ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၅၃)

အရေးကြီးသောအကြောင်းဖြစ်မည်ကို ကျွန်တော်သိသဖြင့် ချက်ချင်းပင်အိမ်သာထဲသွား၍ စာအိတ်ကိုကြည့်ပါသည်။ မူလက  စာအိတ်ဟု ထင်သော်လည်း စင်စစ်စာအိတ်မဟုတ်ပါ။ ကျောက်ပုံနှိပ်ထားသော လေနတ်သား စာစောင်ငယ်ဖြစ်ပါသည်။ စာစောင်တွင်   ရေးထားသည်မှာ ဖက်ဆစ်ဂျပန်များကို တော်လှန်၍ မြန်မာ့မြေမှ မောင်းထုတ်ရန်ဖြစ်ပါသည်။

(နှစ်ပေါင်းကြာလှပြီဖြစ်၍ စာစောင်ပါ အကြောင်းအရာများကို အသေးစိတ်မမှတ်မိတော့ပါ) တော်လှန်ရေးအတွက် စည်းရုံးသည့် စာစောင်ဖြစ်ပါသည်။

ကိုလှမော်သည် ကျွန်တော်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံတွင် လုပ်ဖော်ကိုင်ဖက်ဖြစ်၍ ယုံယုံကြည်ကြည် စည်းရုံးခြင်းဖြစ်ပါသည်။ ၁၃၀၀ ပြည့်အရေးတော်ပုံအတွင်းက ကျွန်တော်သည် ကိုလှမော်ထက် ငယ်ရွယ်သူဖြစ်၍ ခေါင်းဆောင်ပိုင်းက ချမှတ်သည့် တာဝန်များကို အတိအကျဆောင်ရွက်ခဲ့သဖြင့် တော်လှန်ရေးအတွက် စည်းရုံးရာတွင်လည်း ယုံကြည်ဟန်တူပါသည်။

ထိုနေ့ည စာကြည့်ဆောင်တွင် ဆယ်မိနစ်အနားပေးချိန်၌ ကျွန်တော်တို့ တွေ့ကြပါသည်။ သူနှင့်အတူကိုစိုးမောင် (ဗကပ ဗိုလ်ချစ်ကောင်းနှင့် ကိုလှယွှေ(ယပက်လက်လှယွှေ) တို့လည်း ပါလာပါသည်။

“ဘယ့်နှယ်လဲခင်မောင်ညို၊ မင်းသဘောပေါက်ရဲ့လား” ကိုလှမော်ကမေးလိုက်ပါသည်။

“သဘောပေါက်ပါတယ် ကျွန်တော် ဘာလုပ်ရမလဲ”

ကျွန်တော်ပြန်ပြော လိုက်ပါသည်။ ကိုစိုးမောင်သည် ကျွန်တော့်ကို အကဲခတ်နေသဖြင့် ကိုလှမော်က “သူကစစ်ကိုင်းသား ခင်မောင်ညိုပါ၊ ကျွန်တော်နဲ့တစ်ကျောင်းတည်းနေခဲ့တယ်၊ ၁၉၃၈ ခုနှစ် သပိတ်တုန်းက လုပ်ဖော်ကိုင်ဖက်တွေပါ စိတ်ချရပါတယ်” ဟုပြောသည်။ ကိုလှမော်ပြောလိုက်သည်ကို ကိုစိုးမောင်က ကျေနပ်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပါသည်။

ဂျပန်တော်လှန်ရေးနှင့်ပတ်သက်၍ စတင်စည်းရုံးနေပြီဖြစ်ကြောင်း ထိုနေ့ကကျွန်တော်သိရပါသည်။ သို့သော် ဖက်ဆစ်တော်လှန်ရေး ဆိုသည်ကို သာမန်လူများမတွေးပင် မတွေးသေးသည့်အချိန်၊ တစ်နည်းအားဖြင့် အတော်စောနေသေးသည်ဖြစ်ရာ   အထူးလျှို့ဝှက် ကြရပါသည်။

မင်္ဂလာဒုံကျောင်းကိုပင်လျှင် ဂျပန်အုပ်စိုးနေသည်ဖြစ်ရာ ဂျပန်ရန်နှင့်အာချောင်သူ (နှုတ်မလုံသူ)ကို အထူးသတိထားနေရသဖြင့် အထူးယုံကြည်ရသူ တစ်ဦးစနှစ်ဦးစကိုသာ ကျိတ်၍စည်းရုံးရပါသည်။ စည်းရုံးရေးမကျယ်ပြန့်လှပါ။

ထိုအချိန်တွင် အပြင်တွင်လည်း စည်းရုံးရေးစနေပြီဖြစ်ကြောင်း၊ အချို့နေရာများတွင် တော်လှန်ရေးအတွက် သင်တန်း ပေးနေပြီဖြစ် ကြောင်း သိရပါသည်။ ခင်မောင်ညို(မန်း)ရေးသားချက်များမှန်ပါသည်။ တပ်ကြပ်သင်တန်းကျောင်းတက်စဉ်အချိန်က ဂျပန်တော် လှန်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်မသိရှိကြသေးပါ။ သို့သော် ထိုကဲ့သို့ တိုင်းပြည်အတွက် အလွန်အရေးကြီးသော ကိစ္စမျိုးမှာ လျှို့ဝှက်ထားသော်လည်း မလုံခြုံတတ်ပါ။

သင်တန်းတက်သော ရဲဘော်များသည် အမြင်ကျယ်သူများ ဖြစ်ကြပါသည်။ တစ်ဦးတစ်ယောက်တည်းနေကြသူများ မဟုတ်ကြ၊ ဆရာသမားများ ရှိကြသည်။ အသိုင်းအဝိုင်း ရဲဘော်များရှိကြသည်။ ရဲဘော်ရဲဘက်ဟူသည် တစ်ကိုယ်ကောင်းမဆန်ကြရပါချေ။ မိမိသိသောသတင်းကို မိမိချစ်သောရဲဘော်ကို မပြောဘဲမနေနိုင်ကြပါ။ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ဖက်ဆစ်ကိုတော်လှန်မည့် ကိစ္စကို တိုးတိုးတိတ်တိတ်ပြောဆိုနေကြခြင်းဖြင့် ရဲဘော်အားလုံးလိုလို တီးတိုးစကားဖြင့် သိနေကြသည်။ ဗိုလ်သင်တန်းကျောင်း အချိန်ရောက်သောအခါ ထိုသတင်းသည် ကျယ်ကျယ်ပြန့်ပြန့် သိလာကြပြီဖြစ်ပါသည်။

အခြေအနေတို့သည် လျင်မြန်စွာပြောင်းလဲလာခြင်း မရှိသေးပါ။ ၁၉၄၃ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ဗိုလ်သင်တန်းတက်ခဲ့ကြသော ကျွန်တော်တို့အဖို့အချိန်သည် ကုန်မှန်းမသိကုန်သွားခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် ၂-၁၁-၁၉၄၃တွင် ပထမအပတ် တပ်ကြပ် ကလေးသင်တန်းတက်မည့် ကျောင်းသားများရောက်ရှိလာပြီး ၃၁-၁-၁၉၄၄ တွင်ကျောင်းဆင်းသွားကြသော်လည်း ကျောင်းတွင် ကျန်ရစ်ခဲ့သော ကျွန်တော်တို့ဝမ်းနည်းသလို ဟာတာတာကြီးဖြစ်မိပါသည်။ ၁၁-၁၁-၁၉၄၃ တွင် ဒုတိယပတ် မူလတန်း (ယွန်းနင်း) ကျောင်းသားများရောက်လာကြသည်။ သူတို့သင်တန်းက လေးနှစ်သို့မဟုတ် နှစ်နှစ်ဖြစ်သည်။  သူတို့လေးတွေက ကျွန်တော်တို့ထက် နှစ်နှင့်ချီ၍နေကြရမည့်သူများဖြစ်ကြသည်ကို စာနာမိသောအခါ ဖြေသာပါသည်။ ၁၉၄၄ ခုနှစ်ဖေဖော်ဝါရီလ ၂၇ ရက် ၁၃၁၅ ခု၊ တပေါင်းလဆန်း ၅ ရက် ဗိုလ်သင်တန်းဆင်းပါသည်။ ကျောင်းမဆင်းမီ ၆-၁-၁၉၄၄ တွင်ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်တွင် သင်ကြားရမည့် ဘာသာရပ်များထဲမှ ခြေလျင်တပ်၊ အမြောက်တပ်၊ အင်ဂျင်နီယာတပ်၊ လေတပ်ဘာသာရပ်များ၌  မိမိဆန္ဒပြုလိုသည့် ဘာသာရပ်ကို  ဆန္ဒပြုရပါသည်။

ကျွန်တော်လေတပ်ကို ဆန္ဒပြုလိုက်ပါသည်။ သို့သော် ဆရာဗိုလ်ဟတကကျွန်တော်နှင့် ရဲဘော်လှဖုန်း(အငြိမ်းစား၊ နိုင်ငံတော် အာဏာပိုင်အဖွဲ့ဝင်)နှစ်ယောက်ကို အင်ဂျင်နီယာ သင်တန်းတက်ရမည်ဟုပြောပါသည်။ သို့သော် နောက်ဆုံးရွေးချယ်ရာတွင် ကျွန်တော် သည် အမြောက်တပ်ပညာသင်ဆယ်ဦး၌ ပါဝင်သွားခဲ့ပါသည်။ ရဲဘော်လှဖုန်းသည် ခြေလျင်ပညာသင်စာရင်းတွင် ပါဝင်သွားပါသည်။     

ဆက်လက်ဖော်ပြပါမည်။