နေပြည်တော် နိုဝင်ဘာ ၈
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်မြောက် အစည်း အဝေးကို နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ရှိ Hyett Regency Hotel ၌ ကျင်းပခဲ့သည်။
အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်များနှင့် အာဆီယံနိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ အဆိုပါအစည်းအဝေးသို့ အဆင့်မြင့်လုပ်ငန်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံ၏ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ် (Eminent Person) အဖြစ် ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
အစည်းအဝေးတွင် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်တွင် ထည့်သွင်းဖော်ပြမည့် အဓိကသွင်ပြင် လက္ခဏာများ ကိစ္စ၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ၏ တာဝန်ပေးအပ်ချက်အရ (၃၁)ကြိမ်မြောက် အာဆီယံပူးပေါင်း ညှိနှိုင်းရေး ကောင်စီအစည်းအဝေး၏ အတည်ပြုချက်ရယူပြီး အကြိမ်(၄၀)မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့တင်ပြမည့် အာဆီယံ၏ စွမ်းဆောင်ရည်နှင့် အဖွဲ့အစည်း၏ ထိရောက်မှုစွမ်းရည် မြှင့်တင်ရေးဆိုင်ရာ အကြံပြုချက်(မူကြမ်း)များကိစ္စ၊ ဒေသတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်တွေ့ဆုံ ဆွေးနွေးရေးဆိုင်ရာ နည်းလမ်းများကိစ္စ၊ အာဆီယံပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပူးပေါင်းညှိနှိုင်းရေး အစည်းအဝေးသို့ တင်ပြမည့် အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အစီရင်ခံစာ(မူကြမ်း) ကိစ္စ စသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရန် အဆင့်မြင့်လုပ်ငန်း အဖွဲ့ ဖွဲ့စည်းရေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင်ကျင်းပခဲ့သည့် (၃၈) ကြိမ်မြောက်နှင့် (၃၉)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့ကြသည်။ အဆိုပါ အဆင့်မြင့်လုပ်ငန်းအဖွဲ့ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ထင်ပေါ်ကျော် ကြားပုဂ္ဂိုလ်များနှင့်အဆင့်မြင့်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည်။
(သတင်းစဉ်)
