ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၅၆)

မုပ္ပလင်သို့ ဇက်ရေယာဉ်ဖြင့်ကူးပြီးမုတ္တမသို့သွားမည့် ရထားပေါ်တက်ကြရသည်။ နံနက်စောစော မုပ္ပလင်မှထွက်ခဲ့ရာ နံနက် ၉ နာရီ ခန့်တွင် သထုံမြို့သို့ရောက်ရှိပါသည်။ သထုံတွင် နေခိုရပါသည်။ ခြေလျင်သင်တန်းတက်ရမည့် ဗိုလ်လောင်းဖေစိန်(ဗိုလ်ကြီး-အငြိမ်းစား) ၏ မိဘများ သထုံတွင် ရှိကြသည်။ ဖေစိန်က သူ့မိဘများအိမ်တွင် နံနက်စာ၊ နေ့လယ်စာများစားရန် ကြိုတင်စီစဉ် ထားသည်။ ဗိုလ်လောင်းများဘူတာရုံမှ ကျောပိုးအိတ်ကိုလွယ်၍ ဖေစိန့်မိဘများဖြစ်ကြသော ဦးသွင်၊ ဒေါ်ပုလဲနေအိမ်သို့ ချီတက် ကြသည်။   ဦးသွင်၊ ဒေါ်ပုလဲမိသားစု   ချက်ပြုတ်ကျွေးမွေးသော အုန်းထမင်းနှင့်ဘဲသားဟင်းမှာ အချက်အပြုတ်ကလည်း ကောင်း၊ ကျွေးမွေးသူများကလည်း စေတနာအပြည့်အဝဖြင့် ဧည့်ခံကျွေးမွေးကြခြင်းဖြစ်ရာ အလွန်စားလို့ကောင်းလှပါသည်။  ပေါ်ဦးပေါ်ဖျား ဒူးရင်းသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီးနှင့် နာနတ်သီးများမှာလည်း အရသာရှိလှပါသည်။ ရေတွင်းမှ အေးမြသောရေကိုလည်း တဝချိုးရသည်။

စားသောက်ပြီး သစ်ပင်ရိပ်များတွင် နားနေသူများက နားနေကြ၊ မြို့တွင်းလည်ပတ်သူများက လည်ပတ်ကြပြီး ဘုရားများသို့    သွားရောက်ဖူးမြော်သူများက ဖူးမြော်ကြသည်။  ညနေ  ၄  နာရီတွင် ဘူတာသို့မဆင်းမီ ထမင်းစားနိုင်သူများက ထမင်းထပ်စားကြပြီး လက်ဖက်ရည်နှင့် မုန့်များစားသူက စားကြပြန်သည်။

ညနေ ၅ နာရီတွင် သထုံမှ ရထားထွက်သည်။ ဖေစိန်၏အဖေ ဦးသွင်က မော်လမြိုင်အထိပို့ဆောင်ပေးရန် ကျွန်တော်တို့နှင့်အတူ လိုက်ပါလာသည်။ ဦးသွင်ပါလာ၍လည်း မုတ္တမမှမော်လမြိုင်သို့ကူးရန် သမ္ဗန်များကိုအလွယ်တကူ ငှားရမ်းရရှိခဲ့သည်။မုတ္တမသို့ ည ၁၀ နာရီခန့်တွင်ရောက်ရှိကြသည်။ ဦးသွင်သမ္ဗန်ရှာနေ၍ တစ်နာရီခန့်စောင့်နေရသည်။ မုတ္တမမှ သမ္ဗန်များနှင့် ထွက်ခွာသောအခါ ည ၁၂ နာရီခန့်ရှိနေပါပြီ။ တပေါင်းလပြည့်ကျော် ၁၁ ရက်ဖြစ်သဖြင့် တစ်လောကလုံး မှောင်မည်းနေသည်။ မုတ္တမမှမော်လမြိုင်အထိ ၂ မိုင်ကျော်ခန့်ကျယ်သော သံလွင်မြစ်အတွင်း ရှေ့သို့ဘာမှမမြင်ရပါ။ မော်လမြိုင်မြို့ကြီး အမှောင်ချထားသဖြင့် ဘယ်ဆီတွင် ရှိနေမှန်း မသိရ၊ သမ္ဗန်ကူးတို့ သမားပို့ရာသို့သာ ပါသွားကြရပေမည်။ ကမ်းမမြင်လမ်းမမြင်ဆိုတာ ဒါပဲထင်သည်။

သံလွင်မြစ်သည်   ရေစီးအလွန်သန်သည်။ လှိုင်းကလေးများရှိနေ၍ သမ္ဗန်မှာလူးနေသည်။ တစ်ခါတစ်ရံ သမ္ဗန်ဦးမှာလည်သွားသဖြင့် သမ္ဗန်သမားက ဂရုစိုက်၍ ခတ်နေရသည်။ “ဘယ်ဘက်မှာ ခေါင်းဆေးကျွန်းရှိတယ်၊ ဒီနေရာမှာ ဝဲရှိတယ်” ဟုသမ္ဗန်သမား က ရှင်းပြသည်။ ကျွန်တော်တို့အသက် သမ္ဗန်သမားလက်ထဲတွင် ရှိနေသည်လို့ပဲ အောက်မေ့ရသည်။

မှောင်ကြီးမည်းမည်းတွင် လှော်ခတ်လာသော   သမ္ဗန်များ မော်လမြိုင်ကျားတံတားသို့ ဆိုက်ကပ်သောအခါ နံနက် ၂ နာရီခန့်ရှိနေပါ ပြီ။ တည်းခိုရမည့် အာရှလူငယ်အစည်းအရုံး အသင်းတိုက်သည်ကျားတံတားနှင့် သိပ်မဝေးလှပါ။ ထိုညကဗိုလ်လောင်းများအိပ်ချိန် ၃ နာရီခန့်သာရှိပါသည်။

နံနက်တွင် အိပ်ချိန်တိုးပေးထား၍ ၆ နာရီခန့်တွင် အိပ်ရာမှထပြီး ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ရသည်။ တန်းစီ၊ သစ္စာဆိုပြီး လေ့ကျင့်ခန်း လုပ်ရသည်မှာ နေ့စဉ်မပျက်မကွက်လုပ်ရသော တစ်နေ့တာ အစီအစဉ်ဖြစ်သည်။ တည်းခိုရသည့်နေရာနှင့် မနီးမဝေး တွင် ဈေးတန်းကလေးတစ်ခုရှိသည်။ ထားဝယ်ဈေးဟု သိရသည်။ ကျန်းမာရေးလေ့ကျင့်၊ သန့်ရှင်းရေးပြုလုပ်ပြီးနောက်   နာရီဝက်ခန့် ဈေးကလေးအတွင်း လည်ပတ်ခွင့်ရပါသည်။

နံနက်စာနှင့် ညစာထမင်းကို အာရှလူငယ်အစည်းအရုံးက ကျွေးပါသည်။ အစည်းအရုံးဝင် အမျိုးသား၊ အမျိုးသမီးများကိုယ်တိုင် မေတ္တာစေတနာနှင့် ချက်ပြုတ်ကျွေးမွေးကြခြင်း ဖြစ်ပါသည်။ အာရှလူငယ်အစည်းအရုံးသည် မော်လမြိုင်မြို့တစ်မြို့တည်း၏ မိဘပြည်သူများအတွက်သာ ကိုယ်စားပြုသည်မဟုတ်ဘဲ မြန်မာတစ်ပြည်လုံး၏ မိဘပြည်သူများကိုယ်စား ကျွန်တော်တို့အား တိုင်းပြည်မှထွက်ခွာရမည့် နောက်ဆုံးနေ့တွင် ဂုဏ်ပြုနှုတ်ဆက်လိုက်ကြသည်ဟု ကျွန်တော်တို့ဗိုလ်လောင်းအားလုံးက ခံစားကြ ရပါသည်။ တိုင်းပြည်ကိုချစ်သော တပ်မတော်သားများကို ပြည်သူတို့က ချစ်ကြပါသည်။

ညနေ ၄ နာရီတွင် ဘူတာရုံသို့ဆင်းရမည်ဖြစ်၍ ထမင်းကိုစောစောကျွေးပါသည်။ စားနိုင်သူများစားပြီး မစားနိုင်သူများ ဟန်းကော များတွင် ထည့်ယူခဲ့ကြသည်။ မော်လမြိုင်ဘူတာရုံတွင် ကုန်တွဲများပေါ်သို့ တက်ကြပြီး မကြာမီရထားထွက်ပါသည်။ ကျွန်တော်တို့ စီးရသော အတွဲများမှာ သံကုန်တွဲများ ဖြစ်ပါသည်။ လေဝင်လေထွက်ရစေရန် ဘေးနှစ်ဖက်အပေါ်ပိုင်းရှိတံခါးကိုဖွင့်ထားရပါသည်။ အောက်ပိုင်းရှိ အောက်သို့လှန်ချရသော တံခါးကိုပိတ်ထားရသည်။ အပေါက်များတွင် နေ့ကင်းနှင့် ညအိပ်ဖန်ကင်းစောင့် တစ်ယောက်စီ ချထားရပါသည်။ ရထားထွက်စတွင် ပူအိုက်လှသော်လည်း မကြာမီလေအေးများ ဝင်လာသောအခါ နေသာထိုင်သာ ရှိသွားပါသည်။

ညဉ့်နက်လာသောအခါ အအေးဓာတ်များပိုလာသည်။ လေအေးများလည်း ခပ်ကြမ်းကြမ်းတိုက်ခတ်လျက်ရှိရာ စောင်မပါသဖြင့် မိုးကာများကို ခြုံထားကြရပါသည်။ ည ၁၁နာရီခန့်တွင် သံဖြူဇရပ်သို့ ရောက်သည်။ ထိုအချိန်က သံဖြူဇရပ်ချွေးတပ်စခန်းသည် အလွန်နာမည်ကြီးသည်။ သံဖြူဇရပ်ချွေးတပ်သို့ အပို့ခံရလျှင် ပြန်လမ်းမရှိဟု မှတ်ယူထားကြသည်။ အနန်းကွင်း၊ တောင်စွန်း၊ မဲဇလီ၊ တာဒိန်းဘူတာတို့ကို ဖြတ်ကျော်ပြီး သန်းခေါင်ကျော်အချိန်ခန့်တွင် အိပ်ဖန်စောင့်ရဲဘော်က “ဘုရားသုံးဆူရောက်ပြီဟေ့” ဟု အော်ပြောလိုက်ရာ ရဲဘော်အားလုံးထကြပြီး တံခါးပေါက်မှ တိုးဝှေ့ကြည့်ကြသည်။ အပြင်တွင် မှောင်မည်းနေ၍ ဘာမှမမြင်ရပါ။ ဘုရားသုံးဆူကျော်လျှင် မြန်မာပြည် နယ်နိမိတ်ကိုဖြတ်ကျော်၍   ယိုးဒယားပြည်အတွင်းသို့ ဝင်ရောက်တော့မည်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။