ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၃ ဦးတွေ့ရှိ

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၇၃ ဦးတွေ့ရှိ

နေပြည်တော် နိုဝင်ဘာလ ၈

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင် ရွက်လျက်ရှိသည်။

 ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၇-၁၁-၂၀၂၂ ရက်   ည ၈ နာရီမှ ၈-၁၁-၂၀၂၂ ရက်   ည  ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀၀၄၈ ခုအား စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်   ၇၃   ဦး  တွေ့ရှိရသဖြင့်  ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ  သုည  ဒသမ  ၇၃  ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၉၄၈၄၇၉၃ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၃၂၃၉၁ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၆၂ ဦးရှိသဖြင့်    ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ  စုစုပေါင်း ၆၀၆၆၂၁ ဦးရှိပြီဖြစ်သည်။   ယနေ့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတစ်ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၈၆ ဦးရှိသည်။

မြန်မာနိုင်ငံတွင် ၂၈-၁-၂၀၂၂ ရက်မှ ၁၅-၁၀-၂၀၂၂ ရက်အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားရှိမှုအခြေအနေများကို ဆန်းစစ် ချက်အရ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူစုစု ပေါင်း၏ ၉၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း၏ ၈၀ ဒသမ ၉ ရာခိုင်နှုန်းတို့မှာ ကာကွယ် ဆေးလုံးဝထိုးနှံထားခြင်း မရှိသူများနှင့် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း  တွေ့ရှိရသည်။

နိုင်ငံတကာသုတေသနတွေ့ရှိချက်များ အရလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ် ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချ နိုင်ကြောင်းကို  တွေ့ရှိရသည်။

သို့ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူ များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အား  မဖြစ်မနေထိုးနှံထားရှိရန် လိုအပ်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၅ နှစ်နှင့်အထက် ပြည်သူများအားလုံးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးလျက်ရှိသည့်အပြင် အသက် ၁၂ နှစ် မှ ၁၈ နှစ်အတွင်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ခြောက်လနှင့်အထက်ရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များအခမဲ့ထိုးနှံပေးလျက်ရှိရာ ပြည်သူများ အနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနများ၊  ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

ကိုဗစ်-၁၉ ရောဂါဆိုင်ရာသတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။