ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၆၁)

သင်္ဘောဆိပ်သို့ပစ္စည်းများပို့ပြီးနောက် ကျွန်တော်တို့နှင့်အတူပါလာသော အကူတပ်ကြပ်ကြီး မအေးဆာဝါက ကျွန်တော်နှင့်  ကိုသန့်ဇင်၊ ကိုခင်စိုးတို့ကိုခေါ်၍ မြို့တွင်းသို့သွားကြရသည်။  မြို့တွင်းဆိုင်တစ်ဆိုင်တွင် ကျွန်တော်တို့ခွဲတမ်း(Ration) ရထားသော စီးကရက်ဘူး ၁၅၀ ကို သကြားနှင့် လဲလှယ်ကြရသည်။

ကျွန်တော်နှင့် သကြားအိတ်များကို ဆိုင်ရှေ့တွင်ထားခဲ့ပြီး တပ်ကြပ်ကြီး မအေးဆာဝါ၊ ကိုသန့်ဇင်နှင့် ကိုခင်စိုးတို့ မြို့တွင်းသွားဦး မည်ဟုပြောကာ ထွက်သွားကြသဖြင့် ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့ပါသည်။ ကျွန်တော့်တွင် ပိုက်ဆံမရှိ၊ သကြားအိတ်များ ကို သင်္ဘောဆိပ်သို့ မည်သို့သယ်သွားရမည်မသိ၊ အကြံအိုက်နေစဉ် ဆရာဗိုလ်ဟတ လန်ချားနှင့် ရောက်လာပါသည်။    ဗိုလ်ဟတက ကျွန်တော့်ကို ငါးဒေါ်လာပေးသဖြင့် ကားငှားပြီး သင်္ဘောဆိပ်သို့ အချိန်မီသွားရောက်နိုင်ခဲ့ပါသည်။

သင်္ဘောပေါ်သို့ပစ္စည်းများစစ်ဆေးပြီးမှ တက်ရောက်ရပါသည်။ “ရော့ကိုယိုမာရု” သင်္ဘောပေါ်တွင်ခရီးသည်များ စုံစုံလင်လင် ရောက်ရှိ နေကြပါပြီ။ ဂျပန်စစ်သားများ၊ ဂျပန်မများနှင့် ကလေးများ စုစုပေါင်း ၂၀၀ ခန့်ရှိပါသည်။ သင်္ဘောတာဝန်ခံအဖြစ် သုံးလိုင်း-နှစ်ပွင့်    ဂျပန်ဗိုလ်ကြီး တစ်ယောက်က တာဝန်ယူပြီး ကျွန်တော်တို့ဆရာ ဗိုလ်ဟတက ဒုတိယတာဝန်ခံဖြစ်ပါသည်။

ကျွန်တော်တို့ ဗိုလ်လောင်း ၃၀ သည်သင်္ဘောဝမ်းဗိုက်တွင်ရှိသော အခန်းသုံးခန်းတွင် အခန်းတစ်ခန်း ၁၀ ယောက်စီနေကြရသည်။ အခန်းမှာကျဉ်းပြီး မှောင်နေပါသည်။ လူ ၁၀ ယောက် ကျပ်ကျပ်တည်းတည်း နေကြရပါသည်။ သို့သော် ဗိုလ်လောင်းများရသော အခန်းမှာ အခြားခရီးသည်များထက် အကောင်းဆုံးဖြစ်ပါသည်။ လေဝင်ပေါက်အဝိုင်းနှစ်ပေါက်ရှိသည်။ လေဝင်ပေါက်မှ လေဝင် အောင်ကတော့ဖြင့်ထိုးထားရသည်။ ကတော့ကို   လေလာမည့်ဘက်သို့ လှည့်ထားရသည်။ သင်္ဘောမထွက်သေးသဖြင့် လေမဝင်ပါ။ ကုန်းပတ်အပေါ်တက်လိုက်သောအခါမှ ပတ်ဝန်းကျင်၏ အေးမြသာယာမှုကို မြင်တွေ့ခံစားရပါသည်။ ညရောက်လာပြီဖြစ်၍ လသာနေသည်။ လေအေးကလေး တဖြူးဖြူးတိုက်နေသည်။ ရေလယ်ရှိသင်္ဘောများမှထွန်းထားသော လျှပ်စစ်မီးရောင်များသည် ကြည်လင်သော ပင်လယ်ရေပြင်တွင်  တဖျပ်ဖျပ်အရောင်လက်လျက်ရှိနေသည်မှာ ကြည့်၍ကောင်းလှပါသည်။

ညစာကို သင်္ဘောပေါ်တွင်ကျွေးသည်။ ဟင်းဟူ၍ မည်မည်ရရမပါပါ။ ထမင်းနှင့်မုန်လာချဉ်ဖတ်သာ ဖြစ်ပါသည်။ တပ်စုတပ်ကြပ်ကြီး မအေးဆာဝါ စင်ကာပူဈေးမှဝယ်လာသော ခရမ်းချဉ်သီးဆော့စ်ကို ထမင်းပေါ်ဆမ်းစားရသည်။ နောက်နေ့များတွင်လည်း ကျွေးသော ဟင်းများ  ညံ့လှသည်။

ရွှေဖရုံသီးကို နေ့စဉ်လိုလိုစားရသဖြင့် သင်္ဘောနာမည်ကို “ရော့ကိုယိုမာရု” အစား “ခါဘောချန်မာရု”(ရွှေဖရုံသီးသင်္ဘော)ဟု သင်္ဘောစီးခရီးသည်အားလုံးက တညီတညွတ်တည်း အမည်ပြောင်းခေါ်ဝေါ်လိုက်ကြပါသည်။ သင်္ဘောပေါ်တွင် ရေချိုကို တစ်နေ့ အတွက် အကန့်အသတ်ဖြင့်ပေးထားသည်။ ရေချိုး၊ မျက်နှာသစ်၊ ပန်းကန်ခွက်ယောက် ဆေးကြောရာတွင် ရေချိုကို ချွေချွေတာ တာသုံးစွဲရသည်။ တစ်နေ့အတွက် ခွဲတမ်းဖြင့်ပေးသောရေချိုကုန်လျှင် ပင်လယ်ရေကိုသာ ချိုးရ၊ သုံးကြရသည်။ ရေချိုးခန်း၊ အိမ်သာများတွင် မျက်နှာသစ်ချိန် တန်းစီရသည်မှာ အလုပ်ကြီးတစ်လုပ်ဖြစ်ပါသည်။ ဤသို့တန်းစီချိန်တွင် ဂျပန်စစ်သားများနှင့် မကြာခဏ စကားများ ရန်ဖြစ်ကြရတတ်သည်။ တစ်ခါက ကိုအေးနှင့် ဂျပန်စစ်သားတစ်ယောက် အကြီးအကျယ်ရန်ဖြစ်ကြသည်။ ဂျပန်စစ်သားက “ခူးရား၊ ဘားဂါး၊ ဂွန်နဲရိုး”စသည်ဖြင့် ဆဲသည်။ ကိုအေးကလည်း နစ်နစ်နာနာအဖြစ် ဆုံးစကားလုံးကို ရွေးချယ်၍ ပြန်ဆဲသည်။ သို့သော်ကိုအေးဆဲလိုက်သော စကားလုံးမှာ ဂျပန်တို့ဆဲလေ့ဆဲထမရှိ၊ ဂျပန်လူမျိုးတို့အတွက် မနစ်နာသည့်အပြင် အံ့သြ၍ပင် နေပါသေးသည်။ ကျွန်တော်တို့ မြန်မာရဲဘော်များအတွက်လည်း ရယ်စရာပင်ဖြစ်နေပါတော့သည်။

စင်ကာပူမှ ဂျပန်ပြည်၊ မိုးဂျီဆိပ်ကမ်းသို့ ရောက်သည်အထိ မြန်မာဗိုလ်လောင်းသုံးကျိပ်တပ်ဖွဲ့သည် နေ့စဉ်နံနက်တွင်တစ်ကြိမ်၊ ညနေတွင် တစ်ကြိမ်တန်းစီခြင်း၊ နိုင်ငံတော်အားအလေးပြုခြင်း၊ သစ္စာငါးချက်ကိုဆိုခြင်းများ မပျက်မကွက်ပြုလုပ်ကြပါသည်။ သင်္ဘောပေါ်သို့ရောက်ပြီး နောက်နေ့ အိပ်ရာမှထလျှင်ထချင်း တန်းစီပြီး နိုင်ငံတော်အားအလေးပြုခြင်း၊ မိဘရပ်ထံသို့ ရည်မှန်း အလေးပြုခြင်း၊ သစ္စာဆိုခြင်းများပြုလုပ်ရာ သင်္ဘောပေါ်ရှိ ဂျပန်စစ်သားများနှင့် မိန်းကလေးများပါ မကျန်တအံ့တသြ ကြည့်ရှု နေကြသည်။ ဤသို့ပြုလုပ်ခြင်းကို ဂျပန်စစ်သားများက လေးစားကြသည်။ ညီညာခြင်း၊ တက်ကြွခြင်းတို့ကို ခရီးသည်များက ချီးကျူးကြသည်။ နံနက်တန်းစီပြီး တန်းဖြုတ်သောအခါ ဗိုလ်လောင်းများ သန့်ရှင်းရေးလုပ်ကြသည်။ ကုန်းပတ်ပေါ် အမှိုက် လှည်းခြင်း၊ ပင်လယ်ရေကိုခပ်၍ ရေဆေးခြင်း၊ အိမ်သာ၊ ရေချိုးခန်းများ တိုက်ချွတ်ရေဆေးခြင်းများ ပြုလုပ်ကြသည်။ ပထမတွင် ဂျပန်စစ်သားများက  မသိမသာကြည့်နေကြသော်လည်း နောက်ပိုင်းတွင် မနေသာတော့ဘဲ ပါဝင်လုပ်အားပေးလာကြပါသည်။

ဗိုလ်လောင်းများ သန့်ရှင်းရေးလုပ်ပြီးသောအခါ ရေချိုးခန်း၊ အိမ်သာကို သင်္ဘောတာဝန်ခံများက သော့ခတ်ထားလိုက်ကြပါသည်။ ရေချိုနည်းနေ၍ ရေချိုမသုံးရန်ဖြစ်ပါသည်။  

ဆက်လက်ဖော်ပြပါမည်။