နောက်ဘက်မှာ နှစ်ခန်းတွဲတန်းလျားလေးမှာ အုတ်ကျွတ်မိုး အုတ်ကာ အုတ်ခုံအမြင့်ဝရန်တာနှင့် မို့လုံလုံခြုံခြုံ ရှိသည်။ ပြတင်းပေါက်ပါသည်။ အလင်းရောင်ရသည်။ မောင်ငြိမ်းချမ်းခုတင်နှင့် စားပွဲကုလားထိုင်နှင့် ကျယ်ပြန့်စွာ နေနိုင်သည်။ လျှပ်စစ်မီး ၂၄ နာရီရသည်။ ရှေ့မှာရေချိုးရန် ရေတိုင်ရှိသည်။ ရေပေါသည်။

နေရသည်မှာ အဆင်ပြေလှ၏။

ကိုထူးနှင့်မမသိန်းတို့နေသည်က အရာရှိနေအိမ်တစ်ထပ်တိုက်ကလေးဖြစ်သည်။ အိပ်ခန်း သုံးခန်းဧည့်ခန်း၊ ထမင်းစားခန်းနှင့် ရေချိုးခန်းပါသည်။ အိမ်ရှေ့မှာ မြေကွက်ကျယ်ရှိသည်။ ၄ ပေခန့်မြင့်သော မန်ကျည်း ပင်တန်းလေးရှိသည်။ မန်ကျည်းပင်ပေါက်များ စုပြုံစိုက်ထား၍ ထိပ်ဖျားကို တိဖြတ်ထားသည်။ နှစ်ပေခန့် ကျယ်ပြန့်သည်။ မျက်နှာပြင်ညီ မန်ကျည်းပင်တန်းလေးက လှပသည်။

မမသိန်းက  နှင်းဆီပန်းရောင်စုံ စိုက်ထားသည်။

လှပသော နှင်းဆီပန်းခင်းကြီး ဖြစ်နေသည်။ နေ့စဉ်နှင်းဆီ ပန်းရောင်းရသော ငွေကပင် အတော်ကောင်းသည်။ သူတို့နေထိုင်ပုံက အဆင့်မြင့်သည်။ ဧည့်ခန်းအပြင်အဆင်မှာပင် ဧည့်သည်တစ်ယောက်ကို ၁၅ မိနစ်ခန့်ဧည့်ခံ ထားနိုင်သည်။

သူတို့မှာ ဂျစ်ကားလေးလည်းရှိသည်။ လင်မယားနှစ်ယောက်သွားလိုက်၊ လာလိုက်ကြ၊ စားလိုက်ကြ၊ ချစ်ကြခင်ကြမြင်သူတိုင်း အားကျစရာစံပြ အချစ်အိမ်ကလေးဖြစ်သည်။

ကိုထူးက အရပ် ၅ ပေ ၁၁ လက်မခန့်ရှိ၍ မျက်လုံးမျက်ခုံး၊ နှာတံ၊ နှုတ်ခမ်းအလွန်လှသူဖြစ်သည်။

အရပ်မြင့်မြင့်နှင့် ကိုယ်လုံးကိုယ်ထည် လှသည်။ အလွန်ကြည့်ကောင်းသူ တစ်ယောက်ဖြစ်သည်။ စိတ်ရင်းသဘော ထားကောင်းသူဖြစ်၍ မျက်နှာကအမြဲတစေ ကြည်လင်ရွှင်လန်းနေသည်က ဥပဓိရုပ်ကို ပို၍တင့်စေသည်။

မမသိန်းကလည်း ကိုထူးနှင့်လိုက်ဖက်စွာ ချောမောလှပသူဖြစ်၏။  ကိုထူးနှင့်စာလျှင် အရပ်နိမ့်သည်။

၅ ပေ ၂ လက်မသာရှိသည်။ သို့သော် အရပ်နှင့်သူ့ကိုယ်လုံး အချိုးအဆစ်ကျ၏။ အသားအရေက ဖြူစင်ရှင်းသန့်သည်။ မျက်နှာကလှသည်။

သူတို့မှာ သားသမီးမရှိ။ ညားခါးစလိုပင် အမြဲတမ်းချစ်ခင်ပျော်ရွှင်နေကြသည်။

ကိုထူးက သိန်းသိန်းရေ သိန်းလေးရေ မိန်းမရေချစ်စနိုး အမျိုးမျိုးခေါ်သလို မမသိန်းကလည်း ကိုထူးရေကိုလေးရေ အကိုရေ ယောက်ျားရေအမျိုးမျိုးခေါ်သည်။

သူ့ယောက်ျားရုံးသွားခါနီးမှာ ခြေထောက်တွင် စီးထားသောဖိနပ်ကို ဘရပ်ရှ်နှင့်ပွတ်တိုက်ပေးသည်။

ရပါပြီ သိန်းလေးရာ

ခဏလေးပါ ကိုလေးရာ

မြင်ရကြားရသည်မှာ ကြည်နူးစရာ မမသိန်းရေချိုးနေစဉ် ရေချိုးခန်းအပေါက်မှာ ဖိနပ်ကလေးကိုင်လျက်ရပ်သော ကိုထူးက..

သိန်းလေးရေ...ရေချိုးတာ ဖိနပ်မေ့သွားတာလား...ရေချိုးခန်းအပေါက်နားမှာချထားခဲ့မယ်နော်

သြော် ဟုတ်ကဲ့ ကိုထူး ကန်တော့နော်

ရေချိုးခန်းထဲမှ ပြန်ပြောသံ။

ရုံးပိတ်ရက်နေ့မှာ ဧည့်ခန်းတွင် လင်မယားနှစ်ယောက်   ခေတ္တခဏ  တမှေးတမှိတ် အိပ်နေပုံကို မောင်ငြိမ်းချမ်း မြင်ရသည်က အားကျစရာ။

မမသိန်းကဧည့်ခန်းထဲရှိ ဆိုဖာဆက်တီနှစ်ယောက် ထိုင်ခုံပေါ်မှာ အိပ်နေသည်။ ကိုထူးက မမသိန်းအိပ်နေသည့် ဆိုဖာအနီ၊ အောက်မှာ ခင်းထားသော ကော်ဇောပေါ်မှာ အိပ်နေသည်။ မိန်းမက အထက်ကဆိုဖာပေါ်မှာ။ သို့သော် ကိုထူး၏ခြေထောက်တစ်ဖက်က မမသိန်း၏ ပေါင်ပေါ်မှာ လှမ်းတင်ထားသည်။ မမသိန်းက ထိုခြေထောက်ကို အမြတ်တနိုး ဆုပ်ကိုင်လျက်။

ညနေစာကိုအိမ်မှာစားတာနည်းသည်။   ရုံးပြန်ရေမိုးချိုးလှပစွာပြင်ဆင်ပြီး ကားလေးနှင့်ထွက်သွားကြသည်။ မိတ်ဆွေသူငယ်ချင်းများနှင့် စားသောက်ဆိုင်မှာစားသည်။ သို့သော်  ကိုထူးက ဘီယာမသောက်၊ အရက်မသောက် သူတို့လင်မယား ကိုယ်ခန္ဓာများမှာလည်း ဝဖြိုးသည်မရှိ။ ကျစ်လျစ်တင့်တယ်စွာ လှပလျက်။

ည ၈ နာရီလောက်ဆိုပြန်လာကြပြီ။

ရုံးပိတ်ရက်များတွင်  မိဘများရှိရာ  စဉ့်ကိုင်သို့ သွားသည်။ မိတ်ဆွေများရှိရာ ကျောက်မီးရွာ ပြင်ဦးလွင်မြို့ စသည်တို့ကို သွားသည်။

မြင်သမျှလူတိုင်း သဘောကျသည် စံပြဇနီးမောင်နှံဖြစ်ပါ၏။

တက္ကသိုလ်လူရည်ချွန်

နွေဦးပေါက်လာပြီ။ လေပွေလေရူးမှာ ရွက်ဝါလေးတွေေကြွေကျပြီ။ သစ္စာလမ်းမှာငုစပ်ပန်းတွေပွင့်ကြပြီ။

မန္တလေးတက္ကသိုလ်မှာ   ဆိုရိုးစကားတစ်ခုရှိ၏။

ရှမ်းရိုးမက မီးတွေလောင် အမောင်စာကျက်တော့၍ ဖြစ်သည်။

ညမှောင်လျှင် အရှေ့ဘက်မှ ရှမ်းတောင်တန်းမှာ မီးစောင်းတန်းများကိုတွေ့နေရပြီ။ မှန်ပါသည်။ နှစ်ဝက်စာမေးပွဲကြီး နီးလာပြီ။ မောင်ငြိမ်းချမ်း ကျောင်းမှန်မှန်တက်၍ စာမှန်မှန်ကျက်ခဲ့သူဖြစ်သည်။ သို့သော် မေးနိုင်သည့် မေးခွန်းများ ထုတ်ပြီး အဖြေများ အဆင်သင့်ရေးထားချင်သည်။ ကိုယ့်အဖြေကိုယ်ပြန်ကျက်ထားလျှင် အကောင်းဆုံးဖြစ်မည်။ မောင်ငြိမ်းချမ်း အမေးအဖြေများ ရေးပါသည်။

                         ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချစ်