ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၅၄)

 

အပြီးသတ် အတည်ပြုရွေးချယ်လိုက်သော   ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်ဗိုလ်လောင်းကျောင်းသားများမှာ-

ခြေလျင်တပ်- ဗိုလ်လောင်း ခင်မောင်ညို (ခင်မောင်ညို(မန်း)၊ ဗိုလ်မှူး-အငြိမ်းစား)၊ ဗိုလ်လောင်းနေထွန်း(ဗိုလ်မှူးကြီး-အငြိမ်းစား)၊   ဗိုလ်လောင်းဖေစိန်(ဗိုလ်ကြီး-အငြိမ်းစား)၊  ဗိုလ်လောင်းတင်မောင်(ဂေါ်ရာတင်မောင်၊ ဗိုလ်မှူး-ကွယ်လွန်)၊ ဗိုလ်လောင်းစောမောင်(ရွှေဘို)၊ ဗိုလ်လောင်းလှဆွေ(ဗိုလ်မှူးကြီး၊ သံအမတ်ကြီး၊ အငြိမ်းစား)၊ ဗိုလ်လောင်းသိုးထိန်း(ဒုတိယဗိုလ်မှူးကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းတင့်ဆွေ(ဗိုလ်မှူးချုပ်၊ ဝန်ကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းလှဖုန်း(ဗိုလ်မှူးကြီး၊ ပြည်သူ့လုပ်ငန်းစစ်ဆေးအဖွဲ့ဝင်-အငြိမ်းစား)၊ ဗိုလ်လောင်းခင်မောင်ထွန်း(မြဝတီ)၊ ဗိုလ်လောင်းချစ်တင်(ဗိုလ်ကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းခင်ဇော်(ဗိုလ်ကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းတင်အောင်(အငြိမ်းစား)၊ ဗိုလ်လောင်းရဲလှ(ဗိုလ်ကြီး-ကွယ်လွန်)၊   ဗိုလ်လောင်းအုန်းတင်(အငြိမ်းစား)၊ ဗိုလ်လောင်းလူမော် (ဗိုလ်မှူးကြီး၊  ပါတီဌာနချုပ်-အငြိမ်းစား)၊ ဗိုလ်လောင်းမောင်သောင်း  (ပိုက်လုံး၊ဒုတိယဗိုလ်မှူးကြီး-ကွယ်လွန်)နှင့် ဗိုလ်လေးရဲမောင်(ပထမပတ်ကျောင်းဆင်း)တို့ဖြစ်ပါသည်။     အမြောက်တပ်-ဗိုလ်လောင်း တင်ဦး(ဗိုလ်မှူးကြီး၊ ပို့/ဆက် ဒုတိယဝန်ကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းစောမြသိန်း(ဒုတိယဗိုလ်မှူးကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းချစ်မောင်(အောင်သာစည်၊ ဗိုလ်မှူး-အငြိမ်းစား)၊ ဗိုလ်လောင်းစိုးမင်း(ဗိုလ်ကြီး-ကျဆုံး)၊  ဗိုလ်လောင်းစိန်ထွေး(ဗိုလ်-ကျဆုံး)၊  ဗိုလ်လောင်းမောင်အေး(ဗိုလ်မှူးကျဆုံး)၊ ဗိုလ်လောင်းရဲနောင်(ဗိုလ်-ကွယ်လွန်)၊ ဗိုလ်လောင်းသန့်ဇင်(ဗိုလ်မှူး-ကွယ်လွန်)၊ ဗိုလ်လောင်းအောင်ဖေ(ဒုတိယဗိုလ်မှူးကြီး-ကွယ်လွန်)နှင့်     ဗိုလ်လောင်းခင်မောင်သောင်း (မိုးမိုးတာရောစန်)  တို့ဖြစ်ကြပါသည်။

လေတပ်-ဗိုလ်လောင်းသောင်းဒန်(ဗိုလ်မှူးချုပ်၊ လေ၊   နိုင်ငံတော်ကောင်စီဝင်-အငြိမ်းစား)၊ ဗိုလ်လောင်းအောင်မြတ် (သူရအောင်မြတ်-ကျဆုံး)၊ ဗိုလ်လောင်းချစ်ခင်(ဗိုလ်မှူးကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းအေးမောင် (ယဉ်ကျေးမှုဝန်ကြီး-အငြိမ်းစား)၊  ဗိုလ်လောင်းကျော်ဇော(ဒုတိယဗိုလ်မှူးကြီး၊ ဝန်ကြီး-အငြိမ်းစား)၊ ဗိုလ်လောင်းစိုးလှိုင်(ဒုတိယဗိုလ်မှူးကြီး၊ ပြည်သူ့တရားသူကြီးအဖွဲ့ဝင်-အငြိမ်းစား)၊ ဗိုလ်လောင်းဉာဏ်မောင်  (ရုပ်ရှင်ရုံမန်နေဂျာ-ကွယ်လွန်)၊  ဗိုလ်လောင်းတင်မောင်(သူရဘွဲ့ရ၊ ဒုတိယဗိုလ်မှူးကြီး- ပြည်သူ့လုပ်ငန်းစစ်ဆေးအဖွဲ့ဝင်အငြိမ်းစား)၊    ဗိုလ်လောင်းထွန်းသန်း  (အငြိမ်းစား)၊ ဗိုလ်လောင်းအေးလှိုင်   (ပြည်သူ့ရဲဘော်ဗိုလ်အောင်နိုင်)တို့ ဖြစ်ကြပါသည်။

  ဂျပန်ဘုရင့်စစ်တက္ကသိုလ်ဗိုလ်လောင်းများသည် ၁၉၄၄ ခုနှစ် မတ်လအတွင်း ဂျပန်ပြည်သို့ ထွက်ခွာသွားကြရမည်ဖြစ်ရာ မထွက်ခွာမီ   ဗိုလ်ချုပ်အောင်ဆန်းအိမ်သို့ အဖွဲ့သုံးဖွဲ့ခွဲကာ တစ်ရက်စီ ထမင်းစား သွားရောက်ကြရပါသည်။ ပထမဆုံးလေတပ်အဖွဲ့သွားရောက်ပြီး ပြန်ရောက်လာသောအခါ ဗိုလ်ချုပ်မှာကြားလိုက်သော စကားများကို ကျွန်တော့်အား  ပြန်ပြောကြပါသည်။ ဗိုလ်ချုပ်က ဂျပန်တို့သည် မြန်မာလူမျိုးများကို လေကြောင်းပညာသင်ပေးရာတွင် စေတနာကောင်းလွန်း၍ မဟုတ်ကြောင်း၊ သူတို့အခက်အခဲ၊ သူတို့အကျပ်အတည်းကြောင့် သူတို့အုပ်စိုးထားသော အာရှတိုင်းပြည်များထဲမှ မြန်မာကိုသာ လိုက်လျောခဲ့ရခြင်းဖြစ်ကြောင်း၊ လေယာဉ်ပျံမောင်းတတ်အောင်သင်ပေးပြီး လေယာဉ်ပျံပါပေးဖို့ သဘောတူပြီး ဖြစ်သည့်အတွက် သံသယရှိစရာမလိုဘဲ ပညာကို ကြိုးစားသင်ကြစေလိုကြောင်း၊ အနာဂတ် ဗမာ့လေတပ်မတော်အတွက် အမြုတေများအဖြစ် သဘောပိုက်ကြစေလိုကြောင်း၊ ဂျပန်တို့သည် ပညာသင်ပေးသည့် အခါတွင် အလွန်ပြင်းထန်အလွန်တင်းကျပ်လေ့ရှိသဖြင့်    သင်ယူရမည့် ရဲဘော်များက တိုင်းပြည်အတွက် ဇွဲရှိရှိနှင့်သင်ယူရမည်ဖြစ်ကြောင်း အရေးအကြီးဆုံးစကားတစ်ခွန်းမှာ မင်းတို့သီဟဗာဟု အကြောင်းကြား ဖူးတယ်မဟုတ်လား၊ ဒီအတိုင်း မင်းတို့သဘောပိုက်ကြစေလိုကြောင်း၊ ဟိုရောက်တဲ့ကျောင်းသားတွေလည်း ပြောလိုက်ကြ ဟူ၍ဖြစ်ကြောင်း၊ ရဲဘော်ဗိုလ်လောင်းတစ်ယောက်က ကျွန်တော်တို့အပြန်မီနိုင်ပါ့မလားဗိုလ်ချုပ်ဟုမေးရာ ဗိုလ်ချုပ်က ဒါတော့ အာမမခံနိုင်ဘူး၊ မီချင်လည်းမီမှာပဲ၊ မမီလည်းဖြစ်တဲ့ အခြေအနေကိုရင်ဆိုင်ကြပေါ့၊   အရေးအကြီးဆုံးကတော့ မျိုးချစ်စိတ်ပဲဟု ပြောကြားကြောင်း၊ကျောင်းအုပ်ကြီး ဗိုလ်မှူးဇေယျက မပြန်နိုင်တော့လည်း ဂျပန်မယူပြီး နေလိုက်ကြပေါ့ကွာဟု တင်းကျပ်နေသော ရဲဘော်များ၏ စိတ်ကိုဖြေသိမ့်စေရန် ဝင်နောက်လိုက်သေးကြောင်း သိရပါသည်။

  ကျွန်တော်တို့အဖွဲ့  ဗိုလ်ချုပ်အိမ်သို့ ထမင်းစားသွားရောက်သောအခါတွင်လည်း ဗိုလ်ချုပ်က လေတပ်အဖွဲ့ကို ပြောကြားသည့်အတိုင်းပင် မြန်မာ့တပ်မတော်သည် ဂျပန်ကို တော်လှန်ရန် အစီအစဉ်ရှိကြောင်း၊ စစ်ပညာကိုဂျပန်များထံမှ ရအောင်သင်ကြားရန်၊ ပြန်လာနိုင်လျှင် တပ်မတော်အတွက်အကျိုးရှိမည်၊ အခြေအနေအရ ပြန်မလာနိုင်လျှင် တိုင်းပြည်အတွက်အစ တေးခံလိုက်ကြဟု ပြတ်ပြတ်သားသား ပြောကြားလိုက်ပါသည်။ ဗိုလ်ချုပ်အိမ်သို့ ထမင်းစားသွားသော ကျွန်တော်တို့အဖွဲ့တွင် ကျွန်တော်တို့ကို ဂျပန်ပြည်သို့လိုက်ပို့မည့် ဂျပန်ဆရာဗိုလ်ဟတလည်း ပါလာသည်။ ဗိုလ်ချုပ်က ဒီကောင် မြန်မာစကားနားလည်သလားဟု   မေးပြီးမှကျွန်တော်တို့အား မှာကြားစရာရှိသည်တို့ကို ပြောကြားခြင်း ဖြစ်ပါသည်။

  လေတပ်ပညာသင်အဖွဲ့သည် ၁၉၄၄ ခုနှစ် မတ်လ ၂ ရက်တွင် ထွက်ခွာသွားကြပါသည်။ ခြေလျင်နှင့် အမြောက်ပူးပေါင်းအဖွဲ့ ရဲဘော် ၃၀ သည် မတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့မှ ထွက်ခွာကြရပါသည်။

ထိုရဲဘော်များသည် ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် မမျှော်မှန်းနိုင်သောလမ်းကို မြန်းကြခြင်းဖြစ်ပါသည်။ ထိုရဲဘော်များသည် တိုင်းပြည်နှင့်တပ်မတော်အတွက် မိမိခန္ဓာကိုယ်နှင့်အသက်ကို နှင်းဆက်အပ်လိုက် သူများဟူ၍...။    ။

              ဆက်လက်ဖော်ပြပါမည်။