ဘိုကလေး၊ လူမှုရေး
တိုင်းရင်းသားဘာသာစကားသင် ဆရာ ဆရာမများအား အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ဘိုကလေးပညာရေးဒီဂရီကောလိပ်ရှိ ပညာဂုဏ်ရည်ခန်းမ၌ နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီတွင် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ယခုဆွေးနွေးပွဲသို့ လာရောက်တက်ရောက်ကြသည့် ဆရာ၊ ဆရာမများသည် တိုးတက်ပြောင်းလဲလာသည့် ပညာရေးကိုမျက်ခြည်မပြတ်စေရေး အစဉ်လေ့လာသင်ယူရန် လိုအပ်ကြောင်း၊ မိမိတို့ကိုယ်တိုင်လည်း စာများများဖတ်ရှုပြီး မိမိတို့သင်ကြားပေးရမည့် တပည့်များကိုလည်း စာပေဖတ်ရှုရန် တိုက်တွန်းဖို့လိုအပ် ကြောင်း၊ တပည့်များအတွက် စံနမူနာထားရမည့် ဆရာ၊ ဆရာမများအဖြစ် သွားလာနေထိုင် ကျင့်ကြံကြရန် လိုအပ်ကြောင်း အဖွင့် အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏တပည့်များအား တိုင်းရင်းသားဘာသာစကားအပြင် မိမိတို့နိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာ ဘာသာစကားကိုလည်း သင်ကြားပေးရန် လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပွတ္တာမြို့နယ်တို့မှ ဆရာ၊ ဆရာမ ၁၅၀ ဦး တက်ရောက်ကြကြောင်းနှင့် ဆွေးနွေးပွဲအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးငွေကျပ် ငါးသိန်းပေးအပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘိုကလေးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးထံသို့ ပေးအပ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)
