သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်၏ (၄၁) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကျင်းပ

သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်၏ (၄၁) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကျင်းပ

ရန်ကုန်၊ သာသနာရေး

သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်၏ (၄၁) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင် စေတီရင်ပြင်တော်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက် လာကြသူများက နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ တာဝန်ရှိသူများက မြန်မာ့ရိုးရာ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ  မင်္ဂလာဖဲကြိုးအား  ဆက်ထုံးချည်နှောင်၍   အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက် မဟာရန်ကုန် စက်စတင်း မင်္ဂလာဆိုင်းဝိုင်းမှ တူရိယာတေးသံသာများဖြင့် တီးခတ်ပူဇော်၍ စေတီတော်ကြီးအား လက်ယာရစ် တစ်ကြိမ်လှည့်လည်ပူဇော်ကြ သည်။

ယင်းနောက် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အမှာစကားပြောကြားပြီး သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးက မသိုးသင်္ကန်းရက်လုပ် ပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာဝန်ရှိသူများက ရက်ကန်း ရက်လုပ်ပေးကြမည့် ရက်ကန်းပညာရှင်၊ အကူဆောင်ရွက်ပေးကြသူများအား မိတ်ဆက်ပေးပြီး စင်တော်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ချည်ဖြူတားပေးကာ (၄၁) ကြိမ်မြောက် မသိုးသင်္ကန်း ရက်လုပ် ပူဇော်ပွဲအား  သင်္ဃန်းကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အချက်ပေးခေါင်းလောင်းတီး၍ စတင်ရက်လုပ်စေသည်။ 

အဆိုပါ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတွင် စင်တော်(၁)အင်ကြင်းစင်တော်၊ စင်တော်(၂) မဉ္ဇူစင်တော်၊ စင်တော် (၃) ဇလပ်စင်တော်၊ စင်တော်(၄)သဇင်စင်တော် တို့ပါဝင်ရက်လုပ်ပူဇော်ကြောင်း သိရသည်။         

ခင်မောင်တင်