ဝေဘာဂီအထူးကုဆေးရုံကြီး အဆင့်မီ ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဝေဘာဂီအထူးကုဆေးရုံကြီး အဆင့်မီ ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၃

ရန်ကုန်မြို့  မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကု ဆေးရုံကြီး ဆေးကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ကျင်းပပြုလုပ်သည်။

 အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်  စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကျန်းမာ ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ အလှူရှင် AW Foundation မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ  ဆေးကုသဆောင်သစ်ကို ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် အလှူရှင် AW Foundation  မှ ဥက္ကဋ္ဌ ဦးသောင်းကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဖွင့်ပွဲအထိမ်းအမှတ် ကြေးပြားကမ္ပည်း မော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးနှင့်  တာဝန်ရှိသူများက ကုသဆောင်သစ် ကြေးပြားကမ္ပည်းမော်ကွန်းအား   အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး  အဆောက်အဦသစ်အတွင်း မြေညီထပ်ရှိ သီးသန့်ကူးစက် လူနာခန်းများ (Isolation Room)ကို လည်းကောင်း၊  အောက်ဆီဂျင်စက်ရုံ(Oxygen Plant)၊ 800   KVA   Transformer၊ မီးစက်  (Standby   Genset)၊ ရေသန့်စင်စက် (Water   Treatment   System)) တို့ကို လည်းကောင်း၊ ကုသဆောင်သစ်ပထမထပ်ရှိ အထူးကြပ်မတ် ကုသခန်းများ၊ ဒုတိယထပ်ရှိ အောက်ဆီဂျင်ပေး၍ ကြီးကြပ်ကုသနိုင်သည့် လူနာခန်းများနှင့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်များကို လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနား မဏ္ဍပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးက  အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအပြင် ကူးစက်ရောဂါများ၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေး၊ ကျေးလက်မြို့ပြ သာတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုများရရှိနိုင်ရေး၊ ပြည်သူများ နိုင်ငံတကာ အဆင့်မီ ဆေးဝါးကုသမှုများ ရရှိနိုင်ရေးတို့အတွက် ဦးဆောင် လမ်းညွှန်မှု၊  ပံ့ပိုးမှုများ ဆောင်ရွက်ပေးနေသကဲ့သို့ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် နိုင်ငံ့ဝန်ထမ်းများ၏    လုပ်ငန်းစွမ်းရည် တိုးတက်မြင့်မားရေးကိုလည်း ဦးတည်ချက်ထားပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို  အရှိန်အဟုန်မပြတ် ဆောင်ရွက်နေပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအနေဖြင့်   မိတ်ဆွေနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်းများအတွင်း မြန်မာနိုင်ငံသားများ၏ အသက်ပေါင်းများစွာ အန္တရာယ်ကင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း။

ယနေ့ဖွင့်လှစ်သည့် ကုသဆောင်သစ်၌ ရောဂါပိုးကူးစက်မှုကို ကာကွယ်နိုင်သည့် အထူးလေဖိအားစနစ် တပ်ဆင်ထားသည့် အခန်းများ၊ လူနာများကို ၂၄ နာရီစောင့်ကြပ်ကြည့်ရှုနိုင်သည့်   စနစ်များပါဝင်သော နိုင်ငံတကာအဆင့်မီ ကုသခန်းများ၊ ဓာတ်ခွဲခန်းများ ပါဝင်ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးကိုလည်း Infectious Disease Institute  အဖြစ်  ကုသရေးအပြင်  သုတေသနနှင့် သင်ကြားရေး လုပ်ငန်းများပါ ဆောင်ရွက်နိုင်မည့် Center  အဖြစ်တိုးမြှင့် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက်   ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို တိုးတက်ဆောင်ရွက်နိုင်မည့် အပြင် ရောဂါကူးစက်မှု အခြေအနေများကို လေ့လာ၍ သုတေသနပြု ဆောင်ရွက်ရန် များစွာ အထောက်အကူရနိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတော်အကြီးအကဲက နေရောင်ခြည် စွမ်းအင်သုံး(Solar))စနစ်မှလည်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်၍ အကျိုးရှိစွာ အသုံးချရေးကြိုးစား ဆောင်ရွက်သွားရန် လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သော နေရောင်ခြည် စွမ်းအင်သုံး(Solar)) လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းစနစ်ကို ထည့်သွင်း တပ်ဆင်ထားသဖြင့်  စွမ်းအင်ချွေတာ သုံးစွဲရေးနှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်နိုင်မည့် ရှေ့ပြေးဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနအောက်ရှိ ဆေးရုံများတွင်လည်း  အသုံးပြုနိုင်ရေးအတွက်  စီမံချက်များရေးဆွဲပြီး  စတင် ဆောင်ရွက်လျက်ရှိကြောင်း၊   ပြည်သူ့ဆေးရုံများတွင် ပြည်သူလူထုမှ ကျန်းမာရေး စောင့်ရှောက်မှုခံယူရာ၌ စိတ်အေးချမ်းသာစွာ ဆေးကုသမှု ခံယူနိုင်ရန်နှင့် ကုသမှုအရည်အသွေး မြင့်မားလာစေရေး အထောက်အကူဖြစ်စေရန် ခေတ်မီဆေးရုံ အဆောက်အဦများ၊ ခေတ်မီဆေးရုံသုံး စက်ပစ္စည်းကိရိယာ များကို နိုင်ငံတော်အနေဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထုအနေဖြင့်  ဝိုင်းဝန်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ AW  Foundation က ဆောက်လုပ်လှူဒါန်းသည့် ဝေဘာဂီအထူးကု ဆေးရုံကြီး၏ ကုသဆောင်သစ်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း။

 နိဂုံးချုပ်အနေဖြင့် ကုသဆောင်သစ် အဆောက်အဦဖွင့်ပွဲ အခမ်းအနားမှသည် ပြည်သူများအားထား ယုံကြည်ရသည့် ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက်ရပ်တည်နိုင်ပြီး နိုင်ငံတော်ကဖန်တီး ဖော်ဆောင်ပေးနေသည့် ကျန်းမာရေး စောင့်ရှောက်မှု အကျိုးရလဒ်ကောင်းများကို  အကျိုးရှိရှိ အသုံးပြုကာ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြံ့ခိုင်၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်သည်ထက် တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း    ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြားခဲ့သည်။

ဝေဘာဂီအထူးကု ဆေးရုံကြီး၏ ကုသဆောင်သစ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်၍ ၂၀၂၂  ခုနှစ် စက်တင်ဘာလကုန်တွင် ပြီးစီးခဲ့ပြီး ငွေကျပ် ၆၂၁၇၇၁၉၀၀၀    အကုန်အကျခံကာ AW Foundation မှတစ်ဦးတည်း အလှူရှင်အဖြစ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေး ဝန်ကြီးဌာန၏  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။   

ဆက်လက်၍    AW  Foundation ဥက္ကဋ္ဌ  ဦးသောင်းကြိုင်က  Foundation ဖြစ်ပေါ်လာပုံနှင့်    အဆောက်အဦသစ် ဆောက်လုပ်လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်းတင်ပြသည်။   

ထို့နောက် AW  Foundation ဥက္ကဋ္ဌက အဆောက်အဦသစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများ၊ မှတ်တမ်းများကို ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး ထံသို့ လွှဲပြောင်းပေးအပ်ပြီး  ညွှန်ကြားရေးမှူးချုပ်က  AW Foundation  သို့  အမှတ်တရပန်းခြင်း လက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့(၇)ထပ်ဆောင် ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး အတွင်းရေးမှူးက  စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်ရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့်  တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းအောင် စီမံဆောင်ရွက်ရေးတို့ကို လမ်းညွှန်မှာကြားပြီး    မကြာမီဖွင့်လှစ်တော့မည့် ကြည့်မြင်တိုင်မြို့နယ်ရှိ အရိုးရောဂါအထူးကု ဆေးရုံကြီး    တိုးချဲ့(၅)ထပ်ဆောင်သစ် တည်ဆောက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှု စစ်ဆေး၍   လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။