ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ် (၆၂)

နေ့ခင်းပိုင်းတွင် သင်္ဘောတာဝန်ခံ အရာရှိဗိုလ်ကြီး၏အမိန့်အရ  သင်္ဘောပေါ်ရှိ စစ်သည်အားလုံး၊ ခရီးသည်အားလုံးကုန်းပတ်ပေါ်တွင်   တန်းစီကြရသည်။ တာဝန်ခံအရာရှိက သင်္ဘောပေါ်တွင်နေထိုင်သွားလာ စားသောက်ရမည့် စည်းကမ်းများကို ပြောကြားသည်။ ရေချိုကို ချွေတာသုံးစွဲရန်၊ မိမိကိုသတ်မှတ်ပေးထားသောနေရာတွင် စည်းကမ်းတကျ နေထိုင်ကြရန်၊ သင်္ဘောကုန်းပတ်ပေါ် တွင်လူးလာဆန်ခတ် သွားလာမနေကြရန်၊ အထူးသဖြင့် အမျိုးသမီးများ အပြင်မထွက်ရ၊ အမျိုးသမီးများ ဟိုဟိုဒီဒီ လမ်းသလား နေကြ၍ ကင်းစောင့်ရဲဘော်များ ကင်းမစောင့်ဘဲ မိန်းမတွေကိုပဲ ကြည့်နေကြကြောင်း၊ ဆူညံခြင်းမပြုလုပ်ရ၊ ယောကျ်ားများ သီချင်းဆိုသံမှာ အခြားသူများကို အနှောင့်အယှက်မပေးသော်လည်း အမျိုးသမီးများ၏ စကားပြောသံနှင့် ရယ်သံများသည် စစ်သားများနှင့် ခရီးသည်များကို အနှောင့်အယှက်ပေးနေကြောင်း၊ အထူးသဖြင့် အမျိုးသမီးကလေးများ “ခိ” ခနဲရယ်သံမှာ မုန်းစရာ အလွန်ကောင်းကြောင်း၊ သင်္ဘောပေါ်ခုံဖိနပ်မစီးရ၊ အသံဖမ်းစက်ကို အနှောင့်အယှက်ပြုကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားသွားပါသည်။

သင်္ဘောတာဝန်ခံဗိုလ်ကြီးက သင်္ဘောပေါ်နေထိုင်ရမည့် စည်းကမ်းများကို ပြောကြားပြီးနောက် အရေးပေါ်အချိန်တွင် ဆောင်ရွက် ရမည့် အစီအစဉ်များကို အစမ်းလေ့ကျင့်ကြရပါသည်။ ရှေးဦးစွာ အသက်ကယ်ခေါင်းအုံး ဝတ်ဆင်နည်းကို ပြသည်။ လူတိုင်းလက် တွေ့ ဝတ်ဆင်ကြည့်ရသည်။ ၎င်းနောက် အဖွဲ့လိုက် အသက်ကယ်ခေါင်းအုံး ဝတ်ဆင်ပြီးစီးခြင်းကို ယှဉ်ပြိုင်ကြရသည်။ ယှဉ်ပြိုင်ပွဲကို သုံးကြိမ်ပြုလုပ်ရာ မြန်မာဗိုလ်လောင်းများအဖွဲ့က သုံးကြိမ်စလုံး အနိုင်ရရှိပါသည်။ မွန်းလွဲပိုင်းတွင် သင်္ဘောသည် စင်ကာပူ ဆိပ်ကမ်းမှခွာ၍ ပင်လယ်ဝတွင် ကျောက်ချရပ်ထားလိုက်ပါသည်။ မိုးဖွဲဖွဲရွာနေပါသည်။

ဧပြီလ ၈ ရက် နံနက်တွင် ဗိုလ်လောင်းများ စစ်ဝတ်စုံအပြည့်ဖြင့် တန်းစီကြရသည်။ သင်္ဘောပေါ်ရှိ ဂျပန်စစ်သားအားလုံး၊ ခရီးသည် အားလုံး တန်းစီကြရသည်။ ရော့ကိုယိုမာရု သင်္ဘောအတွက်လည်းကောင်း၊ သွားရမည့်ရေကြောင်း လမ်းခရီးအတွက်လည်းကောင်း  အန္တရာယ်ကင်းစေရန် ဆုတောင်းပွဲပြုလုပ်ဖို့ တန်းစီကြခြင်းဖြစ်ပါသည်။ ဆုတောင်းပွဲမှာ ဗုဒ္ဓဘာသာမြန်မာ ဘုန်းတော်ကြီးများ မပါသဖြင့် ပရိတ်တော်များရွတ်ဖတ်ခြင်း၊ ဂါထာတော်များ ရွတ်ဖတ်ခြင်းတို့မရှိသော်လည်း ဂျပန်လူမျိုးများသည်လည်း ဗုဒ္ဓဘာသာ ဝင်များဖြစ်ကြရာ လုပ်ပုံကိုင်ပုံများမှာ ခပ်ဆင်ဆင်တူနေပါသည်။

နေ့လယ် ၁၂ နာရီတွင် သင်္ဘောစတင်ထွက်ခွာပါသည်။ ရော့ကိုယိုမာရုသင်္ဘော တစ်စင်းတည်းတော့မဟုတ်ပါ။ အခြားသင်္ဘော ခုနစ်စင်းနှင့် ဂျပန်ရေတပ်မှ တိုက်ရေယာဉ်နှစ်စင်းတို့ ဖြစ်ပါသည်။ အခြားသင်္ဘောများမှာ ကုန်တင်သင်္ဘောနှင့် ဓာတ်ဆီသင်္ဘောများ ဖြစ်ကြပါသည်။ ရော့ကိုယိုမာရုသင်္ဘောသည် အလယ်တွင်ရှိပြီး ရှေ့-နောက်၊ ဝဲ-ယာတို့တွင် တိုက်သင်္ဘောနှင့်အခြားသင်္ဘောများ ရှိနေပါသည်။

ပင်လယ်ရေသည် စိမ်းရာမှ နက်ပြာရောင်သို့ ပြောင်းသွားသည်။ နက်ပြာရောင်ရေပြင်ကြီးကို သင်္ဘောကခွဲလိုက်၍ ဖြူဖွေးသော လှိုင်းလုံးကြီးများဘေးသို့ တလိပ်လိပ်ရှဲသွားသည်မှာ ကြည့်၍ကောင်းလှသည်။ ပင်လယ်ကိုမမြင်ဖူးသော ကျွန်တော်တို့ အညာသား များအဖို့ လှပသော ပင်လယ်ကြီးကိုကြည့်ကာ သာယာကြည်နူးမိပါသည်။

နှစ်နာရီခန့်ကြာသောအခါ ကမ်းကိုမမြင်ရတော့ပါ။ ရှေ့-နောက်၊ ဝဲ-ယာတို့တွင် အခြားသင်္ဘောနှင့် မိုးကုပ်စက်ဝိုင်းကိုသာ မျက်စိ တစ်ဆုံးမြင်နေရပါသည်။ ဧပြီလ ၉ ရက်တွင် မိုးအုံ့နေသော်လည်း ပတ်ဝန်းကျင်ပင်လယ်ပြင်မှာ   သာသာယာယာရှိပါသည်။ သို့သော် နံနက်ပိုင်းတွင် ကျွန်တော်တို့အနားမရပါ။ ဆရာဗိုလ်ဟတပို့ချသော စစ်သင်ခန်းစာများကို ကြားနာသင်ကြားနေရပါသည်။ မွန်းလွဲပိုင်း တွင်မှ အနားရသည်။ မွန်းလွဲပိုင်းအားလပ်ချိန်တွင် ကျွန်တော်၊ ကိုသောင်းနှင့် ကိုရဲနောင်တို့ သင်္ဘောဦးပိုင်းတွင် လက်ရန်းများကိုမှီကာ စကားပြောနေကြပါသည်။ ပင်လယ်ပြင်အတွင်း လူမနေနိုင်သော ကျွန်းငယ်ကလေးများကို ရံဖန်ရံခါတွေ့မြင်နေရသဖြင့် ကမ်းကို မမြင်ရသော်လည်း သိပ်ဝေးပုံမရပါ။

ကျွန်တော်တို့သုံးယောက် စကားပြောနေစဉ် မွန်းလွဲသုံးနာရီကျော်ခန့်တွင် ကျွန်တော်တို့ရပ်နေသည့်် အောက်တည့်တည့်၊ သင်္ဘော၏ ညာဘက်ဦးပိုင်းမှ ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပါသည်။ ကျွန်တော်တို့သင်္ဘော တော်ပီဒို၊ သို့မဟုတ် ရေမြှုပ်ဗုံး ထိမှန်ခြင်းဖြစ်ပါသည်။ ထိမှန်ပေါက်ကွဲမှုကြောင့် သင်္ဘောတစ်စင်းလုံး   သွက်သွက်ခါတုန်လှုပ်သွားပါသည်။

တုန်ခါမှုကြောင့် သင်္ဘောကိုယ်ထည်မှ ပဲ့ထွက်လာသော အစအနများ ကျွန်တော့်မျက်နှာကို သဲနှင့်ပက်လိုက်သည့်အလား စပ်ဖျဉ်း ဖျဉ်းခံစားရသည်။ ကျွန်တော်တို့ သုံးယောက်စလုံး ကြမ်းပြင်မှ တစ်ပေခန့်မြောက်တက်သွားကာ ဖင်ထိုင်လျက်ကျသွားကြပါသည်။   မီးခိုးလုံးကြီးကြောင့် ပတ်ဝန်းကျင်ကို မမြင်ရပါ။

ကျွန်တော်တို့ မျက်နှာနှင့် ကိုယ်ခန္ဓာများကို ဗုံးဆန်များ ထိမှန်ခြင်းမဟုတ်သဖြင့် ပြင်းထန်သောဒဏ်ရာများ မရရှိကြပါ။ ကျွန်တော်တို့ လဲကျနေရာမှ ရုတ်တရက်ထရပ်လိုက်ပြီး အခန်းဆီသို့ပြေးကြသည်။ စစ်ဝတ်စုံ အပြည့်အစုံဝတ်၊ အသယ်ကယ်ဘောများကို ဝတ်ဆင်ကာ ကုန်းပတ်ပေါ်တွင် တန်းစီကြသည်။ သင်္ဘောတာဝန်ခံအရာရှိက ခရီးသည်အားလုံးကို အခြေအနေရှင်းပြပြီး ညွှန်ကြား ချက်များ ပေးမည်ဖြစ်၍စောင့်ဆိုင်းနေကြရသည်။ သင်္ဘော၏ ညာဘက်ဦးပိုင်းသည် တစ်လုံးတည်းသော ရေမြှုပ်ဗုံးကို တိုးမိခြင်းဖြစ် သည်။ ဗုံးပေါက်ကွဲခြင်းကြောင့် သင်္ဘောဝမ်းဗိုက် လေးပေပတ်လည်ခန့်ပေါက်သွားသည်။ ဗုံးပေါက်ကွဲပြီးနောက် သင်္ဘောအင်ဂျင်စက် ရပ်သွားသည်။ စက်ရပ်သွားသဖြင့် သင်္ဘောသည်ရှေ့သို့ ဆက်မသွားတော့ဘဲ ဘယ်-ညာယိမ်းလျက်ရှိသည်။ ရေပြင်ပေါ်တွင် ချာချာ လည်နေသည်။

ဆက်လက်ဖော်ပြပါမည်။