ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် တစ်ဦးအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်
နေပြည်တော်၊ နိုဝင်ဘာ ၃
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက် ရှိသည်။
ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်းအခမ်းအနားကို ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရေတာရှည်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော ရေတာရှည်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦးကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက် ရှိကြောင်း သတင်းရရှိသည်။