ငယ်ဘဝ

ယမန်နေ့မှအဆက်

ဟေး...လူရည်ချွန်ကြီး...

လူရည်ချွန်ကြီးနေပါဦး...

ခင်ဗျာ... လူရည်ချွန်ပဏာမစာရင်းမှာပါ တယ်...မသိဘူးလား

မသိဘူး...

ကိုမောင်မောင်နှင့် ကိုခင်အောင်က အဓိပတိဆောင်မှာ ကပ်ထားကြောင်း ပြော၍သွားကြည့်သည်။ ဟုတ်ပါသည်။ ဝိဇ္ဇာဘာသာတွဲမှ ခုံအမှတ်() များကို လူရည်ချွန်ပဏာမရွေးထားခြင်း ဖြစ်သည်။ ခုနစ်ဦးဖြစ်သည်။ ပြင်ဆင်ချိန် သုံးရက်သာရသည်။

မောင်ငြိမ်းချမ်း စာကြည့်တိုက်သို့ပြေးရပြီ။  လူရည်ချွန်နှင့်ဆိုင်ရာသိသင့်သည်တို့ကို ကြည့်ရသည်။

စာမေးပွဲအတွက်လည်း စာကြည့်ရသည်။ စာမေးပွဲကလည်း နီးနေပြီ။

လူရည်ချွန်အင်တာဗျူးကို တက္ကသိုလ်ပါမောက္ခချုပ်ရုံးခန်းမှာ သွားဖြေရသည်။ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ အဆောင်မှူးများနှင့် အားကစားမှူးများ ပါဝင်သည်။

မောင်ငြိမ်းချမ်း ကောင်းစွာ ဖြေနိုင်ပါသည်။ တက္ကသိုလ်ဘော်လီဘော လက်ရွေးစင်ဖြစ်၍ အားကစားအမှတ်ကလည်း ၁၀ မှတ်အပြည့်ရသည်။ နောက် နှစ်ရက်တွင် အဓိပတိအဆောင်မှာ အရွေးခံရသူများ၏ အမည်စာရင်းကပ်ထားသည်။ ပထမနှစ်မှ စတုတ္ထနှစ်အထိ တစ်တန်းလျှင် တစ်ဦး၊ ဝိဇ္ဇာဘာသာတွဲမှ လေးဦး၊ သိပ္ပံဘာသာတွဲမှ   လေးဦး၊    ရှစ်ဦးအရွေးခံရသည့် အထဲမှာ မောင်ငြိမ်းချမ်း ပါဝင်ပါသည်။ တက္ကသိုလ်လူရည်ချွန် အရွေးခံရပြီဖြစ်ပါ၏။

သြော်...

မောင်ငြိမ်းချမ်း စဉ်းစားမိပါသည်။

ပဥ္စမတန်းမှစ၍ လပတ်အစမ်းစာမေးပွဲများ ဖြေခဲ့ရာမှာ တစ်ခါမျှမအောင်ခဲ့။ လူ ၆၀ ရှိသောအတန်းတွင် အဆင့် ၄၀ နောက်မှာရှိခဲ့သည်။  သိမ်ငယ်စိတ်အားငယ်စိတ်များနှင့် မိမိကိုယ်ကို ညံ့သည်ထင်ပြီး ညံ့နေခဲ့ပါ၏။ ပထမ၊ ဒုတိယဆိုသည်ကို စိတ်ပင်မကူးခဲ့။

မရသည်မှာ ဘာမျှအံ့သြစရာမရှိ။

သူငယ်ချင်း ကိုသောင်းတင်ပေးသော ပီမိုးနင်း၏ စာအုပ်တစ်ထပ်ကို ဖတ်ပြီးသောအခါ သိမ်ငယ်စိတ်များကို အောင်စိတ်ဖြင့်အစားထိုးခဲ့သည်။ တံခါးတို့ကို ခေါက်ပါ။ ခေါက်သောသူတို့အတွက် တံခါးတို့သည် ပွင့်လိမ့်မည်ဟုဆို၏။ မောင်ငြိမ်းချမ်း ပို၍ခိုင်မာစွာယုံကြည်မိပါ၏။

အောင်မြင်ခြင်း တံခါးများကို ရိုးရိုးသားသား ကြိုးကြိုးစားစား ဆက်၍ခေါက်နေရမည်ဟု နားလည်လိုက်ပါသည်။

တိုက်တိုက်ဆိုင်ဆိုင် ဆုံစည်းခြင်း လူရည်ချွန်အရွေးခံရသူများ နောက်တစ်နေ့ မနက် ၉ နာရီမှာ မော်ကွန်းထိန်းရုံးခန်းသို့ ဓာတ်ပုံ ခြောက်ပုံပေးပို့ရမည်မို့ ညနေတွင် မောင်ငြိမ်းချမ်းအမြန် ဓာတ်ပုံဆိုင်သို့သွားသည်။

မန္တလေးတက္ကသိုလ် အဓိပတိဆောင်ကြီး၏ အလယ်ဝင်ပေါက်မှဖြတ်၍ အဓိပတိ လမ်းမကြီးဆီသို့ လျှောက်လာခဲ့သည်။

လမ်းမကြီးပေါ်သို့ ရောက်သည်နှင့် ရွှေမန်းဆောင်ရှေ့ တမာတန်းလမ်းလေးအတိုင်း လျှောက်လာနေသော သူငယ်ချင်း ကိုသောင်းတင်ကို တွေ့ရသည်။

သူငယ်ချင်း ဘယ်သွားမလို့လဲ...

မောင်ငြိမ်းချမ်းက မေးလိုက်သည်။

မင်းကရော ဘယ်သွားမလို့လဲ

သူကမဖြေဘဲ တူညီစွာပြန်မေးသည်။

ရှေ့နားတင်ပါ...

မောင်ငြိမ်းချမ်းက ဖြေသည်။

ငါလည်း ရှေ့နားတင်ပါ...

နှစ်ယောက်အတူလျှောက်လာခဲ့ကြသည်။ စကားမပြောဖြစ်ကြ။ အတော်လေးလျှောက်မိတော့ ရေနီးမြောင်းကို ရောက်လာသည်။

မင်းဘယ်အထိ သွားမှာလဲ...

ကိုသောင်းတင်ကမေးသည်။

ရှေ့နားက ဓာတ်ပုံဆိုင်...မင်းရော ဘယ်အထိသွားမှာလဲ...

ငါလည်း ရှေ့နားကဓာတ်ပုံဆိုင်...ဘာလုပ်မလို့လဲ...

မောင်ငြိမ်းချမ်းက ထပ်မေးသည်။

ငါလူရည်ချွန်အရွေးခံရလို့ အမြန်ဓာတ်ပုံသွားရိုက်မှာ မင်းရောဘာလုပ်မလို့ ဓာတ်ပုံရိုက်မှာလဲ...

ငါလည်း အတူတူပဲ လူရည်ချွန်အရွေးခံရလို့ ဓာတ်ပုံရိုက်မှာ...

ဟာကွာ...

နှစ်ယောက်သား ဝမ်းသာပျော်ရွှင်ဖြစ်သွားကြသည်။

သူမရဘဲ ကိုယ်ရလျှင် ကြွားမိသလိုဖြစ်မှာစိုး၍ ထိန်းထိန်းသိမ်းသိမ်းပြောရင်း အပြန်အလှန်မေးနေကြခြင်းဖြစ်၏။ ကိုသောင်းတင် စိုက်ပျိုးရေးတက္ကသိုလ်မှ အရွေးခံရခြင်းဖြစ်သည်။ ထိုအချိန်က စိုက်ပျိုးရေးတက္ကသိုလ်သည် မန္တလေးတက္ကသိုလ်နှင့် နီးကပ်စွာ အတူတကွ ယှဉ်တွဲလျက်ရှိနေ၏။

နှစ်ယောက်စလုံး လူရည်ချွန် အရွေးခံရကြောင်းသိမှ ဓာတ်ပုံအတူရိုက်ပြီး ပြန်လာခဲ့ကြသည်။

အံ့သြစရာ ပုံပြင်ဆန်စွာ ဆုံမိကြသော သူငယ်ချင်းနှစ်ယောက်အဖြစ်။

လူရည်ချွန် ဂုဏ်ပြုပွဲ

မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ လူရည်ချွန်အရွေးခံရသူများကို အားကစားရုံတွင် ဂုဏ်ပြုပွဲကျင်းပ၏။

ပါမောက္ခချုပ်မှစ၍ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ လူရည်ချွန်များနှင့် လူရည်ချွန်တို့၏ မိဘများတက်ရောက်ကြသည်။ မောင်ငြိမ်းချမ်းမှာ မိဘအစား အဖေကြီးကလည်း ကွယ်လွန်သွားပြီ။ ဦးလေးကိုပင် မိဘအဖြစ် ဖိတ်ကြားရ၏။ ဦးလေးရောက်လာပြီး ဂုဏ်ပြုပွဲတက်ပါသည်။

အိမ်ထောင်မပြုဘဲ မောင်ငြိမ်းချမ်းတို့ မောင်နှမသုံးယောက်ကို လယ်ယာလုပ်ငန်း လုပ်ကိုင်ကျွေးမွေးသော ဦးလေးသည် ကျေးဇူးရှင် အဖေပင်ဖြစ်ပါ၏။

ဦးလေးကိုဖခင်နေရာမှ တက်ရောက်ခွင့်ရသည့်အတွက် မောင်ငြိမ်းချမ်းဝမ်းသာပါသည်။

ထိုနေ့က   ဂုဏ်ပြုခံလူရည်ချွန်များ ကိုယ်စား မောင်ငြိမ်းချမ်းက ကျေးဇူးတင်စကားပြောရသည်။

ဂုဏ်ပြုပွဲပြီးသည်နှင့် ကိုထူးနှင့်မမသိန်းတို့က မောင်ငြိမ်းချမ်းကို ညစာစားပွဲဖြင့်ဂုဏ်ပြု၏။ မန္တလေးမြို့ထဲမှာ နာမည်ကြီး ဖြစ်သော ပါကားဆိုင်မှာ ကျွေးခြင်းဖြစ်သည်။ ဦးလေးပါတက်ရောက်ရသည်။

ကိုထူးနှင့်မမသိန်းတို့ကို ကျေးဇူးတင်မိပါသည်။

သူတို့ကလည်း မောင်ငြိမ်းချမ်းနှင့်အတူ ဂုဏ်ယူပျော်ရွှင်နေကြပါ၏။

ညစာစားပြီး၍ ကုန်ကျစရိတ် ရှင်းသောအခါ တစ်ရာကျော်ဖြစ်ပါသည်။ မောင်ငြိမ်းချမ်း တစ်လစာသုံးနိုင်သော ငွေမှာ ညစာတစ်ပွဲနှင့် ကုန်သွား၍ မောင်ငြိမ်းချမ်း နှမြောနေမိသည်။

ထိုနေ့က မောင်ငြိမ်းချမ်း အဖေကြီးကို အမှတ်တရဖြစ်၍ လွမ်းလွမ်းဆွေးဆွေး ခံစားရသည်။ အဖေကြီးခမျာ မောင်ငြိမ်းချမ်း ဆယ်တန်းအောင်သည်ပင် သိမသွားခဲ့ရပါ။

ပညာသင်ထောက်ပံ့ကြေး

လူရည်ချွန်အရွေးခံရပြီး တစ်ပတ်ခန့်အကြာမှာ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားသူများ လူတွေ့စစ်ဆေးခံရန် တက္ကသိုလ်ကြော်ငြာဘုတ်မှာ ကပ်ထားသည်။ မောင်ငြိမ်းချမ်းသွားကြည့်သည်။ လူရည်ချွန်အရွေးခံရသော စာရင်းကို သွားကြည့်ရသည်ထက်ပို၍ စိတ်လှုပ်ရှားမိ၏။ ဤကိစ္စမှာ မိမိ၏ ပညာသင်ကြားရေးအတွက် အရေးကြီးသော အဆုံးအဖြတ်ဖြစ်သည်။

ပညာသင်ထောက်ပံ့ကြေးရမှ လေးနှစ်လုံးကျောင်းပြီးအောင် တက်နိုင်ရေးအတွက် စိတ်အေးရမည်။

သူငယ်ချင်းက တစ်လတစ်ရာ ထောက်နေရသည်မှာ များသည်။ ရေရှည်ဆိုလျှင် အခက်အခဲဖြစ်မှာ စိုးရသည်။ ယခုအချိန်အထိ သူငယ်ချင်းက လူပျိုလူလွတ်ဖြစ်သည်။ အိမ်ထောင်ကျလျှင် ဇနီးသည်၏ သဘောထားပါလာတော့မည်။ သားသမီးလည်းမဟုတ် ဆွေမျိုးရင်းချာလည်း မဟုတ်။ တာဝန်ယူရသည်က ကြီးလေးသည်။ မောင်ငြိမ်းချမ်းအားနာသည်။    ပညာသင်ထောက်ပံ့ကြေးသာရလျှင် သူငယ်ချင်းသက်သာမည်။

မောင်ငြိမ်းချမ်း စိတ်အေးချမ်းသာ ပညာသင်ကြားရမည်။

ကြော်ငြာသင်ပုန်းမှာ ကပ်ထားသော လူစာရင်းမှာ  ကိုယ့်နာမည်ကိုရှာရသည်။ ကျောက်ဆည်ခရိုင် ပညာရေးကြီးကြပ်မှု ကော်မတီ၏မူအရ မထောက်ခံပါဆိုသော မိမိ၏ ပညာသင်ထောက်ပံ့ကြေးလျှောက်လွှာသည် အပယ်ခံရဖို့များသည်။ အမည်စာရင်းမပါလျှင် ဖြေခွင့်မရ။ အရွေးခံရစရာလည်း အကြောင်းမရှိတော့ပါ။

အမည်စာရင်းများကို ဖတ်ရသည်မှာ စိတ်လှုပ်ရှားစရာ တစ်ရွက်ပြီးတစ်ရွက်သာကူးသွားသည်။ ကိုယ့်နာမည်မပါ။ စာရွက်တွေကုန်တော့မည်။ ကိုယ့်နာမည်က မတွေ့သေး။ နောက်ဆုံးတစ်ရွက်သာကျန်တော့သည်။

ဘုရား...ဘုရား...

စိုးရိမ်စိတ်ကြီးမားလာသည်။

ဟော...တွေ့ပြီ...

နောက်ဆုံးစာရွက်မှာ မောင်ငြိမ်းချမ်း၏ အမည်ကို တွေ့ရ၏။ မောင်ငြိမ်းချမ်းဝမ်းသာသွားသည်။ အမည်ပါလျှင် ဖြေခွင့်ရမည်။ ဖြေခွင့်ရလျှင် မျှော်လင့်ချက်ရှိသည်။ နောက်ဆုံးမှာ ဖြေရမည်ဖြစ်သည်။ ဖြေရမည်ကို မောင်ငြိမ်းချမ်း မှတ်ထားလိုက်သည်။

သတ်မှတ်ရက်တွင် မောင်ငြိမ်းချမ်းသွားဖြေသည်။

စိတ်လှုပ်ရှားစရာ။ လူရည်ချွန်လူတွေ့စစ်ဆေးပေးသော ပါမောက္ခချုပ်၏ ရုံးခန်းပင်ဖြစ်သည်။ လူရည်ချွန်ဖြေစဉ် ကတွေ့ရသော ပါမောက္ခများပါဝင်သည်။

ပါမောက္ခချုပ်၏ရှေ့တွင်  စာရွက်တစ်ရွက်ရှိ၏။

မောင်ငြိမ်းချမ်း  တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးသို့ ရေးသောစာဖြစ်သည်။ တက္ကသိုလ်များ အုပ်ချုပ်ရေးရုံးက မောင်ငြိမ်းချမ်း၏ ပညာသင် ထောက်ပံ့ကြေးလျှောက်လွှာနှင့်အတူ မောင်ငြိမ်းချမ်း စာကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ထံ ပေးပို့ခြင်းဖြစ်သည်။ ပါမောက္ခချုပ်က ထိုစာကိုဖတ်ကြည့်နေသည်။

                         ဆက်လက်ဖော်ပြပါမည်။

လယ်တွင်းသားစောချစ်