ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၅၈)

    မီးရထားလမ်းဖောက်ရာတွင် မြန်မာပြည်သံဖြူဇရပ်မှ ယိုးဒယားပြည် ဘန်ပွန်မိုက်အထိ လမ်းတစ်လျှောက်တွင် ဗြိတိသျှ၊ အမေရိကန်၊ သြစတြေးလျနှင့် ဒတ်ချ်စစ်သုံ့ပန်း သုံးသောင်းကျော်အပြင် အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာနှင့် ယိုးဒယားတို့မှ ချွေးတပ်အဆွဲခံရသူ စုစုပေါင်း တစ်သိန်းကျော်ထဲမှ စစ်သုံ့ပန်း ၁၆၀၀၀ ခန့်နှင့်ချွေးတပ်သား တစ်သိန်းခန့်အသက်ဆုံးရှုံးကြရသည်။ မသေဘဲ ပြန်ရောက်လာသူများမှာလည်း လူစဉ်မမီကြ၊ သက်ဆိုးမရှည်ကြရှာပါ။  သို့ဖြစ်၍  ထိုလမ်းကို သေမင်းတမန်လမ်းဟု ခေါ်ကြခြင်းဖြစ်ပါသည်။ သေဆုံးကြသူများမှာ အစာအာဟာရ ပြတ်လပ်၍ ငတ်ပြတ်သေဆုံးကြရခြင်း၊  ငှက်ဖျားရောဂါ၊ ဝမ်းရောဂါနှင့် အခြားရောဂါများကို ဆေးလုံးဝ ကုမပေးသဖြင့် သေဆုံးကြရခြင်းဖြစ်ပါသည်။ ဂျပန်စစ်သားများ ညှဉ်းပန်းနှိပ်စက်၍ သေဆုံးသူများလည်း ရှိကြသည်ဟု သိရပါသည်။ စစ်အပြီးတွင် စစ်သုံ့ပန်းများအတွက် သံဖြူဇရပ်တွင်  စစ်သချိုင်းကို လှပသေသပ်စွာ တည်ဆောက်ထားသည်ကို  တွေ့ရသည်။ သေဆုံးသော ချွေးတပ်သားများအတွက်မူ အထိမ်းအမှတ် နေရာမတွေ့ရသေးပါ။

၁၈ ရက် နံနက်မိုးလင်းသည်နှင့် မီးရထားလမ်းဘေးတွင် အလုပ်လုပ်နေကြသော စစ်သုံ့ပန်းများကို တုန်လှုပ်ချောက်ချားဖွယ် တွေ့မြင်ကြရပါသည်။ အလုပ်လုပ်နေကြသူများမှာ ဂျပန်လန်ကွတ်တီကို ဝတ်ဆင်ထားသူများ၊ စုတ်ပြတ်ပေရေနေသော ဂုန်အိတ်စုတ်ကို ပတ်ထားသူများ၊ ဂုန်အိတ်စုတ်ပင် ပတ်ရန်မရှိသူများသည် အဝတ်ဗလာ ကိုယ်လုံးတီးဖြင့်သာ တွေ့မြင်ရသည်။

သူတို့၏ မျက်နှာများမှာ မျက်တွင်းများ ဟောက်နေပြီး  ပါးများချိုင့်နေသဖြင့် အရိုးခေါင်းကိုကြည့်ရသည်နှင့် တူနေသည်။

နံရိုးများပြိုင်းပြိုင်းထပြီး ဗိုက်များချပ်ကာ အဆီအသားလုံးဝမရှိ၊ ပေါင်နှင့်ခြေသလုံးများမှာ ကြွက်သားလုံးဝမရှိတော့ဘဲ အရိုးနှင့် အရေသာရှိသဖြင့်  ပလွေရိုးဟုခေါ်ရလောက်အောင် သေးသိမ်နေသဖြင့် ဒူးခေါင်းများကြီးနေပါသည်။ တစ်ကိုယ်လုံးကို ခြုံကြည့်လျှင် ဖြည်းညင်းစွာလှုပ်ရှားနေသော အရိုးခြောက်ကောင်ကြီးကဲ့သို့ မြင်ရပါသည်။ ရထားလမ်းဘေးတွင် အားအင်ကုန်ခန်းပြီး တုံးလုံးပက်လက် လဲနေသူအများအပြားကို စိတ်ဆင်းရဲဖွယ်ရာတွေ့ရပါသည်။

တောင်ကြီးများ တဖြည်းဖြည်းမြင့်လာသည်။ ချောက်ကမ်းပါးများ ပိုနက်လာသည်။ အောက်သို့ ငုံ့ကြည့်လျှင် ရင်ဖိုရသည်။ တောထူလာသည်။ တောင်ကြီးတွေ ဘယ်လောက်ပဲမြင့်မြင့် ရထားခေါင်းတွဲ ကလေးကတော့ မမှုပါ။ ကျွန်တော်တို့ စီးလာသောတွဲများကို တာဝန်ကျေပွန်စွာ ဆွဲငင်ပေးလျက်ရှိပါသည်။ တောင်ပေါ် တောတွင်းဖြစ်သော်လည်း တပ်စခန်းများ ရှိသဖြင့် ဘူတာရုံကလေးများ ရှိနေသည်။

ဘူတာရုံကလေးများ၏ အမည်ကို ဂျပန်စာဖြင့် ရေးထားပါသည်။ ဘူတာရုံသို့ ရထားရပ်လျှင် ဂျပန်စခန်းများသို့ နံနက်စာ၊ နေ့လယ်စာနှင့် ညနေစာများကို သွားရောက်ယူငင် စားသောက်ရပါသည်။

ရထားသည် လေကြောင်းရန်မကြောက်သဖြင့် ညအချိန်များသာမက နေ့ခင်းအချိန် တစ်နေ့လုံး ခုတ်မောင်းလျက် ရှိပါသည်။

၁၈ ရက် နံနက်စာကို အပရောင်းဘူတာတွင် လည်းကောင်း၊ နေ့ခင်းစာကို ဖရန့်ကရှီဘူတာတွင် လည်းကောင်း၊ ညစာကို ထမရောဘူတာတွင် လည်းကောင်း ဂျပန်တပ်စခန်းများသို့  သွားရောက်ယူငင်ရသည်။ ထမင်းပူပူနွေးနွေး၊ မုန်လာချဉ်ဖတ်၊ မီဇောခေါ် ဂျပန်ပဲငါးပိဟင်းချိုများသာ ဖြစ်သော်လည်း မြိန်ရှက်လှပါသည်။ တပ်စခန်းတစ်ခုမှ စားရသော  ငါးသလဲထိုး အရွယ်ငါးကလေးများကို  ဂျပန်ပဲငါးပိနှင့် ခပ်ခြောက်ခြောက်ကြော်ထားသော ဟင်းမှာ အရသာရှိသဖြင့် ယနေ့တိုင်မမေ့နိုင်ဘဲ အသည်းစွဲလျက်ရှိနေပါသည်။

ယိုးဒယားပြည်အတွင်း ရောက်ရှိလာပြီဖြစ်၍ ယိုးဒယားလူမျိုးတို့ ဝတ်စား ဆင်ယင်ပုံများကို စတင်တွေ့ရှိရပါသည်။

တောပိုင်းဖြစ်၍လားမသိ (ယိုးဒယားကို တိုက်ခိုက်သိမ်းပိုက်စဉ်က ယိုးဒယားလူမျိုးများကို ခါးတောင်းကျိုက်ခိုင်းသည်ဟု ကြားဖူးပါသည်) အမျိုးသမီးများသည် အိမ်ထောင်သည် သို့မဟုတ် အအိုများက ထဘီကို  ခါးတွင်သာ ဝတ်ဆင်ထားပြီး အပေါ်ပိုင်းအင်္ကျီမပါဘဲ ရင်သားများကို လွတ်လပ်စွာ ထားကြသည်။ လှသူတွေလှကြသည်။ မမြင်ဖူးသူများက အငမ်းမရကြည့်ကြသော်လည်း သူတို့ကတော့ သိပ်ဂရုမစိုက်ကြပါ။  ရင်သားလှပ်ထားတာမြန်မာဘုရင်များက သတ်မှတ်ထားခဲ့ခြင်း မဟုတ်ဘဲ သူတို့လူမျိုး ထုံးစံပဲဟု ထင်ပါသည်။

နာမည်ကြီး ကွေးမြစ်တံတားကို  ဖြတ်ကျော်ပြီးနောက် မွန်းလွဲပိုင်းတွင် ကန်ချနဘူရီမြို့သည် ယိုးဒယား(ထိုင်း) နိုင်ငံ၏ ရထားလမ်းဆုံးဖြစ်သည်။ ယိုးဒယားဘက်မှ သေမင်းတမန် ရထားလမ်းကို နောင်ပရာဒေါက်မှ စတင်၍လည်းကောင်း၊ မြန်မာပြည်ဘက် သံဖြူဇရပ်မှ လည်းကောင်း ဖောက်လုပ်ခြင်းဖြစ်ပါသည်။ မီးရထားလမ်းအရှည်မှာ ယိုးဒယားဘက်မှ ၂၃၆ ကီလိုမီတာနှင့် မြန်မာပြည်ဘက်မှ ၁၅၂ ကီလိုမီတာဖြစ်ပြီး စုစုပေါင်းအရှည်မှာ ၄၁၅ ကီလိုမီတာဖြစ်ပါသည်။ ရထားလမ်းကို ယိုးဒယားနိုင်ငံ နောင်ရာဒေါက်မှ ၁၆-၉-၁၉၄၂ ရက်တွင် စတင်ဖောက်လုပ်ပြီး၂၅-၁၂-၁၉၄၃ ရက်တွင် ပြီးစီးခဲ့သည် ဟုသိရပါသည်။

ကန်ချနဘူရီဘူတာတွင်အစားအသောက်ရောင်းသော ဈေးသည်များ ရထားတွဲများသို့ လာရောက်ကာ အော်ဟစ်ဈေးရောင်းကြသည်။ ဈေးသည်မကလေးများထဲတွင် အင်္ကျီဝတ်ထားသူလည်းပါသည်။ အင်္ကျီမပါသူကများသည်။ ရောင်းချသည့် စားစရာများမှာ ဖရဲသီး၊ ငှက်ပျောသီး၊ ကျွဲကောသီး၊  မုန့်ပဲသရေစာများဖြစ်ပါသည်။ ကျွန်တော်တို့တွင် ယိုးဒယား ပိုက်ဆံမပါ၍ ဝယ်မစားနိုင်ကြပါ။ ရဲဘော်များ ဝယ်မစားဘဲ ငေးကြည့်နေကြသည်ကို သူတို့က အံ့သြနေကြသည်။ ဂျပန်တော့ မဟုတ်ဘူး၊ ဘာကောင်တွေလဲဟု သိလိုနေကြသည်။  

ဆက်လက်ဖော်ပြပါမည်။