နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး

နေပြည်တော်  နိုဝင်ဘာ  ၉

    နိုင်ငံတော်၏ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ   အတွင်းရေးမှူး  ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့်  မွန်ပြည်သစ်ပါတီ(NMSP)  ဒုတိယဥက္ကဋ္ဌနိုင်အောင်မင်း၊  တွဲဖက်အထွေထွေ အတွင်းရေးမှူး   နိုင်ဝင်းလှ၊ ဗဟိုအလုပ် အမှုဆောင်  ကော်မတီဝင် နိုင်ဗညားလယ်တို့ တက်ရောက်ကြသည်။

    တွေ့ဆုံဆွေးနွေးပွဲတွင်  နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က   နှုတ်ခွန်းဆက် အမှာစကားများ ပြောကြားကြသည်။   ထို့နောက်  ယခင် ဒုတိယအကြိမ် ဆွေးနွေးခဲ့စဉ်က မပြီးပြတ်ဘဲ ဆက်လက်ဆွေးနွေး ညှိနှိုင်းရန်   ကျန်ရှိနေသည့်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ဇယား ၁ ပြည်ထောင်စုဥပဒေပြု စာရင်းနှင့်   ဇယား  ၂  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းတို့နှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၁)၊ (၂) နှင့် (၃)တို့ပါ သဘောတူညီချက်များအား ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှု ရှိ/မရှိ လေ့လာစိစစ်ချက်များနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးပွဲ တက်ရောက်လာကြသူများက  မိမိတို့၏ သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး  တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။  

ဒုတိယနေ့ ဆွေးနွေးပွဲကို  နိုဝင်ဘာ  ၁၀  ရက်တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။