ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၅၅)

 ကြည်းကြောင်းတွင်အန္တရာယ် - ရေလမ်းမှာရန်စွယ်နှင့်

၁၉၄၄ ခုနှစ် မတ်လ ၁၅ ရက်တွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ကြသော ဂျပန်ပြည်ဘုရင့် စစ်တက္ကသိုလ်တက်မည့် မင်္ဂလာဒုံ ဒုတိယပတ် ဗိုလ်သင်တန်းဆင်း ဗိုလ်လောင်းသုံးကျိပ်တို့သည် ဂျပန်ပြည်တောင်ဘက်စွန်းဆိပ်ကမ်းဖြစ်သော မိုးဂျီဆိပ်ကမ်းသို့ ၁၉၄၄ ခုနှစ် မေလ ၂၀ ရက်တွင်မှ ရောက်ရှိကြပါသည်။

ဗိုလ်လောင်းသုံးကျိပ်ကို ဗိုလ်ဟတကအုပ်ချုပ်ဦးဆောင်ပြီး ကျောင်းသားခေါင်းဆောင်မှာ ဗိုလ်ရဲမောင်ဖြစ်ပါသည်။ နှစ်လကျော် နှင်ခဲ့ရသောခရီးလမ်းမှာ မသာလှပါ။ ကြည်းကြောင်းချီရာတွင် မီးရထားဖြင့်မြန်မာပြည်မှ ယိုးဒယား(ထိုင်း) နိုင်ငံသို့ဖောက်လုပ်ထား သော သေမင်းတမန်လမ်းကို ဖြတ်ကျော်ခဲ့ရသည်။

ရေကြောင်းခရီးတွင် သင်္ဘောဖြင့် စင်ကာပူမှဂျပန်ပြည်အထိ ရေမြှုပ်ဗုံးများ ပြည့်နှက်လျက်ရှိသော အင်ဒိုချိုင်းနားပင်လယ်နှင့် ပင်လယ်ဝါကိုလည်းကောင်း၊ မွန်ဂိုဘုရင် ကူဗလိုင်ခန်ဂျပန်ပြည်ကိုတိုက်ရာတွင် “ခါမိခါဇေ” လေမုန်တိုင်း တိုက်ခတ်ချေမှုန်းခြင်းကို ခံခဲ့ရသည့် ကိုရီးယားနှင့်ဂျပန်ပြည်အကြား ပင်လယ်ပြင်ကို လေမုန်တိုင်းတိုက်ခတ်နေသည့် ကြားမှလည်းကောင်း ဖြတ်ကျော် ခဲ့ရသည်။

ရန်ကုန်မြို့မှထွက်ခွာရမည့် မတ်လ ၁၅ ရက် နံနက်တွင် ရဲဘော်များအိပ်ရာမှ စောစောနိုးနေကြသည်။ စိတ်လှုပ်ရှားမှုကြောင့် ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ကြပါ။ သွားရမည့်ခရီးမှာ ဘဝ၏ နောက်ဆုံးခရီးလမ်းပေပဲလား၊ မည်သို့အဆုံးသတ်မည်နည်း၊   တော်လှန်ရေး လုပ်နိုင်ရန်အတွက်   ယင်းရဲဘော်များကို အပေါင်ခံသည့်သဘောမျိုး စေလွှတ်ထားခြင်းပေပဲလား၊ ဤသို့ဆိုလျှင် ထိုရဲဘော်များ၏ အပြန်လမ်းမှာ မသေချာမရေရာ မမျှော်မှန်းနိုင်သော လမ်းသာ ဖြစ်နေပေလေပြီ။

ဗိုလ်လောင်း ၃၀ အတွင်းတွင် လေးလေးနက်နက်စဉ်းစားပြီး မျက်နှာထားတင်းမာနေကြသူများရှိသလို ဘာကိုမှ ရှေ့ရေးမစဉ်းစားဘဲ တိုင်းပြည်တာဝန်ကို စွန့်စွန့်စားစားလုပ်ရမည်ဖြစ်၍ တက်ကြွပြီး မြူးထူးပျော်ရွှင်နေကြသူများဟူ၍ ခံစားချက်များ အသီးသီး ကွဲပြားလျက်ရှိနေကြသည်။ ဤသို့ဆန့်ကျင်ဘက်ခံစားချက် ကွဲပြားနေသူများသည် ဂျပန်ဆရာများက အမြဲတစေ သင်ကြားပေး နေသော “လူ့ဘဝဆိုတာ ပျော်ရွှင်စရာ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊  ပူဆွေးစရာတွေရှိကြတယ်၊ စစ်သားဆိုတာ တိုင်းပြည်အတွက် အရေးကြီးတာဝန်ကိုထမ်းဆောင်ရာမှာ ဒါတွေအတွက် အချိန်မပေးရဘူး၊ ဦးစားမပေးရဘူး(ဂန်ပတ်တေး)၊ အရာရာကို စွန့်လွှတ် ရမယ်၊ သည်းခံရမယ်၊ အခက်အခဲဟူသမျှကို တောင့်ခံထားရမယ်” ဟူသော စိတ်ဓာတ်ရေးရာ သင်ကြားပေးခြင်းကို တူညီစွာ ခံကြသည်။ မည်သို့ပင်ဖြစ်စေ ရဲဘော်အားလုံးသည် တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းရမည်ဟူသော ရည်မှန်းချက်မှာ တူညီကြပါသည်။ နံနက် ၁၀ နာရီတွင် ဗိုလ်လောင်းအားလုံး ဂျပန်ဘုရင့်တပ်မတော်မှထုတ်ပေးသော ဂျပန်စစ်ဝတ်စုံ အသစ်များကို ဝတ်ဆင်ပြီး အသင့်ရှိကြသည်။ ဂျပန်တပ်မတော်ရာထူး တံဆိပ်တစ်လိုင်းနှစ်ပွင့်နှင့် ဗိုလ်လောင်းတံဆိပ်ကိုလည်း တပ်ဆင်ထား ရသည်။ လာရောက်နှုတ်ဆက်သူ ရဲဘော်များတွင် နောက်ပြောင်တတ်သူများက “ဆိုက်ခေ့ရေ့” ခေါ်ကျဆုံးလေပြီးသော ရဲဘော်များ ကို အလေးပြုသည့်ပုံအတိုင်း ခါးကိုတစ်ဝက်ချိုးအလေးပြုသူက ပြုကြသည်။ “မတ်စေ့ငုံသွားကြဟေ့၊ ဒါမှမင်းတို့မြန်မာပြည်ပြန်ဝင်ဖို့ ကူးတို့ခပါသွားမှာ” ဟုနောက်သူက နောက်သည်။ “မင်းရည်းစားကို စိတ်ချသွား၊ ငါစောင်မကြည့်ရှုထားလိုက်မယ်”ဟု အားပေးသူက ပေးကြသည်။

နံနက် ၁၀ နာရီတွင် ဗိုလ်လောင်းများ မော်တော်ယာဉ်ပေါ်သို့တက်ကြရသည်။ မော်တော်ယာဉ်ပေါ်တက်သော ခြေလှမ်းများ မသွက် လက်ကြပါ။ မော်တော်ယာဉ်ပေါ်ထိုင်မိသောအခါ ပျော်ပျော်နေတတ်သော ကျွန်တော်ကိုယ်တိုင် စိတ်ထဲတွင်ဟာတာတာကြီး ဝမ်းနည်းသလို ဖြစ်လာပါသည်။ ကျွန်တော်တို့ကို တန်းစီနှုတ်ဆက်သူများမရှိပါ။ ဂိတ်အထွက်တွင် ကင်းအဖွဲ့က တန်းစီ၊ သေနတ် မြှောက်အလေးပြုလိုက်ပါသည်။

ရှစ်မိုင်အရောက်တွင် ကားဆီပိတ်သဖြင့် ရပ်သွားသည်။ “စထွက်ကတည်းက အထစ်အငေါ့ရှိတယ်။ ဘူကောင်တွေပါလာပြီ ထင်တယ်” ဟု ရဲဘော်တစ်ယောက်က ရေရွက်လိုက်ရာ “ကံဆိုးသူမောင်ရှင် ကိုမဲနှိုက်ပြီး ကန်ချကြရအောင်” ဟုတစ်ယောက်က   အော်ပြော လိုက်ပါသည်။

ဦးဝိစာရလမ်းတွင်ရှိသော စစ်ရုံးချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအား တန်းစီသတင်းပို့ကြရသည်။ ဗိုလ်ချုပ်မျက်နှာကို မြင်ရသောအခါ ရဲဘော်များ အားတက်ကြပါသည်။ ဂွတ္တလစ်လမ်းရှိ ဂျပန်စစ်ဗိုလ်ချုပ်နှင့် အဓိပတိဒေါက်တာဘမော်တို့ကိုလည်း သတင်းပို့ရပါသည်။ ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးသို့ရောက်ရှိကြသည်။ ဘူတာကြီးသို့ ဂျပန်ကျောင်းအုပ်ကြီးနှင့် မြန်မာကျောင်းအုပ်ကြီး ဗိုလ်မှူး ဇေယျတို့ လာရောက်ပို့ဆောင် နှုတ်ဆက်ကြပါသည်။

ဆီချေးများ၊ မီးသွေးမှုန့်များနှင့် ညစ်ပတ်လျက်ရှိပြီး ငါးပိပုပ်စော်နံသောကုန်တွဲပေါ်သို့တက်ကြပြီး ညနေ ၄ နာရီရထား စတင်ထွက် သည်။ ရထားထွက်သည်နှင့် ထမင်းစားမိန့်ရသဖြင့် ကျောင်းမှထည့်ပေးလိုက်သော ဘဲဥနှစ်လုံးနှင့် ထမင်းကို စားရပါသည်။ ထမင်းစားပြီးသော အခါမိုချိ ခေါ် ဂျပန်ပေါက်စီ နှစ်လုံးကျွေးပါသည်။ ဂျပန်ခေတ်တွင် မီးရထားများ ညအချိန်တွင်သာ ခုတ်မောင်းကြရသည်။ နေ့ခင်းတွင် အင်္ဂလိပ်လေယာဉ်များ လာရောက်ပစ်ခတ်တတ်သဖြင့် နေ့ခင်းတွင် “နေခို” ကြရသည်။  ရထားသည် တစ်ညလုံးနှေးနှေးခုတ်မောင်းလိုက်၊ ရပ်လိုက်ဖြင့်ခုတ်မောင်းခဲ့ရာ နံနက်မိုးလင်းသောအခါ စစ်တောင်းမြစ်သို့ ရောက် လာသည်။

ဆက်လက်ဖော်ပြပါမည်။