ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၅၇)

ဗိုလ်လောင်းသုံးကျိပ်တို့သည်  ၁၉၄၄ ခုနှစ် မတ် ၁၇ ရက်နှင့် ၁၈ ရက်အကူး သန်းခေါင်ကျော်တွင်  မြန်မာပြည်နယ်နိမိတ်ကို ဖြတ်ကျော်၍ သူတို့ချစ်သော  မြန်မာပြည်၏ ပြည်ပသို့ ရောက်ရှိသွားခဲ့လေပြီ။

ကမ္ဘာတွင် နာမည်ကြီးသော သေမင်းတမန်လမ်းသို့ပင်  ရောက်နေပါပြီ။  ရထားသည် တောင်တွေကိုတက်၊  တောတွေကိုဖြတ်၍ ခုတ်မောင်းလျက်ရှိသည်။ လေတိုက်လွန်းသဖြင့် အလွန်အေးလာသည်။ မျက်လုံးများ ကျိန်းစပ်လာသည်။

သေမင်းတမန်လမ်းဆိုသည်မှာ  ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်ပြည်သည် ဒိုက်တိုဝါကျောအေကင်း ဟု ကြွေးကြော်၍  အရှေ့အာရှတွင် နယ်ချဲ့စစ်ကိုဆင်နွှဲခဲ့ရာ မြန်မာပြည်အထိ ရောက်ရှိခဲ့သည်။ အိန္ဒိယအထိ  တိုးချဲ့တိုက်ခိုက်ရန်  အင်ဖာ-ကိုဟီး မားဘက်တွင် စစ်မျက်နှာဖွင့်ထားသည်။ ဂျပန်ဘုရင့်တပ်မတော်သည် အရှေ့အာရှတစ်ခုလုံး၊ မြန်မာပြည်အထိ  ရှည်လျားကျယ်ပြန့်သော  စစ်မျက်နှာအတွက် အင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်းနှင့် ရိက္ခာများပေးပို့ရန်   လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ လိုအပ်လာပါသည်။ ယိုးဒယားမှ မြန်မာပြည်သို့ မဲဆိုင်၊ တာချီလိတ်မှ ကျိုင်းတုံသို့   ကားလမ်းရှိသော်လည်း ခရီးဝေးသည်။

လေကြောင်းလမ်းမှာ  အကုန်အကျများသဖြင့် အပြည့်အဝမသုံးနိုင်ပါ။  ရေကြောင်းလမ်းမှာ စင်ကာပူကို ပတ်၍သွားရသဖြင့် ခရီးဝေးသည်၊ ရက်ကြာသည်။   မီးရထားလမ်းပေါက်လျှင် တပ်၊ လက်နက်ခဲယမ်းများနှင့်   ကုန်ပစ္စည်းများကို အချိန်တိုအတွင်း  သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။ ဂျပန်တပ်မတော်အတွက် လက်နက်ခဲယမ်းများကို  မန်ချူးရီးယားတွင် စက်ရုံများ တည်ဆောက်ထုတ်လုပ်နေသော အချိန်ဖြစ်ရာ  မန်ချူးရီးယားမှ လက်နက်ခဲယမ်းများကို တရုတ်ပြည်ကိုဖြတ်၍  ဗီယက်နမ်၊ လာအိုနိုင်ငံများကိုဖြတ်ပြီး   ယိုးဒယား(ထိုင်း)အထိ ကုန်းလမ်းခရီးရှိနေပါသည်။ ယိုးဒယားမှ မြန်မာစစ်မျက်နှာသို့ပို့ရန် ယိုးဒယား-မြန်မာ ရထားလမ်းဖောက်လုပ်ဖို့ လိုအပ်လာပါသည်။

သို့ဖြစ်၍ မီးရထားလမ်းကို အရေးတကြီး ဖောက်လုပ်ခဲ့ခြင်းဖြစ်သည်။ ရထားလမ်းကို ငါးနှစ်အချိန်ယူ ဖောက်လုပ်ရန်  တွက်ချက်ခဲ့သော်လည်း စစ်ရေးလိုအပ်ချက်အရ  အလျင်အမြန်ပြီးစီးအောင် တွန်းအားပေး ဖောက်လုပ်ရခြင်း ဖြစ်သဖြင့် ၁၆ လနှင့် ပြီးစီးခဲ့ပါသည်။

သို့ဖြစ်၍ သာမန်အဆင့်မီသော ရထားလမ်းတစ်ခုဖြစ်မလာပါ။ ရထားလမ်းသည် ညီညာဖြောင့်ဖြူးခြင်းမရှိပါ။ ရထားသံလမ်းများကို ရန်ကုန်-မန္တလေး ဒွေးလမ်းနှင့်မန္တလေး-မြင်းခြံမှ သံလမ်းများကို  ဖြုတ်ယူ အသုံးပြုခဲ့သည်ဟု  သိရပါသည်။

လမ်းအူကြောင်း ရွေးချယ်ရာတွင် စေ့စပ် သေချာစွာ  အချိန်ယူရှာဖွေရွေးချယ်ခြင်း မပြုလုပ်နိုင်ဘဲ ယခင်ကကားလမ်းဖောက်ရန် လျာထားသောလမ်းကြောင်းအတိုင်း ဖောက်လုပ်ခဲ့သည်ဟု သိရပါသည်။

တောင်တက်လမ်းများတွင် လွန်းထိုးလမ်းအသုံးမပြုဘဲ  တောက်လျှောက်တက်ရခြင်းဖြစ်ရာ ရထားခေါင်းတွဲသည် မဆွဲနိုင်ဘဲ တန့်နေတတ်သည်။ တစ်ခါတစ်ရံ တောင့်မထားနိုင်ဘဲ နောက်သို့ လျှောကျ သွားတတ်သေးရာ ဘုရားတနေကြသည်။ ခေါင်းတွဲကဆွဲသည့်အတိုင်း ရှေ့သို့မဟုတ်ဘဲ သံလမ်းများကိုသာကြိတ်ပြီး ချော်နေသံကြားရသောအခါ တွဲပေါ်ရှိ ရဲဘော်များက တွဲပေါ်မှမဆင်းဘဲ ဂေါ်ရင်ဂျီကုလား လှည်းတွန်းရာတွင် အော်သလို ဘေးလေးဆပ် အော်၍ မိမိကိုယ်ကို    အားပေး အားဖြည့်ပေးကြရသည်။

တောင်စောင်းကမ်းပါးယံများကို ဖြို၍ထွင်းထားသောရထားလမ်းမှာ အောက်ခြေမြေ အသားမသေသေးပါ။ ရထားသည် ဘယ်-ညာ ယိမ်းလျက်ရှိသည်။ မြေပြိုပြီး  တစ်ဖက်ရှိ အလွန်နက်သောချောက်အတွင်းသို့  ရထားတစ်စင်းလုံး လိမ့်ကျသွားနိုင်သဖြင့်  အသည်းယားဖွယ် သည်းလှိုက်ရင်ဖိုဖြစ်ရပါသည်။

တောင်စောင်းကမ်းပါးယံကို    ဖဲ့ဖြို၍ညီအောင်ညှိထားသော လမ်းအချို့နေရာများတွင် မြေသားမရှိဘဲ ပြတ်တောက်လျက်ရှိရာ ရထားလမ်းဖောက် ကမ်းပါးယံကို သစ်လုံးများဖြင့် ဒေါက်ထောက်အမှီပြု၍ တံတားသဖွယ် ဆောက်လုပ်ထားပါသည်။ ယင်းတံတားများမှာ တောတွင်းအလွယ်တကူ ရနိုင်သည့် သစ်ဝါးများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး သစ်ချောင်းများလုံလောက်စွာ အသုံးမပြုနိုင်၍ဘဲလားမသိ၊ အချို့နေရာများတွင် အုန်းဆံကြိုးများဖြင့်ပင် ချည်နှောင်ထားလျက်ရှိရာ ရထားဖြတ်မောင်းသွားသည့်အခါ   ဖျစ်ဖျစ်မြည်နေပါသည်။

ဘယ်နေရာတွင် တံတားကျိုးပြီး ချောက်ထဲကျသွားမလဲဟု အသက်ပင်မရှူရဲကြပါ။ ဒီနေရာမှာပဲ ကျွန်တော်တို့ဘ၀ နိဂုံးချုပ်တော့မည်လားဟုပင် အောက်မေ့မိကြပါသည်။

ဆက်လက်ဖော်ပြပါမည်။