ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၅၂)

အရွေးချယ်ခံထားရသော ရဲဘော် ၄၀အတွင်းတွင် အတွေးအခေါ်များ ကွဲလွဲလျက်ရှိကြပါသည်။ တပ်မတော်ထဲဝင်ကတည်းက မိဘဆွေမျိုးများနှင့် သံယောဇဉ်အပြီးဖြတ်ခဲ့သူများဖြစ်၍ ဘာကိုမှခင်တွယ်ရန်မရှိတော့ပေ။ တိုင်းပြည်ကပေးသည့် တာဝန်ကို လိုက်နာခံယူမည်၊ မည်သည့်အမိန့်နှင့် တာဝန်ကိုမှ မငြင်းရ၊ဒေါင်လိုက်ကျကျ၊ ပြားလိုက်ကျကျ ပျော်ပျော်နေပျော်ပျော်လုပ်ရမည်ဟု သဘောထားသူများရှိသလို   တာဝန်ကိုရွေး၍ လုပ်လိုသူများ (ဖက်ဆစ်တော်လှန်ရေးကိုသာ လုပ်လိုသူများ)ရှိကြပါသည်။ ဂျပန်ပြည် သွားရမည့်သူများသည် တော်လှန်ရေး လုပ်ရမည်မဟုတ်၊ သက်သက်အသေခံရမည့်သူများဟု သဘောထားကြသည်။

မလိုက်လိုသူများသည် စာမေးပွဲကို လျှော့၍ဖြေခြင်း၊ အပြစ်ကိုသိလျက်နှင့် ကျူးလွန်ကြခြင်း၊ မိမိခန္ဓာကိုယ်ကို အနာတရဖြစ်အောင် လုပ်ခြင်းဖြင့် အပယ်ခံရအောင် အကြံအဖန်များ လုပ်ကြသည်။ အရွေးခံရပြီးမှ အောက်သို့ဆင်းသွားရသူများတွင် ရဲဘော်လှမော် (ဗကပ-ကျဆုံး)၊ ရဲဘော်စိုးမောင် (ဗကပ   ဗိုလ်မှူးချစ်ကောင်း)၊   ရဲဘော်ကျော်ဇော   (ဗိုလ်မှူးကြီး-အငြိမ်းစား)၊ ရဲဘော်ကိုကိုကြီး (ဒုတိယဗိုလ်မှူးကြီး၊ အငြိမ်းစား၊ စက်မှုအထွေထွေ)၊ရဲဘော်ဘသော်(အငြိမ်းစား၊ နိုင်ငံတော်ကောင်စီဝင်)၊ ရဲဘော်စိုးလှိုင်(အငြိမ်းစား၊ နိုင်ငံတော်ကောင်စီဝင်)၊ ရဲဘော်သန်းမောင် (အငြိမ်းစား၊ နိုင်ငံခြားရေးရုံး)တို့ ပါဝင်ကြသည်။ ထိုရဲဘော်များကို ကျောင်းအုပ်ကြီး ဗိုလ်မှူးဇေယျက သင်တန်းသားအားလုံး၏ရှေ့တွင် ဆူပူကြိမ်းမောင်းခဲ့ပါသည်။

ဤသို့ကြိမ်းမောင်းရာတွင် ရဲဘော်ကျော်ဇောအား “ဟေ့ကောင်ကျော်ဇော...မင်းကခေါင်းဆောင်လားကွ၊ သွားမယ့်ရဲဘော်တွေ စိတ်ဓာတ်ကျအောင်မလုပ်ပါနဲ့” ဟု အော်ခဲ့သည်ကို သတိရနေပါသည်။

မိမိကိုယ်ခန္ဓာကို အနာတရဖြစ်အောင်လုပ်သည့် အကြောင်းနှင့်ပတ်သက်၍ ၁၉၆၉ ခုနှစ်၊ ပုဂံစာအုပ်အမှတ် ၁၆၆ အဖြစ် ထုတ်ဝေခဲ့သော ဒုတိယပတ်သင်တန်းသား ဗိုလ်မင်းညို၏ ဂျပန်ခေတ် စစ်တက္ကသိုလ်စာအုပ် စာမျက်နှာ ၁၆၁ ၌-ဂျပန်ပြည်တွင် ဆက်လက်ပညာသင်ရန် ရွေးချယ်ထားသော လူ ၄၀ တို့ကိုအပြီးသတ်ရွေးချယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးရန် ရက်ပိုင်းသာ လိုတော့သည့်အချိန်ဖြစ်သည်။ ရဲဘော်များ အမျိုးမျိုးသောထင်ကြေးပေးကာ ထိုအရေးသည် ဂယက်ရိုက်လျက်ရှိနေသည်။ ထိုအချိန်က ဗမာ့တပ်မတော်ကြီး တစ်ခုလုံးအတွင်းတွင်လည်းကောင်း၊ စစ်တက္ကသိုလ်ကျောင်းတွင်လည်းကောင်း ဂျပန်ဆန့်ကျင် ရေးနှင့်ပတ်သက်သော စည်းရုံးလှုပ်ရှားမှုသည် လျင်မြန်သောအဟုန်ဖြင့် တိုးတက်ကြီးထွားလာပေသည်။  အချို့သောရဲဘော်များမှာ လူဘာပဲဖြစ်ဖြစ်သွားမည်ဟူသော ဆုံးဖြတ်ချက်ကို ချထားကြသည်။ အချို့သောရဲဘော်များကမူ “မင်းတို့သွားကြပါလား၊ ဟိုရောက် ရင် မြန်မာပြည်ကတော်လှန်နေတာနဲ့မင်းတို့ကိုသတ်ပစ်မှာပဲ” ဟူသောပြောစကားများကြောင့် တွေဝေလျက်ရှိကြသည်။ ဤသို့သော အခြေအနေမျိုးတွင် ဘယ်နည်းနှင့်မှ ဂျပန်ပြည်သို့မလိုက်၊ ကျန်းမာရေးစစ်ဆေးရာတွင် မအောင်မြင်အောင်လုပ်မည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ရဲဘော်ထွန်းလွင်သည် မျက်စိအတွင်းသို့ ရွေးစေ့များသွေးကာ ခတ်လိုက်သဖြင့် မျက်လုံးကြီးများ နီရဲရောင်ကိုင်းလာပြီးလျှင် ဆေးစစ်ရာတွင်ကျခဲ့သည်။ အခြားရဲဘော်တစ်ဦးကား ခြေထောက်တွင်ရှိသည့် အနာသေးသေးလေးကို ထိုးဆွပြီး ကြီးအောင်လုပ်လျက် ဂျပန်ပြည်သို့ မလိုက်ရအောင်ကြံစည်ခဲ့လေရာ သူ့နေရာတွင် လူစားထိုးခဲ့ရလေသည်။ (ရဲဘော် ထွန်းလွင်ကဲ့သို့ ရွေးစေ့ကိုသွေး၍ခတ်သော ရဲဘော်ချစ်ခင်မှာမူ နီရဲရောင်ကိုင်းသော မျက်လုံးများဖြင့် ဂျပန်ပြည်သို့ ပါသွားခဲ့သည်။)

တော်လှန်ရေးအတွက် စည်းရုံးခြင်းနှင့်ပတ်သက်၍ ပုဂံစာအုပ်အမှတ် ၁၇၀ အဖြစ်ထုတ်ဝေခဲ့သော အညတရစစ်သည်တစ်ဦး မှတ်တမ်းစာအုပ် စာမျက်နှာ ၁၈၅ တွင်စာရေးသူ ဒုတိယပတ်သင်တန်းဆင်းဖြစ်သည့် ခင်မောင်ညို(မန်း)က အောက်ပါအတိုင်း ရေးသားထားပါသည်။

ကျွန်တော်တို့တပ်ခွဲ(၂) အောက်ထပ်တွင် တပ်စု(၃) စက်သေနတ်ကြီးတပ်စုရှိ၍ အပေါ်ထပ်တွင် တပ်စု(၁)နှင့် (၂)ရှိပါသည်။ အပေါ်ထပ်တွင် ကိုလှမော်(ဗကပ)၊ကိုစိုးမောင်(ဗိုလ်ချစ်ကောင်း-ဗကပ)နှင့် ကိုလှယွှေ(ယပက်လက်လှယွှေ) တို့ရှိကြပါသည်။ တပ်စု(၁)လား၊ (၂)လား ကျွန်တော်မမှတ်မိတော့ပေ။ တစ်နေ့တွင် ကျွန်တော်ညနေစာထမင်းစားပြီး အခန်းထဲတွင်ထိုင်နေစဉ်  ကိုလှမော် ရောက်လာပါသည်။

“ခင်မောင်ညို ...ဒီနေ့စာကြည့်ဆောင်မှာ မင်းနဲ့စကား နည်းနည်းပြောချင်တယ်၊ ဆယ်မိနစ်အနားပေးချိန်မှာ မင်းတို့စာကြည့်ခန်းကို ငါလာခဲ့မယ်၊ အခုမင်း ဒီဟာကိုဖတ်ကြည့်ဦး၊ နောက်ပြီး ငါ့ကိုပြန်ပြော” ကိုလှမော်သည် ကျွန်တော့်လက်ထဲသို့ စာအိတ်တစ်ခု လှမ်းပေးပြီးနောက် သတိပေးသည့် စကားတစ်ခွန်းလည်း ပြောပါသည်။

“ဒီစာကို မင်းတစ်ယောက်တည်းရှိတဲ့အခါမှ ဖတ်ပါ၊ အခြားလူတွေ မသိစေချင်ဘူး၊ အရေးကြီးတယ်” ကိုလှမော်သည် စကားတိုတို ပြောပြီးပြန်သွားပါသည်။ ကိုလှမော်သည် ကျွန်တော်နှင့်အတူ စစ်ကိုင်းအစိုးရအထက်တန်းကျောင်းတွင်နေစဉ်ကပင် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ၁၃၀၀ ပြည့် အရေးတော်ပုံ ကျောင်းသားသပိတ်တွင်လည်း မတွန့်မဆုတ်ပါဝင်ခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။