ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၆၀)

ချန်ဖန် (Champhon) ဘူတာသို့ ၉ နာရီရောက်ရှိမှ ညစာစားရပါသည်။ ရထားသည် တောင်ဘက်သို့ မောင်းနှင်လျက်ရှိရာ ချန်ဖန်ကျော်လျှင် အနောက်ဘက်တွင် မြန်မာပြည်တောင်ဘက် အစွန်ဆုံးဖြစ်သော ဝိတိုရိယအငူ (Victoria Point) ကို ကျော်လွန်ပေတော့မည်။ ကော့သောင်းတစ်ဖက်ကမ်းမှ ရနောင်းဆိုသော နေရာကိုတော့မတွေ့ခဲ့ပါ။ “မြန်မာပြည်ကို ပြန်ချင်ရင် ဒီနေရာကဆင်းပြီး တောတွေတောင်တွေကျော်လိုက်ရင် သိပ်မဝေးသေးဘူးကွ၊ ပြန်ချင်တဲ့ကောင်တွေ ဆင်းသွားကြ” ဟု ရဲဘော်တစ်ယောက်က နောက်ပြောင်လိုက်ရာ အခြားရဲဘော်များက “သေခြင်းဆိုး၊ နင်ပဲဒီအကြံရတယ်၊ နင်တစ်ယောက်တည်း သွားပေတော့” ဟု ထိုရဲဘော်ကို ရထားပေါ်မှတွင်းချမည့်ဟန်ဖြင့် ပြန်လည်နောက်ပြောင်လိုက်ကြပြီး အားလုံးပျော်ရွှင်စွာ ရယ်မော လိုက်ကြပါတော့သည်။

မတ်လ ၂၃ ရက်တွင် ယိုးဒယား (ထိုင်း)-မလေးရှား နယ်နိမိတ်ကို ဖြတ်ကျော်သည်။ ရထားသည် ပင်လယ်ကမ်းခြေတွင် မောင်းသည့် အခါ မောင်းသည်၊ တောင်ကိုပတ်၍တက်သည့်အခါတက်သည်။ ဥမင်လိုဏ်ခေါင်းများကိုလည်း ဝင်သည်။ ရော်ဘာတောများ၊  အုန်းပင်များ၊ စွန်ပလွံတောများ အတွင်းတွင်လည်း မောင်းသည်။ ကျွန်းဆွယ်၏ အရှေ့ဘက်မှ အနောက်ဘက်သို့လည်းကောင်း၊ အနောက်ဘက်မှ အရှေ့ဘက်သို့လည်းကောင်း တောတောင်များကိုဖြတ်၍ မောင်းနှင်လျက်ရှိရာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

မတ်လ ၂၄ ရက်တွင် “အီပိုဘူတာသို့ရောက်သည်။ အီပိုသည် ရထားလမ်းဆုံ(Junction) မြို့ကြီးဖြစ်ပါသည်။ မတ်လ၂၅ ရက်၊ နေ့လယ်နှစ်နာရီခန့်တွင် ဂေးမတ်စ်ဘူတာသို့ရောက်ပြီး ဆက်လက်မောင်းနှင်ခဲ့ရာ ထိုနေ့ည ၈ နာရီခန့်တွင် ဂျူးဟိုးဘားရုသို့ ရောက်ရှိခဲ့ပါသည်။ ဂျူးဟိုးဘားရုမှ ရှောနန်ခေါ် စင်ကာပူသို့ ပင်လယ်ကိုဖြတ်ကူးထားသော တံတားပေါ်မှ မော်တော်ယာဉ်များဖြင့် ဖြတ်ကျော်ပြီးနောက် စင်ကာပူမြို့တွင်းသို့ ဝင်ရောက်သွားခဲ့ပါသည်။

စင်ကာပူတွင် မီနာမီဟေတန် ခေါ် စစ်တပ်တည်းခိုရေးစခန်း (Transit Camp)တွင် တည်းခိုကြရသည်။ မီနာမီဟေတန်သည် တောင်ကုန်းပေါ်တွင်ရှိသည်။ စစ်တန်းလျားများမှာ တိုက်အဆောက်အအုံများဖြစ်ပါသည်။ အိပ်ရာအိပ်ခင်းများ ပေးထားသည်။ ထမင်းတစ်နေ့သုံးကြိမ်ကျွေးသည်။ ထမင်းကို တန်းစီယူငင် စားသောက်ရသည်။ စခန်းအတွင်း စားသောက်ဆိုင်တစ်ဆိုင်ရှိသည်။ ခေါက်ဆွဲ၊ ထမင်းကြော်စသော အစားအသောက်များ၊ မုန့်အမျိုးမျိုး၊ အချိုရည်များ စသော စားဖွယ်သောက်ဖွယ်များကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသောက်နိုင်ပါသည်။ ဈေးတကယ်ချိုပါသည်။ ခေါက်ဆွဲ၊ ထမင်းကြော်တစ်ပွဲ ဂျပန်တစ်ဒေါ်လာ၊ အချိုရည် တစ်ပုလင်း ဆင့် ၅၀၊ ကော်ဖီအေးတစ်ခွက် ၂၅ ဆင့်ခန့်သာဖြစ်ပါသည်။

မီနာမီဟေတန်သည် မြန်မာပြည် အင်ဖာ-ကိုဟီးမားစစ်မျက်နှာသို့ သွားရောက်ရမည့် ဂျပန်စစ်သားများ၊ ဂျပန်ပြည်သို့ပြန်ရမည့် ဂျပန်စစ်သားများ ဖြတ်သွားဖြတ်လာရာတွင် ခေတ္တတည်းခိုရသော နေရာဖြစ်ပါသည်။ အမြင့်ဆုံးတောင်ကုန်းပေါ်ရှိ ထည်ဝါခံ့ညား လှပသော နှစ်ထပ်တိုက်ကြီးများဖြစ်သော်လည်း ကြမ်းပိုးအလွန်ကိုက်ပါသည်။

မီနာမီဟေတန်သို့ရောက်ပြီး နောက်တစ်နေ့တွင် ကျွန်တော်တို့ ဝတ်ဆင်လာသော စစ်ဝတ်စုံများ အားလုံးကို ပိုးသတ်ပေါင်းတင်ရန် ပေးအပ်လိုက်ရပါသည်။ ရဲဘော်များကို ကျန်းမာရေးဆေးစစ်ခြင်း အသေးစိတ်ပြုလုပ်ပါသည်။ ကာကွယ်ဆေးများကိုလည်း ထိုးနှံကြ ရပါသည်။ စင်ကာပူ မီနာမီဟေတန်တွင် သင်္ဘောစောင့်ရင်း ဧပြီလ ၆ ရက်အထိ နေရပါသည်။ ထိုရက်သတ္တပတ်ခန့် အချိန် အတွင်းရဲဘော်များ နားနားနေနေမနေကြရပါ။ ကျွန်တော်တို့ကို အုပ်ချုပ်လာသော ဆရာဗိုလ်ဟတသည် လေ့ကျင့်ရေး ဇယားများ ရေးဆွဲကာ သင်ခန်းစာများပို့ချခြင်း၊ လက်တွေ့လေ့လာခြင်းများ ပြုလုပ်ကြရပါသည်။

ဂျပန်တပ်များ မသိမ်းပိုက်မီက စင်ကာပူသည် ဗြိတိသျှတို့၏ ခိုင်မာတောင့်တင်းသော ခံတပ်စခန်းဖြစ်သည်။ ဗြိတိသျှတပ်များ နေရာယူထားခဲ့သော တောင်ကုန်းအားလုံးကို တက်ရောက်လေ့လာကြရသည်။ ဗြိတိသျှတပ်များက ရန်သူသည် စင်ကာပူကို ရေကြောင်းမှတိုက်ခိုက်မည်ဟု သုံးသပ်ခန့်မှန်းပြီး ရေကြောင်းလမ်းခံစစ်ကို အဓိကထားတည်ဆောက်ခဲ့သည်။ သို့သော် ဂျပန်တပ် များသည် ရေကြောင်းမှ ဟန်ပြသာပစ်ခတ်ခဲ့ပြီး ကြည်းကြောင်းမှ ချီတက်တိုက်ခိုက်ခဲ့သဖြင့် စင်ကာပူခံတပ်ကြီးကျဆုံးရသည်ဟု သိရပါသည်။ ဂျူးဟိုးဘားရုရှိ ဂျပန်ရေတပ် အမြှောက်ပစ်ခတ် ထိမှန်ပျက်စီးခဲ့သော နန်းတော် အဆောက်အအုံများကိုလည်း မပြုပြင်ဘဲ ထားခဲ့သည်ကို ကျွန်တော်တို့အား ပြသခဲ့ပါသည်။

စနေ၊ တနင်္ဂနွေနေ့များတွင် မြို့တွင်းသို့ သွားရောက်လည်ပတ်ခွင့်ရရှိပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၅ နှစ်ခန့်  ၁၉၄၄ခုနှစ်က စင်ကာပူကြီးသည် ရန်ကုန်မြို့ထက် အဆမတန် အလွန်ညစ်ပတ်လျက်ရှိပါသည်။ စစ်အတွင်းစီးပွားရေး လုပ်ကွက်များမရှိပါ။ ဝမ်းရေးအတွက် အမျိုးသမီးများ ကိုယ်နှင့်ရင်းနှီးကာ  စီးပွားရှာကြရသည်။ ဆပ်ပြာတစ်ခဲ၊ စီးကရက် တစ်ဘူးဖြင့် အလုပ်ဖြစ် နိုင်ပါသည်။ မြို့လယ်တွင် “ရီခုဂွန်းဗိုက်ကင်း” ခေါ်တပ်မတော်သားများသာ ဝယ်ယူနိုင်သော ကုန်ပဒေသာတိုက်ကြီးရှိသည်။ ကုန်တိုက်အပေါ်ထပ်တွင် ကုန်ပစ္စည်းများရောင်းချပြီး အောက်ထပ်တွင် စားသောက်ဆိုင်ရှိသည်။ အစားအသောက်များ ဈေးချိုလှ သည်။ ဘီယာတစ်လုံး ဆင့် ၅၀ သာဖြစ်ပါသည်။ ကျွန်တော်တို့ ရဲဘော်များ ရေခဲမုန့်၊ ကော်ဖီအေး သာသောက်ကြသည်။

၁၉၄၄ ခုနှစ် ဧပြီလ ၆ ရက်တွင် “ရော့ကိုယိုမာရု” သင်္ဘောပေါ်သို့တက်ကြရသည်။ ကျွန်တော်နှင့်အတူ ရဲဘော် ၁၀ယောက်က သင်္ဘောဆိပ်သို့ ပစ္စည်းများပို့ရန် တာဝန်ကျသည်။       

ဆက်လက်ဖော်ပြပါမည်။