(၁၉)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၁၉)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ရက်

    လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၉)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ရန် အတွက် လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာလ ၃ ရက် နေ့လယ်ပိုင်းတွင် လာအိုလေတပ်ဦးစီးချုပ် Brigadier General Khamlek Sengphachanh၊ ဘရူနိုင်းလေတပ် ဦးစီးချုပ် Brigadier General (U) Dato Seri Pahlawan Mohd Sharif Bin Dato Paduka Haji Ibrahim နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လေတပ်များအကြား  လူသားချင်း စာနာထောက်ထားမှုအကူအညီများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရေး၊ အကြမ်းဖက်လုပ်ငန်းများ ကာကွယ်တားဆီးရေးတို့ အတွက် နှစ်နိုင်ငံလေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြသည်။

     ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက်နေ့ နံနက်ပိုင်းတွင် လွန်ပရာဘန်မြို့တော်ရှိ Luang Prabang View ဟိုတယ် ၌ ကျင်းပပြုလုပ်သော (၁၉)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေး (19th ASEAN Air Chiefs Conference – 19th AACC) သို့ တက်ရောက်ကြသည်။ ဦးစွာ အာဆီယံ လေတပ်ဉီးစီးချုပ်များက အမှတ်တရစုပေါင်းရိုက်ကူးကြပြီး “Together for Peace and Stability of ASEAN” အား အသီးသီးဆွေးနွေး ခဲ့ကြသည်။ ထို့နောက် အစည်းအဝေး သဘောတူဆုံးဖြတ်ချက်များ အတည်ပြုလက်မှတ် ရေးထိုးကြသည်။

     ဆက်လက်၍ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (20th ASEAN Air Chiefs Conference – 20th AACC) အာဆီယံလေတပ် ဦးစီးချုပ်များ အစည်းအဝေးအတွက် ကာကွယ်ရေးဦးစီးချုပ်(လေ)ထံသို့ လာအိုလေတပ်ဦးစီးချုပ်က ASEAN Air Chief Conference ဥက္ကဋ္ဌတာဝန် ထမ်းဆောင်မှု လွှဲပြောင်းပေးအပ်ခြင်းအား ဆောင်ရွက်ခဲ့သည်။

     ၎င်းနောက် လာအိုနိုင်ငံကာကွယ်ရေး ဝန်ကြီးအား အာဆီယံလေတပ် ဦးစီးချုပ်များနှင့် အတူ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြသည်။ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၃၀ မိနစ်တွင် လာအိုနိုင်ငံလေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံ လေတပ်ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။