ပြည်ကြီးတံခွန်မြို့နယ် ၅၄ လမ်းရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့ခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြား
မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ၅၄ လမ်းရှိ နေအိမ်တစ်အိမ်ကို ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ချိပ်ပိတ်ခဲ့သည့်နေအိမ်ဟာ ခရစ်ယာန်မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ထားသည့် နေရာတစ်ခုဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြနေတာတွေကို တွေ့မြင်နေရပါတယ်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုဖြေကြားထားပါတယ်-
“မနေ့က ည ၈ နာရီလောက်မှာ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စလုံးရပ်ကွက်၊ ၅၄ (ဘီ)လမ်း၊ ၁၂၅ ၁၂၆ လမ်းကြားမှာရှိတဲ့ နေအိမ်တစ်အိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သတင်းအရ ချိပ်ပိတ်စစ်ဆေးခဲ့ရတာရှိပါတယ်။ အဲ့ဒီမှာတော့ တချို့မီဒီယာတွေမှာ၊ တချို့က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဖော်ပြနေတာတွေ့ရတယ်။ အဲ့ဒါ ခရစ်ယာန်မိဘမဲ့ ကလေးကျောင်းဖြစ်တယ် ဆိုပြီးတော့ ဖော်ပြနေတာဖြစ်ပါတယ်။ အဲ့ဒီသတင်း ကတော့အမှားပါ။ မဟုတ်ပါဘူး။ နေအိမ်ပဲ ဖြစ်ပါတယ်။ နေအိမ်ပိုင်ရှင်ရှိတယ်။ အဲ့ဒီနေအိမ်ပိုင်ရှင်ကနေမှ အခုအိမ်ငှားထားတာရှိတယ်။ ဦးခင်မောင်အေး၊ ဒေါ်မေရီတို့က ဒီအိမ်ကိုငှားထားတယ် ဆိုတာသိရပါတယ်။ အိမ်ကိုချိပ်ပိတ်ရတဲ့ အကြောင်းရင်းကတော့ မနှစ်က ၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက် ပတ်ဝန်းကျင်လောက် က ကျွန်တော်တို့လည်းသတင်းထုတ်ပြန် ပြီးဖြစ်တယ်။ သပိတ်ကျင်းဘက်မှာ မန္တလေး က PDF အဖွဲ့ ဝေယံလင်း(ခေါ်)ထွန်းတောက်နိုင်ရဲ့အဖွဲ့ကို ကျွန်တော်တို့ဖမ်းမိခဲ့တယ်။ လက်နက်တွေ အမြောက်အမြားနဲ့ ကားပေါ်မှာမိခဲ့တာရှိ တယ်။ သူ့ရဲ့ပြောချက်အရ သူတို့နဲ့ မန္တလေးတိုင်းဒေသကြီးထဲမှာရှိတဲ့ အကြမ်းဖက် PDF အဖွဲ့နဲ့ တချို့သော KIA အဖွဲ့ပူးပေါင်း ပြီးတော့ မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်သင်တန်းတွေ ပေးဖို့၊ ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတွေပေးဖို့အတွက် သူတို့အိမ်လေးလုံး ငှားခဲ့တယ်။ ဒီအိမ်လေးလုံးကိုလည်း ကျွန်တော်တို့ သတင်းထုတ်ပြန်ပြီးဖြစ်တယ်။ အခုချိပ်ပိတ်လိုက်တဲ့အိမ်က အဲ့ဒီ အိမ်လေးလုံး ထဲမှာပါတဲ့ အိမ်တစ်အိမ်ဖြစ်တယ်။ အဲ့ဒီမှာတော့ အခြေပြုနေထိုင်တာမျိုးတော့ မတွေ့ခဲ့ရဘူး။ ယခုနောက်ပိုင်းမှာ ဒီအိမ်မှာ အိမ်ငှားတွေနေပြီး ကျွန်တော်တို့ အခုချိတ်ပိတ်စစ်ဆေးတဲ့အခါမှာ ကလေးဆယ်ယောက်တွေ့ရတယ်။ သူတို့အိမ်ငှားတွေကို မေးမြန်းချက်ထဲမှာ ဒါဟာမိဘမဲ့ကလေးတွေလို့ သူတို့ကပြောတာပဲ။ ကျွန်တော်တို့စစ်ဆေးနေဆဲပဲ ရှိသေးတယ်။ ဒီမသင်္ကာဖွယ် သတင်းရလို့ စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ အဲ့လို တွေ့ရတယ်။ အဲ့ဒီမှာ မိဘမဲ့ကလေးဂေဟာ ဖွင့်တယ်တို့၊ မိဘမဲ့ ကလေးကျောင်းဖွင့်တယ်တို့ဆိုတဲ့ တရားဝင်မှတ်ပုံတင်ထားတာမျိုးမရှိဘူး။ သူတို့အစီအစဉ်နဲ့ သူတို့လုပ်နေတဲ့ပုံစံမျိုးကို တွေ့ရ တယ်။ ပြီးရင် တချို့သော လူမှုကွန်ရက်စာမျက်နှာတွေ မှာ အဲ့ဒီအိမ်မှာ ဆေးကုပေးနေတယ်တို့ ဘာတို့လည်း ကျွန်တော်တို့ သတင်းကြားရတာမျိုးရှိတယ်။ ပြည်သူလူထုကိုဆေးကု ပေးနေတယ်ဆိုတဲ့ အမည်ခံမျိုးလည်း ကျွန်တော်တို့တွေ့ထား တာဖြစ်တယ်။ သို့သော် ပြည်သူလူထုကိုဆေးကုပေးနေတဲ့ ပုံစံမျိုးလည်းမရှိပါဘူး။ သို့သော် အကြမ်းဖက်အဖွဲ့တွေကို အဆက်အသွယ်တွေနဲ့ ဆေးကုပေးနေတဲ့ ပုံစံမျိုးတော့ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါတွေကိုတော့ ကျွန်တော် တို့ စစ်ဆေးဆဲပဲဖြစ်ပါတယ်။
ကျွန်တော်ပြောချင်တာကတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ဆောင်ရွက်လျက်ပဲ ရှိသေးတယ်။ ဒီထွန်းတောက်နိုင်တို့ အဖွဲ့နဲ့ ဆက်စပ်ပြီးတော့ လုပ်ခဲ့တဲ့အိမ်လည်းဖြစ်နေတယ်။ နောက်ထပ်မသင်္ကာစရာလည်းရှိတဲ့အတွက်ကြောင့် ဒါကြောင့် မို့ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သူတို့သတင်းလွှင့်နေတဲ့ ခရစ်ယာန်မိဘမဲ့ ကလေးကျောင်းတို့ ဘာတို့ဆိုတာမဟုတ် ပါဘူး။ ဒါသည် ချိပ်ပိတ်လိုက်တဲ့ အခါမှ လူမှုရေးအရရယ်၊ ဘာသာရေးအရရယ် နည်းနည်းလေး သတင်းပွလာအောင် လုပ်ဆောင်နေတဲ့ အနေအထားမျိုးဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ကတော့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဒီကလေးတွေနဲ့ပတ်သက်ပြီး မိဘမဲ့ကလေးတွေ ဟုတ်၊ မဟုတ်။ ဟုတ်ခဲ့ရင်လည်း ကျွန်တော်တို့က တရားဝင်မိဘမဲ့ဂေဟာထိကိုပို့နိုင်ဖို့ အစိုးရက တရားဝင်ဖွင့်လှစ်ထားတဲ့လူမှုကူညီ ကယ်ဆယ်ရေး၊ စတဲ့ကိစ္စတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာ ကျွန်တော်တို့ ပြည်သူလူထုကို ပြောချင်တာကတော့ ဒီ PDF အကြမ်းဖက်အဖွဲ့ကို အထောက်အပံ့ပေးနေတဲ့ အဖွဲ့တွေအနေနဲ့ တစ်ခုခုအရေးယူတာတို့၊ သတင်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်တာမျိုးရှိရင် ပြည်သူလူထုကို အထင်မှားအမြင်မှားအောင် လူမှုရေးအရ၊ ဘာသာရေးအရ အထင်မှား အမြင်မှားအောင် သူတို့ဘက်က ကာဗာယူပြီး ဆောင်ရွက်နေတာမျိုးကိုတွေ့ရတယ်လို့ပဲ ကျွန်တော်ပြောချင်ပါတယ်”။