နေပြည်တော် နိုဝင်ဘာ ၈
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်းသား၊ သင်တန်းသူ ၆၀၇၇ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေး
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှု ပညာသင်တန်းကျောင်း (ဘားအံ၊ လပွတ္တာနှင့် ကျောက်ဖြူ)၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းများနှင့်အောင်ပန်း၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲများအား ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သင်တန်း ကျောင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်၊ ကျောက်ဖြူမြို့ သင်တန်း ကျောင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစံတို့ အသီးသီးတက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ဘားအံ၊ လပွတ္တာနှင့်ကျောက်ဖြူ သင်တန်းကျောင်း သုံးကျောင်းတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လက်ကိုင်ဖုန်းပြင်သင်တန်းတို့တွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၆၀ ဦးဖြင့် သင်တန်းကာလရက်သတ္တ ၂၂ ပတ်နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းတွင် အိပ်ခန်းဆောင်သင်တန်းသား ၂၀ ဦး၊ အစားအစာနှင့်အဖျော်ယမကာဝန်ဆောင်မှု သင်တန်းသား ၂၀ ဦး ပေါင်း ၄၀ ဦးတို့ဖြင့် စာတွေ့ရက်သတ္တ ၁၄ ပတ်နှင့် ဟိုတယ်များတွင် လုပ်ငန်းခွင်သင်တန်း (On Job Training-OJT) ကာလ သုံးလကြာ သင်ကြားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေးနှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၆၀၇၇ ဦးနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၅၀ ဦးအား သင်ကြား လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သတင်းရရှိသည်။
(၅၀၀)
