ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၅၉)

ရဲဘော်တစ်ယောက်က “ဘီရူမာ” ဟု ပြောသော်လည်း နားလည်ပုံမပေါက်ပါ။

ဤသို့အခက်အခဲတွေ့နေစဉ် ကိုအေး(ဗိုလ်မှူး-ကျဆုံး)က မည်သို့အကြံရသည်မသိ ရုတ်တရက်ဘောင်းဘီကိုချွတ်ကာ သူ့ပေါင်တွင် ထိုးထားသောထိုးကွင်းများကိုပုတ်ပြပြီး “ဗမာ” “ဗမာ” ဟုပြောလိုက်သောအခါမှ ဈေးသည်များထဲမှ ထိုးကွင်းထိုးထားသော လူငယ်တစ်ယောက်ကလည်း သူ့ပေါင်တွင်ရှိသော ထိုးကွင်းများကိုပုတ်ပြီး “အိုနာဂျိ” “အိုနာဂျိ” “ဖာမ” “ဖာမ” ဟုအော်လေ တော့သည်။ ထိုအခါမှ ဈေးသည်များက “အိုး...ဖာမ ဖာမ” ဟု ကျွန်တော်တို့ကို လက်ညှိုးထိုး၍ ဝမ်းသာအားရအော်ကြလေရဲ့။ ကျွန်တော်တို့သည် မြန်မာလူမျိုးစစ်မှ “ဖာမ” ဖြစ်သွားကြပါတော့သည်။

ကျွန်တော်တို့တွင် ဝယ်စားရန်ပိုက်ဆံမပါကြောင်း နားလည်သွားကြသောအခါ ဈေးသည်များက “ခေါ်ခန် ခေါ်ခန်” (လဲမယ်၊လဲမယ်) “တာဘာကိုးခေါ်ခန်” (ဆေးလိပ်နဲ့လဲမယ်)၊ “ဆေးခင်းခေါ်ခန်” (ဆပ်ပြာနဲ့လဲမယ်) ပစ္စည်းချင်းလဲလှယ်ရန် ကမ်းလှမ်းလာကြပါသည်။ ကျွန်တော်တို့က စီးကရက်တစ်ဘူးပေးလိုက်လျှင် ဖရဲသီးသုံးလုံးပြန်ပေးသည်။ ဆပ်ပြာခဲတစ်ခဲပေးလိုက်လျှင် ငှက်ပျောသီး ငါးဖီးတွဲ ပေါ်သို့ တင်ပေးကြသည်။

ကန်ချနဘူရီမြို့မှ ကျွန်တော်တို့ရပ်နားရမည့် ဘန်ပွန်မိုက်ဘူတာကြားတွင် တေရုအာအိုအီဟုခေါ်သော ဘူတာလေး တစ်ဘူတာသာ ရှိသည်။ ဘန်ပွန်မိုက်ဘူတာသို့ မမှောင်မီရောက်ရှိကြသည်။ ဘန်ပွန်မိုက်ဘူတာသည် လမ်းဆုံဘူတာဖြစ်သည်။ အရှေ့စူးစူးတွင် ဗန်ကောက်မြို့ရှိသည်ဟု သိရပါသည်။ ကျွန်တော်တို့သွားရမည့်စင်ကာပူသည် တောင်ဘက်တွင်ရှိသည်။ မီးရထားဖြင့်ပင် ဆက်လက် သွားကြရဦးမည်ဖြစ်ပါသည်။

ဘန်ပွန်မိုက်ရှိ တည်းခိုစခန်း (Transit Camp)တွင် အိပ်ရာ၊ အိပ်ရာခင်း၊ စောင်၊ခြင်ထောင်များဖြင့် ပြည့်ပြည့်စုံစုံ ချမ်းချမ်းသာ သာအိပ်စက်ကြရပါသည်။ ဂျပန်ဆရာ ဗိုလ်ဟတခေါင်းဆောင်သော ဗိုလ်လောင်းသုံးကျိပ်သည် ဘေးအန္တရာယ်များလှသော သေမင်း တမန်လမ်းကို ဖြတ်ကျော်ခဲ့ပါပြီ။

၁၉၄၄ ခုနှစ် မတ်လ ၂၁ ရက် ညနေတွင် ဘန်ပွန်မိုက်မှ သာယာလှပသော မလေးယားခေါ် မလေးရှားကျွန်းဆွယ်အတိုင်း မီးရထားဖြင့် စီးနင်းလိုက်ပါခဲ့ရာ ရေမြှုပ်ဗုံးများ ပြည့်နှက်လျက်ရှိသော အင်ဒိုချိုင်းနားပင်လယ်နှင့် ပင်လယ်ဝါကို ဖြတ်ကျော်ရပေဦးမည်။ ရန်သူ့လေကြောင်း တိုက်ခိုက်မှုရန်ကလည်း ရှိနေသေးသည်။

စစ်တက္ကသိုလ်ပထမပတ် နောင်တော်ကြီးများနှင့် ဒုတိယပတ် လေတပ်ဗိုလ်လောင်း၁၀ ဦးတို့ ကျွန်တော်တို့ရှေ့မှ သွားနှင့်ကြလေပြီ။ မြန်မာမျိုးရိုးစဉ်ဆက် ထမ်းဆောင်ကြရမည့် သမိုင်းပေးတာဝန်အရ နောက်မှလိုက်သူများက လိုက်ကြရပေမည်။

ရေလမ်းမှာရန်စွယ်နှင့်

(ပထမပိုင်း)

ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ် တက်ရောက်ကြမည့် ဗမာ့တပ်မတော် ဗိုလ်လောင်းသုံးကျိပ်ကို တင်ဆောင်လာသော မီးရထားကြီး သည် မော်လမြိုင်မြို့မှ ၁၉၄၄ ခုနှစ်မတ်လ ၁၇ ရက် ညနေ ၅ နာရီတွင်ယိုးဒယားပြည်(ထိုင်း)သို့ ဦးတည်ထွက်ခွာခဲ့ပါသည်။ သံဖြူဇရပ်၊ ဘုရားသုံးဆူဘူတာများကို ဖြတ်ကျော်ပြီးနောက် မတ်လ ၁၇ ရက်နှင့် ၁၈ ရက်အကူး သန်းခေါင်ကျော်တွင် မြန်မာ-ယိုးဒယား နယ်နိမိတ်ကိုဖြတ်ကျော်ခဲ့ပါသည်။

ထိုမီးရထားလမ်းသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်ဘက်ဆိုင်ရာအင်ဂျင်နီယာများက တောတောင်လျှိုမြောင်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်ကို ဖြတ်ကျော်ဖောက်လုပ်ထားသော မီးရထားလမ်းအသစ်ဖြစ်ပါသည်။ မီးရထားလမ်းဖောက်လုပ်ရာတွင် အသုံးပြုခဲ့သော အလုပ်သမားများမှာ ဗြိတိသျှ၊ အမေရိကန်၊ သြစတြေးလျ၊ ဒတ်ချ် စစ်သုံ့ပန်းများနှင့် မြန်မာယိုးဒယား ချွေးတပ် အဆွဲခံရသူများဖြစ်ကြပါသည်။ အလုပ်သမားစုစုပေါင်း သိန်းနှင့်ချီ၍ အသက်ဆုံးရှုံးခဲ့ကြရသဖြင့် သေမင်းတမန်လမ်းဟု အမည်တွင် ခဲ့ပါသည်။ ဗိုလ်လောင်း ၃၀ သည် အန္တရာယ်များလှသော ယင်းမီးရထားပေါ်မှအသက်ကိုဖက်နှင့်ထုပ်၍ ဖြတ်ကျော်ခဲ့ရပါသည်။

မီးရထားသည် မတ်လ ၁၉ ရက်ညနေပိုင်းတွင် ယိုးဒယားပြည် ဘန်ပွန်မိုက်ဘူတာသို့ ရောက်ရှိခဲ့ပါသည်။ ဘန်ပွန်မိုက်ဘူတာသည် ဗန်ကောက်၊ ကန်ချနဘူရီနှင့် စင်ကာပူမီးရထားလမ်းဆုံတွင် ရှိပါသည်။

ဘန်ပွန်မိုက် ဂျပန်စစ်တပ်တည်းခိုစခန်း (Transit Camp)တွင် နှစ်ညတည်းခိုရပ်နားကြပြီးနောက် မတ်လ ၂၁ ရက်  ညနေ ၆ နာရီတွင် မီးရထားဖြင့်ပင် ဆက်လက်ထွက်ခွာခဲ့ကြရာ စင်ကာပူသို့ မတ်လ ၂၅ ရက်ညနေမိုးချုပ်မှ ရောက်ရှိခဲ့သည်။ ဘန်ပွန်မိုက်မှ စင်ကာပူအထိ မီးရထားစီးရသည်မှာ မီးရထားသည် သာယာလှပသော ပင်လယ်ကမ်းခြေပေါ်တွင် ခုတ်မောင်းလျက်ရှိပါသည်။ အရှေ့ဘက်တွင် ပင်လယ်ကိုမြင်နေရသည်။ ယိုးဒယားပြည်အတွင်းတွင်ပင် ရှိနေသေးပါသည်။ ဘူတာရုံကလေးများ သန့်ရှင်းလှပ သပ်ရပ်လှပါသည်။ ယိုးဒယားမကလေးများလည်း ချောမောလှပကြပါသည်။ သို့သော် သူတို့ဖိနပ်စီးမထားကြပါ။ အချို့က အင်္ကျီမပါဘဲ ထဘီကိုရင်ရှားထားပြီး အချို့က အပေါ်မှအင်္ကျီဝတ်ထားကြသည်။ အချို့က ထဘီကိုခါးအထိသာ ဝတ်ထားကြပြီး   အင်္ကျီဝတ်မထားသဖြင့် အပေါ်ပိုင်းမှာ ဗလာကိုယ်လုံးတီး မိမွေးတိုင်း ဖမွေးတိုင်းအတိုင်းပင် သွားလာနေကြပါသည်။

ဘန်ပွန်မိုက်မှ စင်ကာပူအထိ နံနက်စာ၊ နေ့လယ်စာနှင့်ညစာထမင်းများကိုစားချိန်တွင် ရောက်သည့်ဘူတာများရှိ ဂျပန်တပ် စခန်းများ၌ သွားရောက်ယူငင် စားသောက်ကြရပါသည်။ စားချိန်ရောက်သည့်တိုင် ထမင်းကျွေးသော ဘူတာများမရှိလျှင် ထမင်းငတ် ကြရသည်။ မတ်လ ၂၂ ရက်နံနက် ၉ နာရီခန့်တွင် ဘင်ဆဖန်ရေး(Bang Saphan Yai) ဘူတာသို့ရောက်ရှိရာ နံနက်စာနှင့်  နေ့လယ်စာအတွက်ပါ ထမင်းများတောင်းယူရာ ဂျပန်စစ်သားက မပေးလိုသဖြင့် စကားများရပါသေးသည်။

ဆက်လက်ဖော်ပြပါမည်။