ဝန်ထမ်းများ ပျော်ရွှင်အပန်းပြေစေရန် လှည့်လည်ဖျော်ဖြေတင်ဆက်

နေပြည်တော်  နိုဝင်ဘာ  ၈

ဝန်ထမ်းများ ပျော်ရွှင်အပန်းပြေစေရန် လှည့်လည်ဖျော်ဖြေတင်ဆက်

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများကို စိတ်လက်ပေါ့ပါးစွာ အပန်း ဖြေပျော်ရွှင်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်မှု တစ်ခုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့်အတူ နိုင်ငံကျော် တေးသံရှင် များ၊ မြန်မာ့အသံမှ တေးသံရှင်များက နေပြည် တော်ရှိ ဝန်ကြီးဌာနများသို့ လှည့်လည် ဖျော်ဖြေလျက်ရှိသည်။

အဆိုပါ ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ကျင်းပရာ ရှေးဦးစွာ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ၊  ဝန်ထမ်းမိသားစုဝင်များနှင့်အတူ  ပျော်ရွှင်စွာကြည့်ရှုအားပေးကြသည်။                               

ဖျော်ဖြေပွဲတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ မြန်မာ့အသံမှတေးသံရှင်များက မြန်မာသံစဉ် တေးသီချင်းများ၊ ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီးက ခေတ်ပေါ်တေးဂီတ အဖွဲ့နှင့် မြန်မာ့အသံမှ တေးသံရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား အဉ္ဇလီအငြိမ့်အဖွဲ့၏ အငြိမ့်ကပြမှုဖြင့်လည်းကောင်း၊ နိုင်ငံကျော်အဆိုတော် မြန်မာပြည် သိန်းတန်နှင့်အတူ မိုးယံဇွန်၊ ဝေလျှံတို့က တေးသီချင်းများဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

အဆိုပါ ဖျော်ဖြေရေးအစီအစဉ်ကို ကျန်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းအသီးသီးသို့လည်း ဆက်လက်သွားရောက်ပြီး ဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။

(၅၀၀)