ယဉ်ကျေးမှု အမွေအနှစ်များအတွက် ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၉
ကမ္ဘာ့အမွေအနှစ်ဒေသ ယဉ်ကျေးမှု အမွေအနှစ်များအတွက် ဘေးအန္တရာယ် ကျရောက်ခြင်းနှင့် ဘေးအန္တရာယ် ကျရောက်ပြီးနောက် ပြန်လည်ထူထောင်ရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဂံရှေးဟောင်း သုတေသန ပြတိုက် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် မြန်မာနိုင်ငံမြေငလျင် အသင်းတို့မှ ပညာရှင်များ၊ ညောင်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ တာဝန်ခံများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ(ဒေသခံ) ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ပထမနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ စေတီပုထိုးများ အနက် ၃၈၉ ဆူ ထိခိုက်မှု ရှိခဲ့ပါကြောင်း၊ လေးနှစ် စီမံကိန်းရေးဆွဲ၍ ပညာရှင်များ၏ ကြီးကြပ်မှုဖြင့် ပြုပြင်ထိန်းသိမ်းခဲ့ရာ သဗ္ဗညုဘုရားကြီးမှ လွဲ၍ ကျန်ဘုရား ပုထိုး ၃၈၈ ဆူကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပထမအဆင့် ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ ယခု အချိန်အထိ ကြိုတင်ကာကွယ်ရေး လုပ်ငန်းအနေဖြင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ ထပ်မံတွေ့ရှိသည့် ဘုရား ၃၀ ဆူအနက် ပြုပြင်ပြီး ရှစ်ဆူ၊ ဆောင်ရွက်ဆဲ ကိုးဆူ၊ ဆောင်ရွက်ရန်ကျန် ၁၃ ဆူဖြစ်ပါကြောင်း၊ နယ်မြေအတွင်းရှိ ဧည့်လမ်းညွှန်အသင်းနှင့် ဒေသခံများ၏ ကွင်းဆင်းတွေ့ရှိမှု အရ ပြုပြင်ရန် လိုအပ်သည့် ရှေးဟောင်းအဆောက်အအုံ ၁၁၀ ကိုလည်း ကြိုတင်ပြုပြင်ထိန်းသိမ်းခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်သည် ယဉ်ကျေးမှု အမွေအနှစ်များကို အလွန်ထိခိုက် ပျက်စီးမှုကြီးမားစေသဖြင့် ယခုအလုပ်ရုံ ဆွေးနွေးပွဲမှ ထိရောက်သော ရလဒ်များ ဆွေးနွေး၍ ရေတို၊ ရေရှည်အစီအစဉ်များ ရေးဆွဲပြီး ကြိုတင်ကာကွယ်ခြင်း၊ ကုစားခြင်းများအတွက် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံရှေးဟောင်း သုတေသနပြတိုက် အစည်းအဝေးခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန လက်အောက်မှ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် သာသနာရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်မည့် တရုတ်ပညာရှင်အဖွဲ့၏ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းခွင်ကို လည်းကောင်း၊ ရွာဟောင်းကြီး ဘုရားအနီးနှင့် ပုဂံမျှော်ဘုရားအနီး လမ်းမပေါ်တွင် လုပ်ငန်းဆောင်ရွက်ရာသို့ လည်းကောင်း၊ ပုဂံညောင်ဦး မြို့ရှောင်လမ်းရှိ ဌာနပိုင်အိမ်ရာ တည်ဆောက်ရေး လုပ်ငန်းခွင်သို့ လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။