မဲခေါင်-လန်ချန်း ရိုးရာ အကပွဲတော် ကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Traditional Dance Festival of Mekong – Lancang ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန လောကနတ်ခန်းမ၌ ကျင်းပရာ မဲခေါင်-လန်ချန်းရိုးရာ အကပွဲတော် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ် မတ်လမှာ မဲခေါင်- လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးကို တရုတ်နိုင်ငံ ဆန်းယမြို့မှာ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း(Sanya Declaration)ကို ကြေညာနိုင်ခဲ့ကြောင်း၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကိုတိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွား ရန်၊ အာဆီယံအသိုက်အဝန်း တည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation )ကို တိုးမြှင့် သွားရန်ဖြစ်ကြောင်း။
ပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြင့် ရိုးရာယဉ်ကျေးမှု ကြွယ်ဝသော မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများ၏ ဂုဏ်ယူစရာဖြစ်သည့် ယဉ်ကျေးမှုဆိုင်ရာ မတူညီမှုများ၊ ကွဲပြားမှုများကို သိရှိလေ့လာနိုင်ရန်၊ တိုင်းတစ်ပါး ယဉ်ကျေးမှုလွှမ်းမိုးလာခြင်း၊ နည်းပညာနှင့် ရုပ်ဝတ္ထုပစ္စည်းများ ဖွံ့ဖြိုးတိုးတက်မှုတို့ကြောင့် မဲခေါင်- လန်ချန်း ဒေသတွင်းနိုင်ငံများအ နေဖြင့် တူညီသော စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေကြရသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်၊ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် မဲခေါင်- လန်ချန်း ဒေသတွင်းရှိ အနုပညာရှင် လူငယ်များအကြား ပိုမိုချစ်ခင်ရင်းနှီးမှုများဖြင့် ဆောင်ရွက်နိုင်စေရန် စသည့်အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်မည့် Traditional Dance Festival of Mekong - Lancang ပွဲတော် ကျင်းပရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပွဲတော်ကျင်းပရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။ ထို့နောက် မဲခေါင်-လန်ချန်းရိုးရာ အကပွဲတော် ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
